မိမိတစ်ဦးသာ နှင့်အတူ မျှဝေခဲ့သည်
စစ်ကောင်စီနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း မွန်ညီညွ
တ်ရေးပါတီ ထပ်မံအတည်ပြု
မတ် ၁၆၊ ၂၀၂၁
ဗမာတပ်မတော် အာဏာစစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ၂၀၂၁ မတ်လ (၁၅) ရက်နေ့ ယမန်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ကျင်းပခဲ့သည့် မွန်ညီညွတ်ရေးပါတီ၏ ဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အာဏာရှင်စစ်ကောင်စီတွင် ပါဝင်ပြီး ပြည်ထောင်စုအဆင့်ရာထူးတစ်နေရာ လက်ခံခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီနှင့်ပူးပေါင်းရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် မွန်လူထုအကြားတွင်လည်းကောင်း ပါတီအတွင်းတွင်လည်းကောင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ပါတီဝင်များ နှုတ်ထွက်ခြင်းများ ရှိခဲ့သည်။ ၎င်းပြင် ဗဟိုအလုပ်မှုဆောင်ပါတီဝင် ဒေါက်တာအောင်နိုင်ဦးကလည်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။
ထို့ကြောင့် ဖေဖော်ဝါရီလ (၆) ရက်နေ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို မတ်လ (၁၅) ရက်နေ့တွင် ကျင်းပခဲ့ရာ စစ်ကောင်စီနှင့်ပူးပေါင်းမှုကို ထပ်မံအတည်ပြုကြောင်း ဗဟိုကော်မတီဝင် (၉၀) ဦးရှိသည့်အနက် သုံးပုံနှစ်ပုံကျော်က အတည်ပြုမဲပေးခဲ့ကြသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့်ရာထူးတစ်နေရာအတွက် ဒေါက်တာဗညားအောင်မိုးကို ရွေးချယ်ထားသည်ဟု မွန်ညီညွတ်ရေးပါတီက ပြောဆိုထားသော်လည်း စစ်ကောင်စီဘက်ကမူ တရားဝင်ခန့်အပ်ကြောင်း ကြေညာခြင်း မရှိသေးချေ။ သို့သော် မွန်ပြည်နယ်စစ်ကောင်စီတွင်မူ ပါတီ၏တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသည်။
Comments
Post a Comment