Skip to main content

မလိုက်နာပါက ဖွဲ့စည်းပုံအခြေခံဥပဒေပင်လျှင်လည်း ဖျက်ပစ်ရမည်ဆိုသော ပြောကြားချက်အပေါ် ဥပဒေပညာရှင်များ၏ သဘောထားအမြင်

 မလိုက်နာပါက ဖွဲ့စည်းပုံအခြေခံဥပဒေပင်လျှင်လည်း ဖျက်ပစ်ရမည်ဆိုသော ပြောကြားချက်အပေါ် ဥပဒေပညာရှင်များ၏ သဘောထားအမြင်

January 30, 2021
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား ဇန်နဝါရီ ၂၇ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Conferencing ဖြင့် အမှာစကားပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိလျှင် ဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
”ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေရဲ့ mother law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစားလိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်။ စောစောကပြောတဲ့ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေးကောင်စီ ခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ် ဥပဒေကို ဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။ အခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာ အင်မတန်အရေးကြီးတဲ့ အခြေခံ အကြောင်းတခုအနေနဲ့ မင်းတို့ကို ပြောပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
၂ဝ၂ဝ ရွေးကောက်ပွဲတွင် မသမာမှုဖြစ်နိုင်သည့် မဲပေါင်း ၈ ဒသမ ၆ သန်းကျော်ရှိကြောင်း တပ်မတော်က ထုတ်ပြန်ထားပြီး ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်က အာဏာမသိမ်းဟု ပြော၍မရကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းသို့ ပြောကြားလာခြင်းဖြစ်သည်။ ယင်းအပေါ် ဥပဒေကျွမ်းကျင်သူများ ၏သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းထားပြီး ၎င်းတို့၏ပြောကြားချက်များကို ဖော်ပြပေးလိုက် ပါသည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး
ပထမဦးဆုံးကတော့ တပ်မတော်သတင်းမှန် ပြန်ကြားရေးသတင်းစာရှင်းလင်းပွဲမှာ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလားဆိုတော့ မရဘူးလို့ပြောတာပေါ့။ အာဏာသိမ်းတယ်ဆိုတာကိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅၇ ထဲမှာ ဘယ်ဟာမှ ပေးမထားဘူး။ အာဏာသိမ်းမရဘူး။ အာဏာသိမ်း လို့မရအောင်ကို ရေးထားတဲ့ဖွဲ့စည်းပုံ။ နောက် ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့စကားကိုတော့ ကျွန်တော် ကြိုဆိုတယ်။ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကြီးက လုံးဝတရား မျှတမှုမရှိဘူး။ စစ်တပ်က အပေါ်စီးနည်းမျိုးစုံယူထားတဲ့ ဥပဒေမျိုးဖြစ်တဲ့အတွက် ဒါကြီးကိုဖျက်မယ်ဆိုရင် ကျွန်တော်တို့ကြိုဆိုပါတယ်။ ဖျက်တဲ့သူက သူရဲ ကောင်းဖြစ်မှာပဲ အာဏာသိမ်းမယ်လို့ တိုက်ရိုုက်ပြောတာ မဟုတ်ဘူး။ အာဏာသိမ်းမယ်၊ မသိမ်းဘူးဆိုတာက သူတို့တာဝန်၊ သူတို့ဆုံးဖြတ်ချက်။ အဲဒီအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒါကိုလည်း ကောင်းကျိုးပေး၊ မပေးသက်သေပြခဲ့ပြီးပြီ။ အဲဒါ လုပ်တာ၊ မလုပ်တာက သူတို့အပိုင်း။ သိမ်းမှာကို မသိမ်းပါနဲ့လို့လည်း တောင်းပန်လို့ရတဲ့အရာမျိုး မဟုတ်ဘူး။ သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ပြောတာက လိုအပ်ရင် ဖျက်သိမ်းရမယ်ဆိုတော့ ဖျက်သိမ်းတာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဖျက်သိမ်းတဲ့သူက သူရဲကောင်းဖြစ်မှာပဲ။ ဒီဟာကြီးက ဒုက္ခပေးနေတာ။ ဒါကြီးကို ဖျက်သိမ်းတဲ့သူကတော့ သူရဲကောင်းပဲ။
တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်
ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲ ကိုင်နေတာလေ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိရင် ဒီအခြေခံဥပဒေကို တပ်မတော်က ဖျက်သိမ်းနိုင်သည်ဆိုတဲ့ပြဋ္ဌာန်းချက်က ၂ဝဝ၈ အခြေခံဥပဒေရဲ့ ဘယ်ပြဋ္ဌာန်းချက်မှာ ပါသလဲ။ ပြဋ္ဌာန်းချက်မှာ မပါဘူးဗျ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သူဆိုတဲ့နေရာမှာ သူနေနေပါတယ်လို့ သူ့နေရာကို သူက အထင်အရှားပြနေတယ်ဗျ။ ပြောတယ်ပေါ့ဗျာ။ အဲဒီလိုပြောရင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို သူက တခြားသူတွေ လေးစားလိုက်နာမှုမရှိရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပေးနိုင်တယ်ဆိုတဲ့ အာဏာ သူ့မှာရှိတယ်လို့ ဘယ်အထောက် အထားနဲ့ပြောသလဲဗျာ။ ကာကွယ်တဲ့လူဆိုတာ သူကဖျက်ဆီးတဲ့လူ မဟုတ်ဘူးလေ။ သူ့ကိုယ်သူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်တဲ့လူလို့ သတ်မှတ်ရင် အခြေခံဥပဒေကို ဖျက်ဆီးတဲ့လူလို့ သူ့ကိုယ်သူပြန်ပြီးတော့ တိုက်ခိုက်ရတော့မှာပေါ့ဗျာ။ အဲဒီလိုပဲ ကျွန်တော်တော့ယူဆတယ်ဗျ။ ဘယ်သူတွေကို ရည်ညွှန်းရည်ညွှန်းပေါ့ဗျာ။ ကျွန်တော်ဆိုလိုတာက အဲဒီလို တကယ်လေးစားလိုက်နာမှုမရှိရင်လည်းပဲ မရှိတဲ့လူတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲ အရေးယူဆောင်ရွက်ရမှာလေ။ နောက်တခါ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာမှုမရှိဘူး။ တခုခုပေါ့ဗျာ။ လေးစားလိုက်နာမှုမရှိတဲ့အတွက်ကြောင့် ငါတို့က ဒါကြီးကို ဖျက်ပစ်မယ်လို့ လူတယောက်က ဒါမျိုးပြောလာရင် အဲဒီလူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့လူပဲ ဖြစ်မှာပေါ့။ တည်ဆဲအခြေခံဥပဒေကို ဆန့်ကျင်ပြီဆိုလို့ရှိရင်တော့ (ရာဇသတ်ကြီးပုဒ်မ) ၁၂၄ အောက်မှာ ရောက်သွားမှာပေါ့။ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုအောက်မှာ ရောက်သွားမှာပေါ့။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်
အာဏာသိမ်းတယ်ဆိုတာက တပ်မတော်တရပ်ကနေ တည်ဆဲအခြေခံဥပဒေကိုဆန့်ကျင်ပြီးတော့မှ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်တဲ့အစိုးရတွေ၊ လွှတ်တော်တွေ၊ တရားရုံး၊ တရားစီရင်ရေးဆိုင်ရာ အာဏာပိုင်တွေအကုန်လုံးကို ဖျက်သိမ်းပြီးတော့ နိုင်ငံတော်အာဏာကို သိမ်းပိုက်ရယူလိုက်တာ။ ဥပဒေနဲ့အညီမဟုတ်ဘဲ ဆန့်ကျင်ပြီးတော့ ဖျက်ဆီးပြီးတော့ ယူလိုက်တာ။ အဲဒီလိုယူလိုက်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျယ်ပြယ်သွားပြီးတော့ တည်ရှိနေတဲ့ ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ပြည်နယ်အစိုးရတွေ အကုန်ပျက်ပြယ်သွားတယ်။ လွှတ်တော်တွေ၊ တရားရုံးအဆင့်ဆင့်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွေ ပျက်သွားမယ်။ အဲဒါကို အာဏာသိမ်းတယ်လို့ ခေါ်တယ်။ အဲဒါမျိုး ၁၉၆၂ မှာတကြိမ်ကြုံခဲ့တယ်။ ၈၈ မှာတကြိမ်ကြုံခဲ့တယ်။ ၁၉၆၂ မှာဆိုရင် ၁၉၄၇ အခြေခံဥပဒေ အလိုလိုပျက်သွားတယ်။ အဲဒီဥပဒေအရ တည်ထောင်ထားတဲ့ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေးတွေပျက်တယ်။ အလားတူပဲ ၁၉၈၈ မှာ အာဏာသိမ်းလိုက်တဲ့အခါမှာ ၁၉၇၄ အခြေခံ ဥပဒေအလိုအလျောက်ပျက်ပြယ်သွားပြီးတော့ အဲဒီ ဥပဒေအရတည်ထောင်ထားတဲ့ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးတွေ ပျက်ပြန်တယ်။ ပြီးတော့မှ အာဏာသိမ်းအစိုးရက တည်ဆဲဥပဒေတွေထဲက ဘယ် ဥပဒေ တွေကတော့ အတည်ဖြစ်တယ်။ ဘာတွေဆက်လက်ဆောင်ရွက်လို့ရတယ်ဆိုပြီး အမိန့်ကြေညာ ချက်တွေထုတ်ပြီးတော့မှ တချို့ဥပဒေတွေက ပြန်အသက်ဝင်တယ်။ တချို့အဖွဲ့အစည်းတွေက ပြန်ပြီး ဆောင် ရွက်လို့ရတယ်။ အသိအမှတ်မပြုတဲ့ ဥပဒေတွေ၊ အဖွဲ့အစည်းတွေကျတော့ ဖျက်သိမ်းသွားတာပေါ့။ ဒါက စစ်အာဏာသိမ်းခြင်းရဲ့ အခြေခံမူသဘော။ အခုလက်ရှိအနေအထားမှာက တပ်မတော်က ထောက်ပြနေတဲ့ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းအမှားတွေ ကိစ္စတွေပဲဖြစ်ပါသေးတယ်။ ဒါကိုဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်းဖို့ အခြေအနေမဖြစ်သေးသလို အာဏာသိမ်းဖို့လည်း လက်ရှိအားဖြင့် ပေါ်ပေါက်နိုင်တဲ့အခြေအနေ မရှိဘူး။ အဲဒီတော့ တပ်မတော်ကနေထောက်ပြတဲ့အပေါ်မှာ UEC နဲ့ အစိုးရကနေများ တုံ့ပြန်ပြီးမဖြေရှင်းပေးတဲ့အပေါ် စောင့်နေပြီးတော့ အာဏာသိမ်းဖို့တွေ ပြောဆိုလာတာသည် တကယ်တမ်းပြောရရင်တော့ ဆင်ခြင်တုံတရားကင်းမဲ့တယ်။ ဥပဒေနဲ့မညီညွတ်ဘူးလို့ ပြောလို့ရတယ်။ နိုင်ငံရဲ့လုံခြုံရေး၊ ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးကို အဓိကတာဝန်ယူရတဲ့ တပ်မတော်အကြီးအကဲတယောက်အနေနဲ့ ပထမသတင်းစာရှင်းလင်းပွဲမှာ အာဏာမသိမ်းဘူးလို့ မှတ်ယူနိုင်မလားဆိုတာကို ”မရဘူး”လို့ ဖြေခဲ့တယ်။ နောက်တနေ့မှာလည်း ဒါဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းရမယ်ဆိုတဲ့စကားပြော လာတာသည် နိုင်ငံအနေနဲ့လည်း တော်တော်အန္တရာယ် ကြီးသလို အခုကျမှပဲ နိုင်ငံရေးအကျပ်အတည်းဆိုတဲ့အထဲကို ဆွဲသွင်းတဲ့သဘောပေါ်လွင်လာတဲ့ သဘော ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ဥပဒေအမြင်အရ သုံးသပ်ရင်တော့ ဒါဟာ နိုင်ငံရေးဖိအားပေးတာသာ ဖြစ်ပြီးတော့ စကားလွန်ကျွံသွားတာပဲဖြစ်ပြီး တကယ်တမ်းတော့ ပေါ်ပေါက်လာစရာအကြောင်း မရှိဘူး။ ဘာကြောင့်လဲဆိုရင် တဖက်မှာလည်းပဲ အမြဲတမ်း တပ်မတော်က ပြောနေတယ်။ ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်လည်း ပြောတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ပြောတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမဆန့်ကျင်ဘဲ တည်ဆဲဥပဒေအရပဲ ဥပဒေနဲ့အညီလုပ်မယ်လို့ တရားဝင်ပြောကြားထားပြီးမှ အဲဒီပြောကြားချက်တွေနဲ့ဆန့်ကျင်ပြီး ဒီလိုမျိုး ပြောတာကျတော့ ဒါသဘာဝတော့ မကျဘူး။ သို့သော်လည်းပဲ တည်ဆဲဥပဒေအရဆိုရင်တော့ အာဏာသိမ်းဖို့ မဖြစ်နိုင်ပါဘူး။ အလားတူပဲ သမ္မတကနေမှ အာဏာလွှဲပြောင်းပေးဖို့ဆိုတာက လက်ရှိအခြေအနေတွေအရ ပေါ်ပေါက်ခြင်းမရှိဘူး။ ဒါကြောင့် ဘာမှမဖြစ်လာနိုင်ဘူး။ သို့သော် မဲကိစ္စတွေမှာ UEC နဲ့ အစိုးရအာရုံစိုက်လာအောင် နိုင်ငံရေးအရ ဖိအားပေးတာပဲလို့ ဒီတိုင်းပဲသုံးသပ်ပါတယ်။
မင်းထင်၊ TCM
ရဲဇော် 🇱🇷
MMN.30/1/2021-12
၈
မှတ်ချက် ၂ ခု
မျှဝေသူ ၃ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ
မှတ်ချက် ၁ ခု ထပ်ပို၍ ပြပါ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...