CDM တိုက်ပွဲဝင်သူရဲကောင်းများထံ အိတ်ဖွင့်ပေးစာ (၂)
ဒီနေ့ နေပြည်တော်(ရုံးချုပ်)က ဌာနဆိုင်ရာအသီးသီးမှာ CDM ဝန်ထမ်းအရေးကိစ္စနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်ကြတယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးကို ဌာနဆိုင်ရာအကြီးအကဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ဉီးဆောင်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူးတွေ တက်ရောက်ရပါတယ်။
အစည်းအဝေးမှာ CDM နဲ့ပတ်သက်ပြီး ဘာတွေဆုံးဖြတ်ကြသလဲဆိုတော့ -
(၁) ဝန်ထမ်းတွေကို ဖုန်းဖြင့် တတ်နိုင်သမျှ ချော့မော့ပြောဆို၍ ရုံးပြန်တက်ခိုင်းရန် (ပြောဆိုရာတွင် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါ်စေရေးအတွက် အကြမ်းမဖက်ရန်၊ အနုနည်းဖြင့်သာ စည်းရုံးရန်)
(၂) မနက်ဖြန်(၂၃.၂.၂၀၂၁)ရက်နေ့တွင် ရုံးပြန်တက်ပါက ယခင်ပျက်ကွက်ခဲ့သော နေ့များအား တာဝန်ချိန်အဖြစ်သတ်မှတ်ပေးပြီး၊ နောက်နောင်ထိုသို့မပြုလုပ်စေရေးအတွက် ခံဝန်ကတိ ထိုးခိုင်းရန်
(၃) မည်သည့်ညွှန်ကြားချက်ကိုမျှ စာမထုတ်ရန် (စာထုတ်ပါက အွန်လိုင်းပေါ်တွင် ပျံ့နှံ့နိုင်ပြီး မလိုလားအပ်သည် ပြဿနာများဖြစ်ပေါ်နိုင်သည့်အတွက် ဖုန်းဖြင့်သာ ဆက်သွယ်ပြောကြားရန်)
(မှတ်ချက်- တချို့ဌာနများ စာထုတ်ပါတယ်။ )
(၄) (၂၆.၂.၂၀၂၁)ရက်နေ့၊ သောကြာနေ့အထိ ရုံးပြန်မတက်ပါက အရေးယူမည်ဟု သတိပေးပြောဆိုရန်
စသည်ဖြင့် ဆုံးဖြတ်ခဲ့ကြပါတယ်။
ဌာနတွေအပေါ်မူတည်ပြီး လုပ်ထုံးလုပ်နည်းတွေ ကွဲပြားနိုင်ပေမယ့် အစည်းအဝေးဆုံးဖြတ်ချက်တွေက အတူတူပဲဖြစ်ပါတယ် ။
အဓိက သူတို့ရည်ရွယ်ချက်က ဝန်ထမ်းတွေရုံးပြန်တက်ဖို့ပါပဲ။ CDM အောင်မြင်နေတာကို သူတို့လက်မခံနိုင်ကြပါဘူး။ အဲဒီတော့ ဝန်ထမ်းတွေကို အကြောက်တရားသုံးပြီး ရုံးပြန်တက်စေဖို့ ဖုန်းနဲ့စည်းရုံးခိုင်းကြတာပါ။
ဒါပေမယ့် ဖုန်းဆက်တဲ့အခါမှာ လေသံအေးအေးလေးနဲ့သာ ပြောဆိုကြပြီး လေသံမာမာမသုံးရဲကြပါဘူး။ ပြီးတော့ စာလည်း မထုတ်ရဲကြပါဘူး။
အဓိက ဘာကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့ social punishment ကို ကြောက်တာရယ်၊ ပြည်သူ့အရေးတော်ပုံ အောင်မြင်လုဆဲဆဲ ဖြစ်လာလို့ပဲ ဖြစ်ပါတယ်။
ဒီနေ့ (၂၂.၂.၂၀၂၁)ရက်နေ့မှာ တစ်နိုင်ငံလုံးဆင်နွှဲကြတဲ့ အထွေထွေသပိတ် (General Strike) ကလည်း ရာနှုန်းပြည့် အောင်မြင်ပါတယ်။ နေပြည်တော်မှာ လူ(၁၅၀)လောက် အဖမ်းခံလိုက်ရတာကလွဲရင် တစ်နိုင်ငံလုံးမှာ အသေအပျောက်မရှိတဲ့အတွက် တော်တော်လေး အောင်မြင်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကမ္ဘာကလည်း ဒီအာဏာသိမ်းမှုကို ပိုပြီးသိသွားသလို၊ မြန်မာလူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှု၊ ရဲစွမ်းသတ္တိရှိမှုကိုလည်း အသိအမှတ်ပြုသွားပြီဖြစ်ပါတယ်။
ပြီးတော့ ဒီနေ့မှာပဲ သတိထားမိလိုက်တာက မုံရွာမြို့မှာ CDM လုပ်တဲ့ဝန်ထမ်းတွေကို ဒုက္ခပေးတဲ့ အထက်အရာရှိတွေကို လူသိရှင်ကြား social punishment လုပ်ကြတာပဲဖြစ်ပါတယ်။ ညွှန်ကြားရေးမှူးချုပ်အဆင့်၊ ညွှန်ကြားရေးမှူးအဆင့်၊ ပါမောက္ခအဆင့်၊ ဉီးစီးမှူးအဆင့်တွေပါဝင်တာကို တွေ့ရှိရပါတယ်။ လူနာမည်၊ ရာထူး၊ဌာနတွေကို ဓာတ်ပုံနဲ့တကွ ဗီနိုင်းထုတ်ပြီး တစ်မြို့လုံး လှည့်လည် ရှုတ်ချကြတာကို တွေ့ရှိခဲ့ရပါတယ်။
နိုင်ငံတော်သစ္စာဖောက်တွေအပေါ် ပြည်သူတွေက စိတ်ရှည်သည်းခံ နားလည်ပေးနိုင်စွမ်း ကုန်ခန်းသွားကြပါပြီ။
အဲဒီတော့ CDM လုပ်လို့ဆိုပြီး ကိုယ့်ကို ခြိမ်းခြောက်လာတဲ့ အရာရှိတွေကို ငုံ့မခံကြပါတော့နဲ့။ တစ်စက်မှကြောက်စရာမလိုပါ။ ကိုယ့်ဘက်မှာ အမှန်တရားရှိတယ်။ ပြည်သူရှိပါတယ်။
အခုလည်း သူတို့ဘက်က ခြိမ်းခြောက်ပြောဆိုတာတွေ မလုပ်ရဲကြတော့ပါဘူး။ ထိုင်ခုံနေရာ ပျောက်မှာကြောက်တဲ့သူတွေကသာ၊ ရာထူးတိုးဖို့မျှော်လင့်နေသူတွေကသာ CDM ဝန်ထမ်းတွေရုံးပြန်တက်ဖို့ အသည်းအသန်ကြိုးစားနေကြတာပါ။
အနှစ်ချုပ်အကြံပြုရရင်
(၁) ဘာကိုမှ မကြောက်ပါနဲ့။ ဘယ်သူ့ကိုမှ မကြောက်ပါနဲ့။ ကိုယ် CDM လုပ်တာသည် အထက်အကြီးအကဲကို မလေးစားလို့မဟုတ်၊ မုန်းလို့မဟုတ်။ စနစ်ကို တွန်းလှန်ခြင်းသာဖြစ်တယ်။ မတရားမှုကို ဆန့်ကျင်ခြင်းသာဖြစ်တယ်။ ဒါကို သူတို့ကိုလည်း ရှင်းပြပါ။ ဖုန်းဆက်တဲ့အခါ ပြောလိုက်ပါ။ ပြည်သူကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူအပေါ်သစ္စာရှိခြင်းဖြစ်တယ်။ နိုင်ငံတော်ကို ကယ်တင်ခြင်းဖြစ်တယ်။ ဒီဟာကို လေးလေးနက်နက် ခံယူလိုက်ရင် ဘာကြောက်စိတ်မှ မရှိတော့ပါဘူး။
(၂) CDM လုပ်လို့ အဖမ်းခံရမှာကို မကြောက်ပါနဲ့။ Psywar တွေကို မယုံပါနဲ့။ CDM ကို ဘာပုဒ်မနဲ့မှ ဖမ်းလို့မရပါ။ သင် CDM မလုပ်ရဲအောင် ခြောက်လှန့်ခြင်းသာဖြစ်ပါတယ်။ အဖမ်းခံရတယ်ဆိုတဲ့သူတွေဟာ CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးတဲ့သူ/ ရာထူးအကြီးပိုင်းတွေကိုသာ ဖမ်းခြင်းဖြစ်ပါတယ်။ သူတို့ရည်ရွယ်ချက်က ခေါင်းဆောင်ကိုဖမ်းရင် လက်အောက်ငယ်သားတွေကြောက်မယ်၊ ပြိုလဲမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် သူတို့ရည်ရွယ်ချက်က မအောင်မြင်ပါဘူး။ ပါမောက္ခချုပ်ကိုဖမ်းလည်း တစ်ကျောင်းလုံးက CDM ပါပဲ။ ကျောင်းအုပ်ကြီးကို ဖမ်းလည်း တစ်ကျောင်းလုံးက CDM ပါပဲ။
(၃) စာရင်းတွေအရ ဝန်ထမ်း ဖွဲ့စည်းပုံအင်အားရှိရင်းရဲ့ ၅၀% ကျော် CDM မှာ ပါဝင်နေကြတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးမှာ CDM လုပ်တဲ့ဝန်ထမ်း ၅ သိန်းကျော်ကျော်လောက် ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းတစ်ခုထဲတင် ၇ သောင်းကျော် ရှိပါတယ်။ နေပြည်တော်တစ်ခုထဲမှာတင် CDM ဝန်ထမ်း ၃၅၀၀၀ ရှိပါတယ်။ အဲဒီတော့ ကိုယ်တစ်ယောက်ထဲကိုကွက်ပြီး ဖမ်းသွားမှာ စိုးရိမ်စရာမရှိပါ။
(၄) လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီဟာ ဘဏ္ဍာရေးကျပ်တည်းမှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ကြံရာမရတဲ့အဆုံး ဘုရားတွေဆီကပိုက်ဆံကို အတိုးနဲ့ချေးထားရပါတယ်။ အဲဒီတော့ ဝန်ထမ်းတွေကို ထောင်ချပြီး ထမင်းတင်ကျွေးမထားနိုင်ပါ။ သူတို့ဟာသူတို့တောင် ထမင်းမငတ်အောင် ကြိုးစားနေရတာပါ။
အခုဆိုရင် အာဏာသိမ်းစစ်ကောင်စီဟာ ယဲ့ယဲ့ပဲ ကျန်ပါတော့တယ်။ US , UK, UN တို့က ဘယ်အချိန်ဝင်ဖမ်းမယ်၊ ဘယ်အချိန်ဝင်ပစ်မယ်ဆိုတာ အတပ်မပြောနိုင်ပါ။ အခု သူတို့အဓိကကြောက်နေတာက နိုင်ငံတကာဖိအားပါ။ ဒုတိယအချက်က ဘဏ္ဍာရေးပြဿနာပါ။ တတိယအချက်က CDM ပါ။
(၅) အလုပ်ပြုတ်မှာ၊ အလုပ်အဖြုတ်ခံရမှာကိုလည်း လုံးဝစိတ်မပူပါနဲ့။ အခုအချိန်ထိ CDM လုပ်လို့ဆိုပြီး ဘယ်ဝန်ထမ်းကိုမှ မထုတ်ပစ်သေးပါ။ ထုတ်ခွင့်လည်း မရှိပါ။ အဆိုးဆုံးအခြေအနေကို ပြောရရင် သင်အလုပ်ပြုတ်သွားခဲ့ရင်တောင် ပြည်သူတွေက ဝမ်းပန်းတသာနဲ့ ထောက်ပံ့ကူညီပေးကြမှာပါ။ သင် ထမင်းမငတ်ပါဘူး။ မြို့နယ်တိုင်းမှာ CDM Support Team တွေရှိပါတယ်။ လစာလည်းပေးမှာပါ။ လစာမရမှာလည်း မပူပါနဲ့။ နေစရာ စားစရာလည်း စီစဉ်ပေးကြမှာပါ။ သင် ရင်ကော့ပြီး အိမ်ပြန်လိုက်ရုံပါပဲ။
(၆) အခုလက်ရှိမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representative Pyidaungsu Hluttaw- CRPH) ကို တစ်နိုင်ငံလုံးက အသိအမှတ်ပြုသလို၊ နိုင်ငံတကာကလည်း အသိအမှတ်ပြုထားပါတယ်။ CRPH အနေနဲ့လည်း CDM ဝန်ထမ်းတွေကို တတ်နိုင်သမျှ ထောက်ပံ့ပေးနေသလို၊ မြို့နယ်အလိုက်လည်း support team တွေထားပြီး ကူညီပေးနေပါတယ်။
ပြည်သူ့အစိုးရ(ပြည်သူရွေးချယ်ထားတဲ့အစိုးရ) ပြန်လည် အာဏာရလာတဲ့အခါ CDM ဝန်ထမ်းတွေရဲ့ ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးမှန်သမျှ ပြန်လည်ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ပေးမှာဖြစ်ကြောင်းလည်း တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လက်ရှိအာဏာသိမ်းစစ်ကောင်စီလုပ်သမျှ တစ်ခုမှ တရားမဝင်ပါ။
(၇) ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတာ သိပ္ပံနည်းကျ အမှန်တရားပါ။ ဗုဒ္ဓလည်း ဟောခဲ့ပါတယ်။ အခုကိုယ်လုပ်တာက ကိုယ့်အကျိုးစီးပွားအတွက်မဟုတ်၊ ကိုယ့်မိသားစုအတွက်မဟုတ် နိုင်ငံအတွက် လုပ်နေခြင်းသာဖြစ်တယ်။ ပြီးတော့ ထမင်းရှင် ပြည်သူတွေအပေါ် သစ္စာစောင့်သိခြင်းဖြစ်တယ်။ အဲဒီ့တော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် CDM ပဲ လုပ်မယ်လို့ ဆုံးဖြတ်ပါ။ ရဲရင့်ကြပါ။
တစ်သက်လုံးတွေးပြီး ဂုဏ်ယူနေရမယ့်လမ်းကိုသာ လျှောက်ပါ။
ကျွန်တော်နှစ်သက်မိတဲ့ မဟတ္တမဂန္ဒီရဲ့ နာမည်ကျော် အဆိုအမိန့်လေးနဲ့ နိဂုံးချုပ်ပါရစေ -
“ကျုပ် စိတ်ပျက်အားငယ်တဲ့အခါ အမှန်တရားနဲ့ချစ်ခြင်းမေတ္တာရဲ့လမ်းစဉ်က အမြဲအောင်နိုင်ခဲ့တယ်ဆိုတာကို သတိရမိတယ်။ ကမ္ဘာကြီးမှာ မင်းဆိုးမင်းညစ်အာဏာရှင်တွေ၊ လူသတ်သမားတွေရှိခဲ့ကြပြီးပြီ။ အချိန်တစ်ခုထိတော့ သူတို့လိုလူတွေက မကျရှုံးနိုင်ဘူးထင်ရတယ်။ အဆုံးမှာတော့ သူတို့အမြဲကျရှုံးရတာပါပဲ။ ဒါကို အမြဲတွေးပါ။ ”
ကဲ CDM တွေ ညီရဲ့လား ဟေ့………..
မိုးခ
(22.2.2021)
10:11 PM
Comments
Post a Comment