ကချင်ပြည်နယ်အစိုးရကို ဗမာနိုင်ငံရေးအင်အားစုတွေမပါဘဲ ဖွဲ့စည်းမယ်လို့ (KNO) ထုတ်ပြန်
ကချင်ပြည်နယ်အစိုးရကို မည်သည့်ဗမာ့နိုင်ငံရေး အဖွဲ့အစည်းနဲ့ ဗမာ့နိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှု အောက်ကဖြစ်ဖြစ် လက်တွဲပြီးဖြစ်ဖြစ် ဖွဲ့စည်းပေးဖို့မလိုဘဲ၊ ကချင်ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေးအဖွဲ့ အစည်းတွေအကြားမှာပဲ လွတ်လပ်စွာဆွေးနွေးတိုင်ပင်ပြီး ဖွဲ့စည်းမယ်လို့ ကချင်အမျိုးသားအစည်းအရုံး (KNO) က မေ ၃၁ ရက် ရက်စွဲနဲ့ မနေ့က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Kachin Political Interim Coordination Team (KPICT) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)တို့ကြား မေလ ၂၇ ရက်နေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ၊ နှစ်ဖက်သဘောတူညီချက်နဲ့ ကချင်ဒေသ အစိုးရဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်လို့ KNO ရဲ့ ကြေညာချက် မှာပါရှိပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ယောက်၊ နှစ်ယောက်ရဲ့ တာဝန်ပေးခြင်းခံရသူတွေက ကချင် တစ်မျိုးသားလုံးကို ကိုယ်စားပြု ပြောဆိုဆွေးနွေးဖို့အတွက် ဗမာလူမျိုးတွေ ဦးဆောင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်နေတာဟာ ကချင်တစ်မျိုးသားလုံးရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ သွေဖီနေတယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ KPICT နဲ့ CRPH တို့ပူးပေါင်းပြီး ကချင်ဒေသအစိုးရဖွဲ့မယ်ဆိုတာ လက်ရှိကြားကာလ ပြီးဆုံးတဲ့ အထိသာ ဖြစ်တယ်လို့ KPICT အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂွန်ဆန်အောင်က RFA ရဲ့ မေလ ၂၈ ရက်နေ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။
ကချင်အမျိုးသားအစည်းအရုံး(KNO) ဆိုတာ ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ကချင်နိုင်ငံရေးအဖွဲ့ အစည်း တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
Comments
Post a Comment