စစ်အာဏာသိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုကို ရှုံ့ချဟု ဗကသ ကြေညာ ရန်ကုန်၊ ဇန်နဝါရီ ၂၉
·
အများမြင် နှင့်အတူ မျှဝေခဲ့သည်
စစ်အာဏာသိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုကို ရှုံ့ချဟု ဗကသ ကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က စစ်အာဏာ သိမ်းလုပ်ရပ်များကို ဆန့်ကျင်မည်ဖြစ်ပြီး ခြိမ်းခြောက်မှုများကို ပြင်းပြင်း ထန်ထန်ရှုံ့ချကြောင်း ယနေ့ ကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် "ဗကသများအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတွေးအခေါ် သန္ဓေတည်တဲ့ကာလကစပြီး လက်ရှိ ရှင်သန်ကြီးထွားနေတဲ့ကာလအထိ အစဉ်တစိုက် ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။ အလုံးစုံဖျက်သိမ်းပစ်ရမယ့် ဥပဒေလို့လည်း တသမတ်တည်းရပ် တည်ခဲ့တယ်။ ခုချိန်ထိလည်း အဲဒီအတိုင်း ရပ်တည်ယုံကြည်နေဆဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ စစ်အာဏာသိမ်းတဲ့ မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ စစ်အာဏာသိမ်းမယ်ဆိုတဲ့ ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်"ဟု ဖော်ပြထားသည်။
ယင်းကြေညာချက်တွင်ပင် " ဒီမိုကရေစီအခြေခံမူတွေကို အလျော့ပေးစေ့စပ်ပြီး ၂၀၀၈ အောက် ရွေးကောက်ပွဲဝင်ကာ ရရှိထားတဲ့ အယောင်ဆောင်အာဏာ အသိမ်းခံရမှာ ကြောက်ရွံ့ အစိုးရိမ်လွန်ကာ အလျော့ပေးစေ့စပ်တဲ့လုပ်ဟန်ကို ရှုံ့ချတယ်။ အလျော့ပေးစေ့စပ်ရေး အတွေးအခေါ်ကို တင်သွင်းမျှဝေနေသူတွေအားလုံးကိုလည်း ကန့်ကွက်တယ်။ ကြုံတွေ့လာနိုင်တဲ့ အကောင်းအဆိုးတွေ အားလုံးကို နိုးကြားတက်ကြွတဲ့ အင်အားစုတွေ၊ ရဲရင့်ပြတ်သားတဲ့ ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ရင်ဆိုင်သွားမယ်။ လက်ရှိ အစိုးရအနေနဲ့ ဒီမိုကရေစီ စံနှုန်းတွေကို တကယ်တန်ဖိုးထားရင်၊ ပြည်သူလူထု ထောက်ခံမှုကို တကယ်ယုံကြည်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ အညံ့ခံ စေ့စပ်နေမယ့်အစား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကထွက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို တိုက်ဖို့လိုပါတယ်" ဟု ရေးသားဖော်ပြထားသည်။

Comments
Post a Comment