၄ နိုဝင်ဘာ ၂၀၂၀
မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒေသခံပါတီတွေက လက်ရှိ အစိုးရပါတီနဲ့ ပြည်မပါတီတွေကို သူနိုင်ကိုယ်နိုင် ရင်ဆိုင် ယှဥ်ပြိုင်မှုတွေက ပိုပြီးများလာပါတယ်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတွေကို ထောက်ခံလှည့်လည်မှုတွေဟာ အခုရွေးကောက်ပွဲ မတိုင်မီ ပြည်နယ်တွေမှာ သိသိသာသာ တွေ့လာရသလို ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့လည်း ဒေသခံတိုင်းရင်းသားပါတီတွေရဲ့ ယုံကြည်ချက်ကလည်း မြင့်မားနေကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မူ့ပြင်းထန်ပြီး အစိုးရဖွဲ့နိုင်ရေးအတွက် အပြိုင်ကြဲရမယ့်နေရာဟာ ပြည်နယ် မဲဆန္ဒနယ်တွေဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။
လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ သူတို့ဟာ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပါတီပါလို့ ပြောပြီး ပြည်နယ် ၇ ခုအပါအဝင် မြန်မာနိုင်ငံ အနှံ့မှာ ဝင်ရောက် ယှဥ်ပြိုင်မှာပါ။
တိုင်းရင်းသားပါတီတွေပေါင်းပြီး ယှဥ်ပြိုင်လာမှု
ကချင်ပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီ သုံးခုက ၂၀၂၀ မှာ တစ်ခုတည်းပေါင်းပြီး ယှဉ်ပြိုင်လာသလို၊ ချင်းပြည်နယ်အခြေစိုက် ချင်းပါတီ ၃ ခုကလည်း တစ်ခုတည်း ပေါင်းစုပြီး ယှဉ်ပြိုင်လာကြပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာလည်း ပြည်နယ်အခြေစိုက်ပါတီ နှစ်ခုက တစ်ခုတည်းပေါင်းပြီး ဝင်ပြိုင်လာကြပါတယ်။
ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ စုစုစည်းစည်းယှဉ်ပြိုင်လာတဲ့အတွက် ပြည်နယ်တွေရဲ့ မဲဆန္ဒနယ်တွေ မှာ တိုင်းရင်းသားပါတီနဲ့ NLD ပါတီတို့ မဲကွဲသွားနိုင်တယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။
၂၀၁၅ တုန်းက ပြည်မပါတီတွေကို မဲပေးတယ်ဆိုတာက ဒီမိုကရက်တစ် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ အတွက် မဲပေးခဲ့ကြတာဖြစ်တယ်။ အခုနိုင်ငံရေး အနေအထားက အများကြီး ပြောင်းလဲသွားပြီလို့ ရခိုင်ပြည်နယ် သံတွဲမြို့က ဒေသခံတစ်ဦး ကပြောပါတယ်။
ရခိုင်မှာ ၂၀၂၀ မှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၉ မြို့နယ်ရှိပေမဲ့ ကချင်မှာတော့ မြို့နယ် အများစုမှာ ကျင်းပဖို့ရှိနေပါတယ်။
ကချင်ပြည်နယ်ဟာ ၂၀၁၅ တုန်းကတော့ အမျိုးသားလွှတ်တော် ၁၂ နေရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၀ နေရာ နိုင်ထားပြီး ပြည်သူ့လွှတ်တော် ၁၈ နေရာမှာ ၁၂ နေရာ အထိ အနိုင်ရရှိထားပါတယ်။ အစိုးရဖွဲ့ဖို့ အဆုံးအဖြတ် အတွက် ကချင်ပြည်နယ်က အရေးပါတဲ့ မဲ ၃၀ မှာ ၂၂ နေရာကို အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ တုန်းက အနိုင်ရထားခဲ့တာဖြစ်ပါတယ်။
" မဲကတော့ ကွဲမှာပဲလေ။ နဂိုကတည်းက သူတို့က တိုင်းရင်းသားပြည်နယ်တွေမှာ လာမပြိုင်ရင်တော့ ဘယ်မဲကွဲမလဲ၊ တိုင်းရင်းသားတွေပဲပြိုင်ခိုင်းရင်တော့ တိုင်းရင်းသားအင်အားက သူတို့အင်အား ဖြစ်လာမှာပေါ့။" လို့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁ ကဝင်ပြိုင်မယ့် ကချင်ပြည်နယ်ပြည်သူပါတီ ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုပါတယ်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့နယ်မှာ မဲပေးခွင့်ရှိသူဟာ တစ်ထောင်စွန်းစွန်းသာရှိပြီး တပ်မတော်သားတွေနဲ့ မိသားဝင်တွေရဲ့ မဲက ၄၀၀ ကျော်ခန့်ရှိပါတယ်။ အဲဒီလို မဲဆန္ဒနယ်တွေမှာ တိုင်းရင်းသားပါတီနဲ့ NLD ပါတီ မဲကွဲပြီး ကြံ့ခိုင်ရေးပါတီနိုင်သွားနိုင်တယ်လို့ ယူဆသူတွေ ရှိပါတယ်။ ဆွမ်ပရာဘွမ်လိုပဲ အင်းဂျန်းယန်နဲ့ တနိုင်းမြို့နယ်တွေမှာလည်း ဖြစ်နိုင်တယ်လို့ ပြည်နယ်က ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်အချို့က ဆိုပါတယ်။
အဲဒီလို မဲကွဲသွားတဲ့အတွက် အမာခံမဲရှိတဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရသွားတဲ့ မဲဆန္ဒနယ်တွေ ပိုများလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ရှမ်း
ဒီလို ယူဆတာကလည်း ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး သုံးသပ်ကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အများဆုံးနိုင်ခဲ့တဲ့နေရာဟာ ရှမ်းပြည်နယ်မှာ ဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက မြို့နယ် ၃၀ အနိုင်ရခဲ့ပြီး ၁၅ မြို့နယ်က ရှမ်းပြည်နယ်က ဖြစ်ပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာလည်း ၃၃ ဦးနဲ့ အများဆုံးအနိုင်ရခဲ့တာပါ။
ရှမ်းပြည်နယ်မှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့တဲ့မြို့နယ်တွေထဲမှာ NLD နဲ့ ဒေသခံ ကျားခေါင်းပါတီ SNLD တို့မဲကွဲပြီး ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တာ ဖြစ်သလို့ ပြည်သူ့စစ်တွေများတဲ့ ဒေသတွေမှာလည်း ကြံ့ခိုင်ရေးပါတီ အနိုင်ရခဲ့ပါတယ်။
ဥပမာ အနေနဲ့မြို့နယ် ၃ ခုလောက်ကိုကြည့်ရအောင်ပါ။၂၀၁၅ ခုနှစ်က လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက မဲပေါင်း ၃၀၉၀၉ ရပြီး နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ရဲ့ အင်အားကြီး ကျားခေါင်းပါတီ SNLD က ၁၇၂၇၇မဲ နဲ့ NLD က ၂၆၇၂၆မဲ ရရှိခဲ့ပါတယ်။ NLD နဲ့ SNLD ပါတီနှစ်ခုပေါင်း မဲရလဒ်ဟာ စုစုပေါင်း ၄၄၀၀၃ ရရှိမှာ ဖြစ်ပါတယ်။
အလားတူ လွိုင်လင်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက မဲပေါင်း ၁၅၉၂၅ နဲ့အနိုင်ရခဲ့ပါတယ်။ NLD က ၆၃၉၁၊ SNLD က ၁၀၈၇၉ ရပါတယ်။ NLD ပါတီနဲ့ SNLD ပါတီနှစ်ခုရဲ့ ရလဒ်ကို ပေါင်းမယ်ဆိုရင် ကြံ့ခိုင်ရေးပါတီထက် ပိုများတဲ့ ၁၇၂၀၉ မဲ ရရှိမှာ ဖြစ်ပါတယ်။
နမ်ဆန် မြို့နယ်မှာ ဆိုရင်လည်း ကြံ့ခိုင်ရေးပါတီက မဲပေါင်း ၁၄၂၁၁ နဲ့ အနိုင်ရခဲ့ပြီး SNLD ပါတီက ၁၂၃၈၈ မဲ နဲ့ NLD ပါတီက ၈၅၂၉ မဲရရှိခဲ့ပါတယ်။ ဒီလိုရလဒ်ထွက်ခဲ့တဲ့ တခြားသော မြို့နယ်တွေလည်း ရှမ်းပြည်နယ်မှာ ရှိပါသေးတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်အများစုဟာ တပ်ရင်းတပ်ဖွဲ တွေရှိတဲ့နေရာနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများစုရှိတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
USDP က ကယားတို့ ကရင်တို့မှာ ပုံမှန်ဆို နိုင်ခြေနည်းပါတယ်၊ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ရာခိုင်နှုန်း ၃၀ လောက်က တပ်ရင်းတပ်ဖွဲ့တွေ ရှိနေတဲ့နေရာမျိုး ဆိုရင်တော့ တပ်မဲကြောင့် USDP နိုင်ကောင်း နိုင်နိုင်ပါတယ်လို့ ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီက ကိုယ်စားလှယ်လောင်းတစ်ဦးက သုံးသပ်ပါတယ်။
အဲဒီလိုနေရာတွေမှာ ကယားပါတီနဲ့ NLD မဲကွဲပြီး ကြံ့ခိုင်ရေးပါတီ အနိုင်ရသွားနိုင်တယ်လို့ သူက သုံးသပ်ပြောဆိုတာပါ။
တပ်ရင်းတပ်ဖွဲ့တွေ ရှိတဲ့နေရာတွေကတော့ ကယားပြည်နယ်မှာ အခြေချဗျူဟာ တစ်ခုရှိတဲ့ ဘော်လခဲမြို့၊ တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့ ဒီမောဆိုနဲ့ လွိုင်ကော် မြို့ဖြစ်သလို့ ကရင်ပြည်နယ်မှာ ဖာပွန်မြို့တို့ဖြစ်ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံရေးအစဉ်အလာအားကောင်းတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေရှိတဲ့ မြို့နယ်တွေ၊ မဲပေးခွင့်ရှိသူထဲမှာ လူမျိုးစုတစ်ခုတည်းက အများစုရှိတဲ့ နေရာတွေနဲ့ လူမျိုးရေးစိတ် ပြင်းထန်တဲ့နေရာတွေ မှာတော့ သက်ဆိုင်ရာ င်းရင်းသား ပါတီတွေ အနိုင်ရနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်အချို့နဲ့ မွန်ပြည်နယ်က အချို့ဒေသတွေမှာ ဒေသခံတိုင်းရင်းသားပါတီတွေ အခြေအနေကောင်းနိုင် တယ်လို့ လည်းသုံးသပ်မှုတွေ ရှိပါတယ်။
NLD ပါတီဟာ မွန်ပြည်နယ်က အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၁၀ နေရာမှာ ၂၀၁၅ တုန်းက စုစုပေါင်း၂၁ နေရာ အထိ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အစိုးရဖွဲ့နိုင်ဖို့ ပြည်နယ်မဲတွေကလည်း အရေးပါ
NLD ပါတီအတွက်တော့ ပြည်မနဲ့ နီးတဲ့ဒေသတွေ၊ သက်ဆိုင်ရာပြည်နယ်တွေမှာရှိတဲ့ NLD ပါတီခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကို ယုံကြည်မူ့ရှိတဲ့ နေရာတွေမှာဆိုရင် NLD ပါတီ အားကောင်းတယ်လို့ ဗေဒါနိုင်ငံရေးသင်တန်းကျောင်းရဲ့ ဒါရိုက်တာ ဦးမျိုးရန်နောင်သိန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ကလွဲလို့ ကျန်တဲ့ပြည်နယ်တွေ မှာ NLD ပါတီက အများစုအနိုင်ရရှိခဲ့ပါတယ်။
ပြည်နယ် ၇ ခုက ပြည်သူလွှတ်တော်နေရာတွေ NLD အနိုင်ရရှိမှုမှာ မွန်ပြည်နယ်မှာ ၁၀ နေရာစလုံး အနိုင်ရရှိခဲ့ပြီး မြို့နယ် ၇ မြို့နယ်စီ ရှိတဲ့ ကယားနဲ့ ကရင်ပြည်နယ်တို့မှာ ၆ နေရာစီ အနိုင်ရခဲ့သလို ကချင်ပြည်နယ် ၁၈ နေရာမှာ ၁၂ နေရာ၊ ချင်းပြည်နယ် ၉ နေရာမှာ ၇ နေရာ၊ ရှမ်းပြည်နယ် ၅၅ နေရာ (၇ နေရာ မကျင်းပဖြစ်) မှာ ၁၁ နေရာ၊ ရခိုင် ပြည်နယ် ၁၇ နေရာ၌ ၃ နေရာသာ အနိုင်ရရှိခဲ့ထားတာဖြစ်ပါတယ်။
NLD ပါတီအများစုနိုင်ခဲ့တဲ့ ပြည်နယ်တွေမှာ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဒေသခံတိုင်းရင်းသားပါတီတွေဟာ ၂၀၂၀ လို ပေါင်းပြီး ယှဉ်ပြိုင်ခဲ့တာမဟုတ်ပါဘူး။
ဒီနှစ်မှာ အခုလို တိုင်းရင်းသားပါတီတွေ ပြည်နယ်တွေမှာ ပေါင်းပြီးရွေးကောက်ပွဲဝင်လာတာကြောင့် NLD ပါတီအနေနဲ့၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ လောက် နိုင်ခြေမရှိဘူးလို့ သုံးသပ်သံတွေဟာလည်း ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။
ဒါပေမဲ့လည်း NLD အစိုးရရဲ့ ငါးနှစ်အတွင်းဆောင်ရွက်ခဲ့တဲ့ ဒေသ ဖွံ့ဖြိုးရေးတွေကြောင့် ပြည်နယ်တွေမှာ ရှိတဲ့ကျေးလက်ဒေသတွေမှာ NLD ပါတီကိုထောက်ခံသူတွေ တိုးလာတာတွေ ရှိတယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ တိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ယှဉ်ပြိုင်လာသလို့ NLD အစိုးရရဲ့ ငါးနှစ် ဖွံဖြိုးရေးဆောင်ရွက်ချက်တွေကလည်း ပြိုင်ဆိုင်မူ့ပြင်းထန်စရာ ဖြစ်လာခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရွေးကောက်ပွဲ နှစ်ဆက်အပြီး အစိုးရဖွဲ့နိုင် ခဲ့တဲ့ ပါတီတွေကတော့ ကြံ့ခိုင်ရေးပါတီနဲ့ NLD ပါတီသာ ရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်မှာ ရှိတဲ့ ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြောက်ကြတာပါ။
၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၇၆ ဦးနဲ့(ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ မြို့နယ်တွေ က ကိုယ်စားလှယ် ၂၂ ဦးနုတ်ထားပြီး) တပ်မတော်သားအစုအဖွဲ့က ကိုယ်စားလှယ် ၁၆၆ ဦးရှိပါတယ်။ အဲဒီထဲက NLD ပါတီအနေနဲ့ အနည်းဆုံး ၃၂၂ ဦး နိုင်ခဲ့ရင် သူတို့ပါတီက တင်မြှောက်ချင်တဲ့ သမ္မတကို ရွေးချယ်နိုင်ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ်တွေနဲ့သာ ပေါင်းပြီး အစိုးရဖွဲ့မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ၁၅၆ ဦးသာ အနိုင်ရဖို့လိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက NLD ပါတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ တိုင်းဒေသကြီး ၇ ခုက မဲဆန္ဒနယ်မှာ ၂၀၈ ဦး နဲ့ပြည်နယ် ၇ ခုရဲ့မဲဆန္ဒနယ်မှာ ၁၈၂ ဦး စုစုပေါင်း ၃၉၀ အနိုင်ရရှိခဲ့တာပါ။ အဲဒီလို ၃၉၀ ဦးရရှိခဲ့လို့ NLDပါတီက အစိုးရဖွဲ့နိုင်ခဲ့တာပါ။
လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိမှု နည်းသွားရင် NLD ပါတီအစိုးရဖွဲ့နိုင်ရေးဟာ ပြည်မ ကမဲတွေပေါ် မူတည်တယ်လို့ နိုင်ငံရေးအကဲခတ်တွေကပြောပါတယ်။ ဒီလိုသုံးသပ်သူတွေထဲက တစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးမောင်မောင်စိုးက
" NLD အစိုးရဖွဲ့နိုင်ရေးမဖွဲ့နိုင်ရေးဆိုတာကို အဆုံးအဖြတ်ပေးမှာက တိုင်းဒေသကြီးမှာပဲ၊ ၂၈၀ ဦး ထဲက ဘယ်လောက်လျော့သွားမလဲ၊ လျော့သွားရင်တော့ ဒုက္ခရောက်ပြီ"လို့ ပြောပါတယ်။
Comments
Post a Comment