ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်သူများကို တစ်နှစ်ထောက်ပံ့ရန် စီမံထားဟု သမ္မတပြော ပုံ-သမ္မတဦးဝင်းမြင့်(ပုံ-သမ္မတရုံး fb) ရန်ကုန်၊ မေ ၁ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသော အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင် ထားသော အလုပ်သမားများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး စီမံထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြော သည်။ အဆိုပါ အလုပ်သမားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့် နေ့မှ စ၍ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံကြောင်း ယနေ့ ကျရောက်သော အလုပ်သမားနေ့(မေလ ၁ ရက်-မေဒေးနေ့)တွင် ပြောသော မိန့်ခွန်းတွင် သမ္မတဦးဝင်းမြင့်က ပြောသည်။ သမ္မတဦးဝင်းမြင့်က “မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးနိုင်ရန် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ငွေကျပ် ၅၀ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေတွင် ထည့်သွင်း မတည်ထားပါသည်” ဟု ပြောသည်။