၂၀၂၀ အတွင်း ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၁
ရခိုင်ပြည်မြောက်ပိုင်းမှာ တာဝန်ကျနေတဲ့ စစ်သည်တချို့
၂၀၂၀ ပြည့်နှစ်ကို မြန်မာနိုင်ငံဟာ အချိုးအကွေ့များစွာ၊ စိန်ခေါ်မှုများစွာ၊ ခက်ခဲကြမ်းတမ်းမှုများစွာနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ မြန်မာ အပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ငါးနှစ်တစ်ကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အပြောင်းအလဲများစွာ၊ အလှည့်အပြောင်းများစွာကို ကိုဗစ်ကပ်ရောဂါနဲ့အတူ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပြီး ၂၀၂၀ တစ်နှစ်တာအတွင်း ဘီဘီစီကဖော်ပြခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းဖြစ်ရပ် ၁၅ ခုကို စာဖတ်သူတို့ ပြန်လည်ဖတ်ရှုနိုင်ဖို့ ပြန်လည်ပြင်ဆင်ကောက်နုတ်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။
၂၀၂၀ ခုနှစ်အတွင်း၂ နှစ်ကျော်ကြာ ရခိုင်ပြည်နယ်က မြန်မာတပ်မတော်နဲ့ အေအေ လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်သွားသလို ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်လာခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နုတ်ထွက်သွားမှုနဲ့ တစ်နှစ်ကျော် ပုန်းရှောင်နေတဲ့ အမျိုးသားရေး လှုပ်ရှားတဲ့ဆရာတော် ဦးဝီရသူ ရွေးကောက်ပွဲမတိုင်မီ ၆ ရက်ခန့် အလိုမှာ လာရောက် အဖမ်းခံမှု အပါအဝင် ဗစ်တိုးရီးယားအမှု သံသယတရားခံဖြစ်ခဲ့သူ က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲတဲ့ သတင်းတွေက ၂၀၂၀ မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ထိပ်တန်းက ပါဝင်နေပါတယ်။
အေအေဟာ ရခိုင်မှာ ခြေကုပ်ယူဖို့ ကြိုးပမ်းတဲ့ ၂၀၁၈ နှစ်ကုန်မှာ တိုက်ပွဲတွေစတင်ပြင်းထန်ခဲ့တာပါ။
၁။ တိုက်ပွဲတွေရပ်ပြီး စားပွဲဝိုင်းဆွေးနွေးပွဲပေါ်ရောက်လာတဲ့ တပ်မတော်နဲ့ အေအေ
၂၀၁၈ နှစ်ကုန်ကစပြီး ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား ၂၀၂၀ နှစ်ကုန်ခါနီးမှတော့ တိုက်ပွဲတွေရပ်ပြီး ထူးခြားတဲ့ တိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။
တိုက်ပွဲတွေ စပြီးရပ်သွားတာကတော့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီး ကာလ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ အေအေတို့ အကြား တိုက်ပွဲတွေရပ်ပြီး မကြာခင်မှာပဲ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းက တစ်ဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အွန်လိုင်းက တစ်ဆင့် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အေအေဘက်က ထုတ်ပြန်ရာမှာတော့ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဒေသတွေမှာ ကျင်းပခွင့်ရရေး၊ ဆေးဝါးနဲ့ ရိက္ခာ ပြတ်လပ်နေတဲ့ ကျေးရွာတွေမှာ သယ်ယူ ပို့ဆောင်ရေး အဆင်ပြေစေဖို့ အပါအဝင် ရရှိပြီးတဲ့ အပြန်အလှန် နားလည်ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းသွားဖို့ဆိုတဲ့ အချက် ၃ ချက်ကို ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။
ULA/AA နဲ့ တပ်မတော်ကြားမှာတော့ တိုက်ရိုက်ညှိနှိုင်းမှု မရှိကြောင်း၊ ဒါပေမဲ့ ဆက်သွယ် ဆောင်ရွက်သင့်တဲ့၊ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက တစ်ဆင့် ဆက်သွယ်ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ တပ်မတော်ဘက်က ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နို၀င်ဘာ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီဇင်ဘာလ အတွင်းက တပ်မတော်နဲ့ အေအေ အဖွဲ့တို့ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ ပန်ဆန်းမြို့
နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ဂျပန်အစိုးရ ရဲ့ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာနဲ့ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါ ရခိုင်ပြည်နယ်ကို သွားရောက်ပြီးတော့ ညှိနှိုင်းပေးမှုတွေ ရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ UWSA ၀ ထိန်းချုပ်တဲ့ နယ်မြေ ပန်ဆန်းမှာတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။
အေအေဘက်က ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့သလို မြန်မာ့တပ်မတော်ဘက်ကလည်း ဗိုလ်ချုပ်အဆင့်တွေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေရပ်ပြီး စားပွဲဝိုင်းဆွေးနွေးပွဲ ရောက်လာတာဟာ ကြိုဆိုစရာဖြစ်ပေမယ့် ရက္ခိုင့်တပ်တော်ဟာ ရခိုင်ပြည်နယ်မှာ အခြေချဖို့ကြိုးပမ်း နေတာဖြစ်ပြီး မြန်မာ့တပ်မတော်ကတော့ ရခိုင်ပြည်နယ်မှာ အခြေချခွင့် မပေးနိုင်ဘူးလို့ တပ်မတော်ဘက်က ပြောထားပါတယ်။
အေအေဘက်ကတော့ သူတို့ကိုင်စွဲတဲ့ ရက္ခိတလမ်းစဉ်ဆိုတာကို ကြည့်ရင် အဓိကကတော့ ရခိုင်မှာ ရခိုင်တပ် ရှိရမယ်ဆိုတာကို အခြေခံထားတာ ဖြစ်ပါတယ်။
အကြမ်းဖက် အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ခြင်းခံထားခဲ့ရတဲ့ အေအေဟာ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းပေါ် စားပွဲဝိုင်းပေါ်ပြန်ရောက်လာပေမယ့် ဒီလိုနှစ်ဘက် ကွဲလွဲနေတဲ့ သဘောထားကို နိုင်ငံရေးအရ အဖြေရှာနိုင်မှသာ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ လည်းနိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
"စစ်တိုက်တာ ထက်စာရင် တိုက်ပွဲရပ်တာက အင်မတန်ကောင်းပါတယ်။ မြန်မာပြည်ရဲ့ထုံးစံအရ စစ်ပွဲရပ်စဲရေးက ယာယီ ပဲဖြစ်လေ့ရှိတယ်။ အခြေခံဖြစ်တဲ့ နိုင်ငံရေး ပြဿနာကိုမဖြေရှင်းနိုင်လို့ပါ " လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရသူဒေါက်တာမျို့းညွန့်ကပြောခဲ့ပါတယ်။
ရခိုင်စစ်ဘေးရှောင်နေရသူ နှစ်သိန်းကျော်ရှိ
ဒါ့အပြင် တပ်မတော်နဲ့ အေအေတို့ လတ်တလော သဘာတူ တောင်းဆိုကြတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပရေးဟာ လည်း အစိုးရဘက်ကတော့ အခြေခံဥပဒေပါအတိုင်း ကြားဖြတ် ရွေးကောက်ပွဲမှသာ ကျင်းပပေးမယ့်သဘောလည်း ရှိနေပါတယ်။
၂ နှစ်ခွဲနီးပါးကြာမြင့်ခဲ့တဲ့ ရခိုင်ဒေသတိုက်ပွဲတွေကြောင့်အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့ပြီး နှစ်ဖက် ဖမ်းဆီးထားသူ ၃၀၀ ကျော်ရှိခဲ့ပါတယ်။
တိုက်ပွဲတွေ ရပ်တာဟာ ကောင်းပေမဲ့ NLD အစိုးရနဲ့ တပ်မတော်တို့အကြား ညှိနှိုင်းဆွေးနွေးမူ မရှိဘဲ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုပ်လာတာက ရေရှည်အတွက် အလားအလာ မကောင်းဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အချို့
၂။ တိုင်းရင်းသားတွေနဲ့ဆွေးနွေးဖို့ ခြေလှမ်းပြင်လာတဲ့ NLD
ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပါတီက ဖိတ်ခေါ်ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိုယ်စားလှယ် ၃ ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က တာဝန်ပေးလိုက်ပါတယ်။
တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ တာဝန်ပေးခံရသူတွေကတော့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ ကချင်ပြည်နယ်က ဦးအင်ထုံးခါးနော်ဆမ် တို့ကို ရွေးချယ် တာဝန်ပေးလိုက်တာလည်းဖြစ်ပါတယ်။
NLD အစိုးရဟာ ပြီးခဲ့တဲ့ အစိုးရသက်တမ်းလွှတ်တော် အတွင်း အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ဆန်ကျင့်ခဲ့သလို အခုရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့ဖို့ ပြင်နေချိန်မှာ အခြေခံဥပဒေပုဒ်မ ၂၆၁ မပြင်ရေးကို ဆက်လက်ကိုင်စွဲထားပြီး တိုင်းရင်းသားပါတီ ၄၈ ခုနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် တည်ဆောက်ချင်တယ်လို့ ပြောပြီး ကမ်းလှမ်းလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ ဆိုပြီး ကော်မတီ တစ်ခု ဖွဲ့ခဲ့ပြီးတော့ အဲဒီ ၃ ဦးကော်မတီမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ပါဝင်ခဲ့ပြီး အခု သူ့နေရာမှာ ဒေါက်တာအောင်မိုးညိုကို ပြောင်းလဲပြီး တာဝန်ပေးထားတာလည်း ဖြစ်ပါတယ်။
အခုလို တာဝန်ပေးအပ်ရတာကလည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဘုံသဘောတူညီချက် ရဖို့ ဖြစ်တယ်လို့ ပြောပေမဲ့ ၂၀၀၈ အခြေခံဥပဒေထဲက တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တဲ့ ပုဒ်မ ၂၆၁ ကို ပြင်မှာ မဟုတ်ဘူးလို အန်အယ်ဒီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
NLD ဟာ တိုင်းရင်သား လူမျိုးစုတွေရဲ့ ဆန္ဒကို အလေးထား ဆောင်ရွက်မှာဖြစ်တာကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးမှာ တိုင်းရင်သား ပါတီတွေနဲ့အတူ ပူပေါင်းတည်ဆောင်ချင်တယ်ဆိုပြီး ရွေးကောက်ပွဲအပြီး နိုဝင်ဘာလမှာ တိုင်းရင်းသားပါတီ ၄၈ ခုကို စာပို့ခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် ပြဿနာ ရှိခဲ့တဲ့ကယား
ပြည်ထောင်စုဆိုတာဟာ တစ်ပါတီတည်းက ကြီးစိုးတဲ့ပုံစံနဲ့ တစ်လျှောက်လုံး သွားမလား၊ အာလုံးပါဝင်ရေးဆိုတဲ့ တန်းတူမှုကို အလေးထားမလား ဆိုတဲ့ အဆင့်တွေကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။
တိုင်းရင်းသားအချို့ကတော့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို NLD က ပြင်လို့ရနိုင်ရဲ့သားနဲ့ မပြင်ဘဲ သမ္မတက သူကြိုက်တဲ့လူကို တိုက်ရိုက်ရွေး ချယ်ခန့်အပ်ပြီး တိုင်းရင်းသားတွေကို ဗဟိုအစိုးရ လက်အောက်ခံ သိမ်းသွင်းတာဆိုရင်တော့ နိုင်ငံရေး ရည်ရွယ်ချက် မကောင်းဘူးလို့သုံးသပ်ကြပါတယ်။
ဗစ်တိုးရီးယား အမှုမှာ ကိုအောင်ကြီးဟာ သံသယ တရားခံ အဖြစ်ဖမ်းဆီးခံခဲ့ရ
၃။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားစွဲလိုက်သူ
နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယား လို့ လူသိများတဲ့ အသက် ၃ နှစ် မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး လိင် အဓမ္မပြုကျင့်ခံရတဲ့ သက်ငယ် မုဒိမ်းမှုမှာ သံသယ တရားခံ အဖြစ် ဖမ်းဆီးခံခဲ့ရပြီး တရားရုံးမှာ ပြစ်မှု မထင်ရှားလို့ ပြန်လွတ်လာခဲ့တဲ့ ကိုအောင်ကျော်မျိုး (ခေါ်) ကိုအောင်ကြီးက သူ့ရဲ့ နစ်နာမှု နဲ့ ထိခိုက်မှုတွေ အတွက် ဒီဇင်ဘာ ၈ ရက်က ပြန်လည်တရားစွဲခဲ့ပါတယ်။
နစ်နာကြေးနဲ့ လျော်ကြေး ကျပ်သိန်း ၅၀၀၀ ရလိုမှုနဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာပဲ နေပြည်တော်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တရားစွဲဆိုတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်သိန်းဝင်း ကိုရှေ့က အမည်တပ်ပြီး တရားစွဲခဲ့တာလို့ ကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
အမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ အခုအခါ တရားရုံးက လက်ခံလိုက်ပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ နဲ့ လက်ခံကြားနာသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဗစ်တိုးရီးယားနာမည်နဲ့ မိသားစုအချက်အလက်တွေကို ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြော
ကိုအောင်ကြီးဟာ ဒီအမှုကြောင့် ဂုဏ်သိက္ခာအရ နစ်နာမှုတွေ၊ ငွေကြေးကုန်ကြေးမှုတွေ ရှိခဲ့ပြီး ဒီလျော်ကြေးနဲ့ နစ်နာကြေးတွေကို တွက်ချက်ပြီး အခုလို ငွေကြေးပမာဏ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း ကိုအောင်ကြီးရဲ့ရှေ့နေဖြစ်သူ က ပြောပါတယ်။
ကိုအောင်ကြီးလွတ်လာတာ တစ်နှစ် နီးပါးရှိပြီဖြစ်ပေမဲ့ ဒီအမှုအတွက် နှစ်လကြိုတင် သတိပေးရတာ ရှိပြီး ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ချက်တွေကြောင့် တရားစွဲဖို့ အခုလို ကြန့်ကြာ သွားရတာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ဘီဘီစီကိုရှင်းပြပါတယ်။
ယာဉ်မောင်း ကိုအောင်ကြီးဟာ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေး ဗစ်တိုးရီးယား လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရမှုနဲ့ ဖမ်းဆီး အမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကနေ ပြန်လွတ်လာခဲ့ပါတယ်။
ဦးဝီရသူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) နဲ့ အမှုဖွင့်ခံထားရ
၄။ ဦးဝီရသူ လာရောက်အဖမ်းခံ
ဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူဟာ တစ်နှစ်ကျော် တိမ်းရှောင်နေရာကနေ ရန်ကုန်အနောက်ပိုင်းခရိုင်၊ရဲတပ်ဖွဲ့မှူးရုံးမှာ နိုဝင်ဘာလ ၂ ရက်နေ့က လာရောက်အဖမ်းခံခဲ့ပါတယ်။
အမျိုးသားရေးဆရာတော်အဖြစ် လူသိများတဲ့ ဦးဝီရသူဟာ ဖမ်းဝရမ်းထုတ်ခံထားရတာ တစ်နှစ်ကျော်ကြာပြီးမှ ရွေးကောက်ပွဲ ကျင်းပဖို့ တစ်ပတ်ခန့်လိုတဲ့အချိန်မှာ လာရောက် အဖမ်းခံခဲ့တာလည်းဖြစ်ပါတယ်။
ဦးဝီရသူ အဖမ်းခံတဲ့အပေါ် သံဃာတော်နဲ့ တပည့်ဒါယကာ တချို့လည်း လာရောက် ဝန်းရံခဲ့ကြပါတယ်။
'ဦးပဉ္စင်းမှာလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် တာဝန်သိ စိတ်ဓာတ်အပြည့်နဲ့၊ တာဝန်သိ တဲ့သူဆိုတာ တာဝန်သိတယ်ဆို တဲ့အတိုင်းပေါ့။ ဦးပဉ္စင်း ပခုံးပေါ်မှာ တာဝန်ကြီး ပိနေတယ်။ ဒါ ကြောင့်မို့ ၂၀၂၀ ရွေးကောက်ပွဲ တစ်စုံတစ်ရာ လုပ်ဆောင်မှုမရှိဘဲ ထောင်ထဲကို သွားမယ်ဆိုရင် တော့ ငါဟာ ပြည်သူ့အတွက် တာဝန်မကျေတဲ့ ရဟန်းတစ်ပါး ဖြစ်သွားလိမ့်မယ်''လို့ ဦးဝီရသူ အဖမ်းမခံမီ ကမ္ဘာအေး ကုန်းမြေမှာ ဟောပြောခဲ့ပါတယ်။
ရဟန်းသံဃာတွေ ပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်တယ်လို့ မဟန ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနက တာဝန်ရှိသူက ထွက်ဆိုခဲ့ပါတယ်။
အမျိုးသားရေးဆရာတော် ဦးဝီရသူ ကို ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ဦးတိုက်လျှောက်ထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)နဲ့ အမှုဖွင့်ပြီး ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ကလည်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာ ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုတဲ့ ဗီဒီယိုဖိုင်ဟာ အွန်လိုင်း အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
မြိတ်မြို့ဟောပြောပွဲအပြီး မေလ ၅ ရက်ကလည်း အမျိုးသားရေးလှုပ်ရှားသူဆိုသူများက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့ မှာပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ အား ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ အား ပြင်ဆင်ရေးဆန္ဒ ပြပွဲမှာလည်း ဦးဝီရသူက စစ် သားများအား ဘုရားလိုကိုးကွယ်သင့်ကြောင်း ဟောပြောခဲ့ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲခံထားရတဲ့ ဦးဝီရသူဟာ ပုဒ်မ ၁၂၄ က အရဆို ထောင် ၂၅ နှစ်ကနေ ၁၄ နှစ်ထိ သူ (ဦးဝီရသူ) ကျခံရနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် ကပြောပါတယ်။
ဦးအောင်ကြည်
၅။ အဂတိကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် နုတ်ထွက်မှု
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ဟာ သူရဲ့ရာထူးက နေ ဒီဇင်ဘာလ ၁ ရက်နေ့က နုတ်ထွက်လိုက်ပြီလို့ ကော်မရှင်ဘက်က ပြောပါတယ်။ လက်ရှိ သမ္မတသက်တမ်း လေးလလောက်ပဲ ကျန်တော့တဲ့ အချိန်မှာ နုတ်ထွက်တာ ဖြစ်လို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်နဲ့ ဝန်ကြီးဟောင်း ဦးအောင်ကြည်က အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ရာထူးကို ၂၀၁၇ နိုဝင်ဘာက စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အကျင့်ပျက် ခြစားမှု အဂတိတွေအတွက် အရေးယူ ဆောင်ရွက်မှုတွေ တိုးလာမှာ ဖြစ်ပြီး၊ အမှုကြီးတွေလည်း ပါဝင်လာလိမ့်မယ်လို့ အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။
သူတာဝန်ယူခဲ့စဉ်မှာ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို အရေးယူနိုင်မှုက ထင်ရှားပြီး လူသိများပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် အဂတိမှုနဲ့ထောင်ချခံရသူတွေထဲ အဆင့်အမြင့်ဆုံး ရာထူးရှိသူ အရေးယူခံရတာဖြစ်
တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ အစားအသောက်၊ ဆေးဝါး ကွပ်ကဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် တို့ အပါအဝင် ရာထူး အဆင့်မျိုးစုံကိုလည်း ကော်မရှင်က ဖော်ထုတ် အရေးယူလာတာကို တွေ့ရပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၂၀၁၃ မှာ ပြဋ္ဌာန်းခဲ့ပြီး လေးကြိမ်အထိပြင်ဆင်ခဲ့ပါတယ်။ နောက်ဆုံး စတုတ္ထအကြိမ်ကို လက်ရှိ ကော်မရှင် လက်ထက် ၂၀၁၈ ခုနှစ် ဇွန် မှာပြင်ဆင်ခဲ့ပါတယ်။
အဂတိတိုက်ဖျက်ရေး ကော်မရှင်ဟာ ၂၀၁၉ မတ်လကစပြီးတော့ ဝန်ကြီးဌာန ၁၅ ခု မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ခွဲ (Corruption Protection Unit) တွေကို ဖွဲ့စည်း နိုင်ခဲ့ပါတယ်။
ပြည်ထောင်စုအဆင့် ဝန်ကြီးအချို့၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ လွတ်တော်ကိုယ်စားလှယ်တွေအပါအဝင် အစိုးရသစ်နဲ့ ဆက်နွှယ် သူအချို့ အဂတိလိုက်စားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပေမယ့် အထက်က ညွန်ကြားမှုတွေကြောင့် အရေးမယူခဲ့ရတာတွေရှိခဲ့လို့ သူနုတ်ထွက်ခဲ့တာလို့ လူမှုကွန်ရက်မှာ ရေးသားတာတွေရှိပေမယ့် တရားဘာဝနာအတွက် အချိန်ပေးချင်တာကြောင့် အခုလို အနားယူသွားတာဖြစ်ပြီး ပြဿနာ တစ်စုံတစ်ရာမရှိဘူးလို့ အဂတိကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုးကပြောပါတယ်။
ဦးအောင်ကြည်ဟာ နိုဝင်ဘာ ၆ ရက်က နုတ်ထွက်စာတင်ခဲ့တာဖြစ်ပေမဲ့ တစ်လနီးပါးကြာမှသာ သမ္မတရုံးက နုတ်ထွက်စာကိုခွင့်ပြုတဲ့အကြောင်း အကြောင်းပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
ဦးအောင်ကြည်ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ပြန်ကြားရေးဝန်ကြီးအဖြစ်ကနေ သက်တမ်းမကုန်ခင် အနားယူခဲ့သူ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အပိုင်း ၂ ကို ဒီနေရာမှာ ဖတ်ပါ။
၂၀၂၀ အတွင်း ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၂
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၃ ဦး အဖမ်းခံထားရသလို အနိုင်ရပြီး ကိုယ်စားလှယ်တစ်ဦး ရှမ်းပြည်နယ်ထဲမှာ လုပ်ကြံခံရတာ ၊ လူ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖားကန့်က စံချိန်တင်မြေပြိုမှုတွေအပြင် တပ်မတော်ရဲ့ ပထမဆုံး ရေငုပ် သင်္ဘော စစ်ရေးလေ့ကျင်တာ၊ ကယားဝန်ကြီးချုပ်ကို လွှတ်တော်က ဖြုတ်ချလိုက်တာ၊ ကိုယ်စားလောင်း တစ်ထောင်ကျော် ဝင်ပြိုင်မယ့် နှင်းဆီပါတီ ဖျက်သိမ်းခံရတဲ့ သတင်းတွေက ၂၀၂၀ ပြည့်နှစ်ထဲမှာ ထူးထူးခြားခြား ရှိခဲ့ပါတယ်။
အန်အယ်ဒီ ကိုယ်စားလှယ်လောင်းတွေ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေး
NLD အမတ်ချို့ ဖမ်းဆီးမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေ ကြုံခဲ့ရ
၂၀၂၀ နိုဝင်ဘာလ ၈ ရက် နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီ မှာ NLD ရဲ့ တောင်ကုတ်မြို့နယ်က ကိုယ်စားလှယ်လောင်း ၃ ဦး ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေ စဉ်မှာ အေအေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသလို ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ NLD ပါတီ ရဲ့ ကျောတ်မဲမြို့နယ်က ကိုယ်စားလှယ် နေအိမ်မှာ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ ဒေါ်ချစ်ချစ်ချော ၊ ဒေါ်နီနီမေမြင့်နဲ့ ဦးမင်းအောင် တို့ကို အောက်တိုဘာ ၁၄ ရက် မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ တောင်ကုတ်မြို့နယ် အနောက်ဘက် ဖောင်းခါးကျေးရွာမှာ လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူငါးယောက်လောက်က လာရောက်ခေါ်ဆောင်သွားတာ ဖြစ်ပါတယ် ။
သူတို့ ၃ ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်ထားခြင်းဖြစ်ပြီး ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အန်အယ်လ်ဒီအစိုးရက ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးရင် အခုဖမ်းထားတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့လည်း အေအေဘက်က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့က စစ်ဆန့်ကျင်ရေးတောင်းဆိုတဲ့ ဆန္ဒပြ
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တောင်ကုတ်၊ သံတွဲ၊ မာန်အောင်၊ ဂွမြို့နယ်တွေမှာ အန်အယ်ဒီ ပါတီအနိုင်ရရှိခဲ့သလို အဲ့ဒီမြို့နယ်တွေဟာ အန်အယ်ဒီ အတွက်ထောက်ခံမှု အများဆုံးရရှိထားတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။
ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ကိုယ်စားလှယ်လောင်းတွေ လွတ်မြောက်ရေးကို ပါတီက ကြိုးပမ်းနေပြီး လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုတဲ့လမ်းကြောင်းတော့ အန်အယ်လ်ဒီမှာ မရှိဘူးလို့ ပြောထားပါတယ်။
ရွေးကောက်ပွဲအပြီး ရခိုင်မှာ တိုက်ပွဲရပ်ပြီး တပ်မတော် နဲ့ အေအေလက်နက်ကိုင် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အခုအချိန်အထိတော့ ဒီအမတ် လောင်းသုံးဦး ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။
ဒါ့အပြင် ကျောက်မဲမြို့နယ် ပင်တိန်ရွာက နေအိမ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ည ၆ နာရီလောက်က ကျောက်မဲခရိုင်က NLD ပါတီကိုယ်စားပြု ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။
အခုအချိန်အထိတော့ သူ့ကို ဘယ်အဖွဲ့က လုပ်ကြံတာ၊ ဘယ်သူက လုပ်ကြံခဲ့တယ်ဆိုတာ မသိရသေးပါဘူး။
ဦးထိုက်ဇော်ဟာ ဒေသခံပါတီတွေ လွှမ်းမိုးခဲ့တဲ့ ကျောက်မဲမှာ နှစ်၃၀ အတွင်း ပထမဆုံး အနိုင်ရတဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် လည်း ဖြစ်ပါတယ်။
ပင်တိန်ကျေးရွာရှိ နေအိမ်ဈေးဆိုင်အတွင်း နိုဝင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းက ဦးထိုက်ဇော်ဟာ ကွမ်းယာနေစဉ် အမည်မသိ လူနှစ်ဦး ဆိုင်ကယ်တစီးနဲ့ လာရောက် ပစ်ခတ်သွားတာဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။
ဦးထိုက်ဇော် သေနတ်နဲ့ လုပ်ကြံခံရမှုဟာ ရွေးကောက်ပွဲနဲ့ဆိုင်တယ်လို့ အကြမ်းဖျဉ်း ပြောနိုင်ကြောင်း ကျောက်မဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဦးထိုက်ဇော် သေနတ်နဲ့ လုပ်ကြံခံရမှုဟာ ရွေးကောက်ပွဲနဲ့ဆိုင်တယ်လို့ပြောဆိုမှုတွေရှိ
ဦးထိုက်ဇော်ဟာ တောင်တွင်းကြီးဇာတိ ဗမာ လူမျိုး ဖြစ်ပြီးတော့ ရွေးကောက်ပွဲမှာ မဲအရေတွက်ရာမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဘက် SNLD ပါတီ ကိုယ်စားလှယ်လောင်းကို ၅၄ မဲအကွာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကျောက်မဲခရိုင်အတွင်း နိုင်ငံရေး ပါတီပေါင်း (၁၀)ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီဒေသ မှာလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လုပ်ကြံမှုတွေ မကြာခဏရှိခဲ့ပြီးတော့ တရားခံကို ဖမ်းဆီးရမိလေ့ မရှိပါဘူး။
ဦးထိုက်ဇော်ဟာ ရွေးကောက်ပွဲကော်မရှင်ကနေ ကျောက်မဲခရိုင် အမှတ်(၁)မဲဆန္ဒနယ် အမျိုးသားလွှတ်တော် အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေညာပြီးဖြစ်လို့ ကိုယ်စားလှယ်အဖြစ် ရှိနေပါတယ်။
ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦး အခုလို လုပ်ကြံခံရတာဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲများသမိုင်းမှာ ပထမဆုံးဖြစ်စဉ်ဖြစ်လို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေထဲမှာတောင် ဒီလိုကိစ္စရပ်မျိုးအတွက် ဖော်ပြတာ မလုပ်ထားသေးဘူးလို့ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေက ထောက်ပြကြပါတယ်။
သေဆုံးသူ ၁၇၄ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိခဲ့
လူ ၁၇၀ ကျော် သေဆုံးခဲ့တဲ့ ဖားကန့်မြေပြိုမှု
ကချင်ပြည်နယ်က ကျောက်စိမ်းရတနာမြေ ဖားကန့်မှာ လူအသေအပျောက် စံချိန်တင်တဲ့ မြေပြိုမှု ၂၀၂၀ ၊ ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဒီမြေပြိုမှုဖြစ်စဉ်ဟာ ဖားကန့်မှာ လူအသေအပျောက်အများဆုံး မြေပြိုမှု ဖြစ်ပါတယ်။
ဖားကန့်မြေပြိုမှုမှာ သေဆုံးသူအရေအတွက် ၂၀၀ လောက် ရှိမယ်လို့ ခန်မှန်းကြပေမဲ့ ဒါ့ထက် ပိုများနိုင်တယ်လို့ ဒီမြေပြိုမှုဖြစ်စဉ်ကနေ လွတ်မြောက်လာသူ ကိုဖြိုးသက်နိုင်က ဘီဘီစီကို ပြောခဲ့ပါတယ်။
မြေပြိုခဲ့တဲ့နေရာဟာ ကျောတ်စိမ်းတူးပြီး စွန့်ပစ်တဲ့ မြေစာပုံတွေဟာ တောင်တွေလိုဖြစ်နေပြီး အလယ်မှာ ရေစုကန်လိုဖြစ်နေတဲ့ နေရာတစ်ခု လည်းဖြစ်ပါတယ်။
အဲ့ဒီကျင်းထဲကို ဆင်းပြီး စွန့်ပစ် ရေမဆေးကျောက်ရှာသူတွေဟာ မြေပြိုကျမယ့်နေ့က မိုးရွာပြီး မြေပြိုမှုတွေရှိနေပေမယ့်လည်း သူ့ထက်ငါ အသက်လုပြီး ကျင်းထဲ ဆင်းတူးတဲ့ အချိန်မှာ လူရာနဲ့ချီပြီးမြေပြိုတဲ့ အထဲကို ပါသွားခဲ့တာလို့ အသက်ဘေးက လွတ်လာသူတစ်ဦးက ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့ပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က သေဆုံးသူ တစ်ဦးကို ငါးသိန်းနဲ့ ဒဏ်ရာရသူတွေကို နှစ်သိန်းစီ ဇူလိုင်လ ၅ရက်နေ့က ထောက်ပံ့
ဇူလိုင် ၂ ရက်နေ့ ဖားကန့် ဝှေခါမှော် မြေပြိုမှု ဖြစ်အပြီး သမ္မတ ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေး ကော်မရှင်ဟာ ဖားကန့်ကို သွားရောက် ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး သမ္မတထံ အစီရင်ခံစာ တင်ခဲ့ပါတယ်။
ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် အဲဒီမှာရှိတဲ့ ဌာနဆိုင်ရာပေါင်းစုံနဲ့ ပူးပေါင်းပြီး တားဆီး ကာကွယ်ရေးကို ဦးစားပေး ဆောင်ရွက်သွားမယ်၊ပညာပေးတာတွေ၊ စောင့်ကြပ် ကြည့်ရှုတာတွေ လုပ်သွားမယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောခဲ့ပါတယ်။
အဲဒီမြေပြိုမှုဖြစ်စဉ်အတွက် ရေမဆေး လောပန်း ၁၃ ဦးကို ထောင် ၃ နှစ်ထိ ကျခံရနိုင်တဲ့ ကျောက်မျက်ဥပဒေ ပုဒ်မ ၅၀ (က) နဲ့ အမှုဖွင့်ခဲ့သလို တပ်မတော်ကလည်း ပြည်နယ် နယ်လုံဝန်ကြီးနဲ့ တပ်မှူးတစ်ဦးကို အရေးယူခဲ့ပါတယ်။
ဖားကန့်မြေပြိမှုနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၅ ရက်နေ့အထိ အလောင်း ၁၇၄ လောင်း တွေ့ရှိထားတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ တည်ထာင်သူ ဦးကျော်မြင့်
ပါတီ ဥက္ကဋ္ဌ အဖမ်းခံရပြီး ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီ
"ငါးနှစ်အတွင်း တိုင်းပြည် မတိုးတက်ရင် ပါတီ ဥက္ကဋ္ဌကို ထောင်ချပါ" ဆိုတဲ့ နှင်းဆီပါတီ လို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဟာ ၂၀၂၀ ရွေကောက်ပွဲ မတိုင်မီ ပါတီ ဥက္ကဋ္ဌ အဖမ်းခံလိုက်ရပြီးတော့ ပါတီ ကိုပါ ဖျက်သိမ်းခြင်းခံလိုက်ရပါတယ်။
၂၀၂၀ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးမှုတွေမှာ နှင်းဆီပါတီဟာ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်နဲ့ ဒုတိယ အများဆုံး ဝင်ပြိုင်လို့ လူတွေကြားမှာ တဖြည်းဖြည်း လူသိများလာခဲ့ပါတယ်။
အငြင်းပွားဖွယ်ရာတွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက် ဦးဆောင်ပြီး နေ့ချင်းညချင်း ပါတီကြီး တစ်ခုဖြစ်လာတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ နိုင်ငံရေးစိတ်ဝင်စားသူတွေကြားမှာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါ။
ပိုပြီး ထူးခြားတာက စက်တင်ဘာ ၂၉ ရက် ညမှာ ပါတီက မဲဆွယ်စည်းရုံးနေချိန် ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ တရားခံပြေးအဖြစ် ဖမ်းဆီးခံခဲ့ရတာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပြီးရင် ကိုယ်စားလှယ်လောင်း ၁,၁၃၁ ဦးနဲ့ ဒုတိယအများဆုံး ဝင်ပြိုင်မယ့်ပါတီရဲ့ အနာဂတ်ဟာ ခေါင်းဆောင် အဖမ်းခံရပြီးနောက်၊ တရားမဝင် ငွေကြေးတွေနဲ့ ဆက်စပ်တယ်လို့ အစိုးရက ဖော်ထုတ်ခဲ့ပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၀ ခုနှစ်မှာ စတင်မှတ်ပုံတင်ခဲ့ပြီး အဲ့ဒီပါတီကို စည်းရုံးရေးလုပ်ငန်းနဲ့ မဲဆွယ်စည်းရုံးရေး ရုံးခန်းဖွင့်လှစ်တာတွေ အတွက် ဦးကျော်မြင့်ရဲ့ မြန်မာကျော် ကုမ္ပဏီက ကျပ် ၁.၄၅ ဘီလျံ ထောက်ပံ့သုံးစွဲတယ်လို့လည်း အစိုးရဘက်က စစ်ဆေးရရှိကြောင်း သမ္မတရုံးက အထူးသတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့ပါတယ်။
ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ နိုဝင်ဘာလ ၁၂ရက်နေ့က ထောင်ပြေးမှုပုဒ်မ ၂၂၄နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့တာပါ။
နှင်းဆီပါတီဟာ ၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒီပဲယင်း၊ သရက်နဲ့ တံတားဦး မြို့နယ်တွေက ၃ နေရာ ဝင်ပြိုင်ခဲ့တာတွေ့ရပါတယ်။ ၁၀နှစ်အကြာ ၂၀၂၀ မှာတော့ အများဆုံးဝင်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ နှင်းဆီပါတီက ၉ ယောက်ပဲ ကွာပါတော့တယ်။
ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေကို ငွေကြေးထောက်ပံ့တာတွေရှိခဲ့ပြီးတော့ ဥက္ကဋ္ဌ ဦးကျော်မြင့် ရဲ့ ဘဏ်ငွေစာရင်းနဲ့ သူနဲ့ဆက်စပ်တဲ့ ဘဏ်ငွေစာရင်း ငွေအဝင်အားလုံးဟာ တရုတ်နယ်စပ်ကနေ ဟွန်ဒီ လို့ခေါ်တဲ့ တရားမဝင် ငွေလွှဲနဲ့ ရောက်လာခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အောက်တိုဘာလ ၁၅ ရက်နေ့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားထားပါတယ်။
၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ နှင်းဆီပါတီဟာ မဲဆန္ဒနယ် တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။
ဦးကျော်မြင့်ဟာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၂၂၄) အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ စတင်ဖမ်းဆီးခဲ့ပြီး ချမ်းအေးသာစံမြို့နယ် တရားရုံးကနေ နိုဝင်ဘာလ ၁၂ရက်နေ့က ထောင်ပြေးမှုပုဒ်မ ၂၂၄နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။
ထောင်ပြေးမှုနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပြီး အရင်ထောင်ဒဏ် လက်ကျန် ၇ နှစ်ကျော်ပါ ပူးပေါင်းကျခံနေရတဲ့ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ဒီဇင်ဘာလမှာတော့ မန္တလေး အိုးဘိုထောင်ကနေ ရန်ကုန် အင်းစိန်ထောင် ကိုပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ နိုင်ငံ အတွင်း တရားမဝင် ပြန်လည်ဝင်ရောက်လာတဲ့ အတွက် လဝက အမှုနဲ့ လည်းရင်ဆိုင်ရဖို့ ရှိနေပေမယ့် လဝကအမှုနဲ့ မန္တလေးက တရားရုံးမှာ တရားစွဲထားမှုကတော့ စီရင်ပိုင်ခွင့်မရှိတဲ့အတွက် ပလပ်ခံထားရပါတယ်။
မင်းရဲသိင်္ခသူရေငုပ်သင်္ဘောဟာ ဒီဇင်ဘာ ၂၄ ရက်က တပ်တော်ဝင်ခဲ့ပါတယ်။
မြန်မာ့ ပထမဦးဆုံးရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ စစ်ရေးစတင်လေ့ကျင့်
မြန်မာ့ ပထမဆုံး ရေငုပ်သင်္ဘောဟာ ၂၀၂၀ ပြည့်နှစ် တပ်မတော် ရေ စစ်ဆင်ရေးမှာ ပါဝင်လာခဲ့ပြီး မြန်မာတပ်မတော်ပိုင် ရေငုပ်သင်္ဘောရဲ့ ပထမဆုံး စစ်ရေးလေ့ကျင်မှုဖြစ်ခဲ့ပါတယ်။
အိန္ဒိယကနေ ဝယ်ယူထားတဲ့ ရုရှားလုပ်ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ ပါဝင်တဲ့ စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းကို မြန်မာ့ပင်လယ်ပြင်မှာ လုပ်ခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
ဒီလို ရေငုပ်သင်္ဘောပိုင်ဖို့ ဆယ်စုနှစ်တွေများစွာကတည်းက အိပ်မက် မက်ခဲ့ပေမယ့် သူ့လက်ထက်မှာတော့ ဒီအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ရေငုပ်သင်္ဘောတွေ ပါဝင်မှ ခေတ်မီတဲ့ ရေတပ်ဖွဲ့ဖြစ်နိုင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒီရေငုပ်သင်္ဘောဟာ ဒီဇယ်လျှပ်စစ်စွမ်းအင်သုံး Kilo အမျိုးအစား တိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီး ဆိုဗီယက်ပြည်ထောင်စုလက်ထက်တုန်းက အိန္ဒိယရေတပ်ကို ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တပ်မတော်ရဲ့ အဓိက တာဝန်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်ဖြစ်ပြီး မြန်မာ့ရေပြင်နယ်နိမိတ်ကို ကာကွယ်ဖို့ ဒီလို ရေငုပ်သင်္ဘောတွေ လိုတယ်လို့လည်း တပ်ချုပ်က ပြောပါတယ်။
ရေငုပ်သင်္ဘော တန်ဖိုးထက် သင်တန်းကုန်ကျစရိတ်က ပိုများကြောင်းတပ်မတော် ပြော
"ပိုက်ဆံရှိလို့မို့လို့ ရေငုပ်သင်္ဘော ဝယ်နိုင်တယ်ဆိုတာထက် ရေငုပ်သင်္ဘောထက် ပိုတန်ဖိုးရှိတာက Training လေ့ကျင့်ရေးပါပဲ။ ရေငုပ်သင်္ဘောတစ်ခု ပိုင်ဆိုင်ဖို့ နှစ်ပေါင်းများစွာ ထရိန်နင် လုပ်ရတာဖြစ်ပါတယ်''လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။
ရေငုပ် သင်္ဘောအတွက် ၂၀၁၅ ခုနှစ်က စပြီး လေ့ကျင်သင်တန်းတွေ တက်ခဲ့ရပြီး ရေငုပ်သင်္ဘော တန်ဖိုးထက် သင်တန်းကုန်ကျစရိတ်က ပိုများကြောင်း လည်း သူကပြောပါတယ်။
အိန္ဒိယက ရေငုပ်သင်္ဘာဝယ်ရတာဟာ တစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်မှုတွေလုပ်တဲ့အခါမှာ ရေနယ်နိမိတ်ချင်း ဆက်စပ်နေတဲ့အတွက် ကိုယ်တိုင် မောင်းသွားလို့ရသလို လိုအပ်တဲ့ သင်တန်းတက်ရမှာလည်း အဆင်ပြေတဲ့အတွက် ဝယ်ယူခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာလည်း ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ထားကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံ ကလည်း ရေငုပ်သင်္ဘောမှာယူထားပြီး ဖြစ်တဲ့အပြင် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံအကြား ရေပိုင်နက်အငြင်းပွားခဲ့ဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ပြီးခဲ့တဲ့ ၂နှစ်ထဲမှာပဲ ရေငုပ်သင်္ဘောနှစ်စီးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
မြန်မာ့တပ်မတော်ရေက လက်ရှိမှာ Green water navy အဆင့်ကိုရောက် ရှိနေပြီလို့ တပ်မတော်က ကိုယ်တိုင်သတ်မှတ်ထားပြီး သမုဒ္ဒရာနှစ်ခုကို ဖြတ်ကျော်လှုပ်ရှားနိုင်တဲ့အဆင့်ကို Blue water Navy အဆင့်ကိုရောက်အောင် ကြိုးစားလာတာဖြစ်ပါတယ်။
ကယားပြည်နယ် ဝန်ကြီးချုပ်ဟာ မယ်စဲ့ မြို့နယ်က ရွေးကောက်ခံပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။
လွှတ်တော်က စွပ်စွဲပြစ်တင်လို့ တာဝန်ကရပ်စဲခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်တယ်ဆိုပြီး ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီးစွပ်စွဲပြစ်တင်ခဲ့ပါတယ်။ ဒါကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ဝန်ကြီးချုပ်ကို ရာထူးက ဖြုတ်ချလိုက်နိုင်တာကြောင့် ပြည်နယ်လွှတ်တော်ရဲ့အဆုံးအဖြတ်အရ သမ္မတက စက်တင်ဘာလ ၃ ရက်နေ့မှာဦးအယ်လ်ဖောင်းရှိုကို တာဝန်က ရပ်စဲခဲ့ပါတယ်။
ဦးအယ်လ်ဖောင်းရှိုဟာ လွှတ်တော်က စွပ်စွဲပြစ်တင်လို့ တာဝန်ကရပ်စဲခံရတဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကယားပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်က ဗမာတိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် ကိုယ်စားလှယ် ၂၀ ဦးရှိပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ဖို့ ပြည်နယ်လွှတ်တော်မှာ စက်တင်ဘာလ ၁ရက်နေ့က မဲခွဲတဲ့အခါ လွှတ်တော်အမတ် အယောက် ၂၀ မှာ ၁၆ ယောက်က ထောက်ခံခဲ့ပါတယ်။
ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမတ် ၁၀ ဦးခန့်ရှိပြီး သူတိုထဲက အချို့ဟာ ဝန်ကြီးချုပ်ကို စွပ်စွဲပြီးဖြုတ်ချဖို့ ထောက်ခံမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကို အဓိက စွပ်စွဲပြစ်တင်တဲ့အကြောင်းကတော့ ကယားပြည်နယ် လွှတ်တော်မှာ အောင်ထားတဲ့အဆို တစ်ခုဖြစ်တဲ့ ကယားပြည်နယ်နေ့ ကျင်းပရာကွင်းနဲ့ တစ်ဆက်တစ်စပ်တည်း ရှိရာ မြေကွက်ကို ပုဂ္ဂလိကပိုင်အဖြစ် ဆောင်ရွက်ထားတဲ့ကိစ္စနဲ့ အရင်အစိုးရလက်ထက်က ဝယ်ယူထားတဲ့ စက်ယန္တရားတွေရဲ့ ငှားရမ်းခတွေကို ကိုယ်ပိုင်ငွေစာရင်းဖွင့်လှစ်သုံးစွဲမှုကြောင့်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဘက်က ဆိုပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့က စွပ်စွဲပြစ်တင်တာတွေကို စစ်ဆေးဖို့ အဖွဲ့ဖွဲ့ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဟာ ဒီအချက်တွေကို အခြေအမြစ် ရှိမရှိ နဲ့ အထောက်အထားနဲ့ မရှင်းလင်းတဲ့ အချက်တွေကိုစစ်ဆေးဖို့ အတွက် ပြည်နယ်စာရင်းစစ်ချုပ် ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်နဲ့ သက်ဆိုင်ရာ ကုမ္ပဏီများကို ဖိတ်ကြားပြီး စစ်ဆေးခဲ့တယ်လို့လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
စစ်ဆေးချက်အဖွဲ့ တွေ့ရှိချက်အရ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပြည်နယ်ရန်ပုံငွေနဲ့ ၀ယ်ယူထားတဲ့ စက်ယန္တရားတွေရဲ့ ငှားရမ်းခရငွေ သိန်း ၅၀၀၀ ကျော်မှာ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးကိုယ်တာအတွက်နဲ့ ပါတီအတွက် တာတွေပါ တွေ့ရတယ်လို့ စစ်ဆေးချက်အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက သူ့ကို ငွေကြေးအလွဲသုံးစားမှုနဲ့ ကယားပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာဟာ တရားလိုက တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် တရားမျှတမှုမရှိဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဦးအယ်ဖောင်းရှိုဟာ မယ်စဲ မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာက ပြန်အနိုင်ရခဲ့ ပြီး ကယားပြည်နယ်ဝန်ကြီးချူပ်ပြန်လည် ခန့်အပ်ခြင်းခံရဖို့ ရေပန်းစားနေပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးဟာ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးချယ်ခံရခြင်းမရှိတဲ့အပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေရှိတာကြောင့် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်ဖို့ကြိုးပမ်းရာမှာပါဝင်ခဲ့တယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေထံကနေ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကတော့ ဒီမိုကရေစီစနစ်အရ လွှတ်တော်ရဲ့အဓိက လုပ်ငန်းတွေကိုသာ ဦးတည်ဆောင်ရွက်ခဲ့တာသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် NLD ပါတီက ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာမှာတော့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးမှာ ပြန်လည်ပါဝင်လာခြင်းမရှိတဲ့နောက်မှာ ပါတီမှ နုတ်ထွက်စာတင်ခဲ့ပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့ပါတယ်။
ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးဟာ ရှားတောမြို့နယ်က ပြည်နယ်လွှတ်တော်မှာ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်ခဲ့ပေမဲ့ အနိုင်ရခဲ့ခြင်း မရှိပါဘူး။
အပိုင်း ၁ ကို ဒီနေရာမှာ ဖတ်ပါ။
အပိုင်း ၃ ကို ဒီနေရာမှာ ဖတ်ပါ။
၂၀၂၀ ရဲ့ ထူးခြားတဲ့ သတင်းဖြစ်ရပ်များ-အပိုင်း ၃
တပ်မတော်ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတိပေးချက်၊ ရလဒ်ကောင်း မထွက်ခဲ့တဲ့ တစ်နှစ်ကျော်အကြာ လွှတ်တော်တွင်းက အခြေခံဥပဒေပြင်ဆင်ရေးနဲ့ အိုင်စီစီမှာ သက်သေထွက်ဖို့ရောက်လာတဲ့ မြန်မာစစ်သားနှစ်ဦး၊ ကိုဗစ်ကာလ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ၊တရုတ်ကုန်သည်တစ်ဦးက မြန်မာဆန်ကုန်သည်တွေဆီက သိန်းပေါင်သောင်းချီလိမ်သွားတဲ့ သတင်းတွေကလည်း ၂၀၂၀ မှာထူးထူးခြားခြား ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ၂၀၂၁ မှာ အသက် ၆၅ နှစ်ပြည့်မှာဖြစ်ပြီး တပ်ချုပ်ရာထူး ဆက်လုပ်မလုပ်ကလည်း စိတ်ဝင်စားစရာပါ။
တပ်မတော်နဲ့ ရွေးကောက်ပွဲ
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလို နိုဝင်ဘာ ၂ ရက် နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ အလွဲအမှားတွေကို ထောက်ကာ အစိုးရကို တာဝန် ယူရမယ်လို့ သတိပေးထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကြိုတင်မဲ အပါအဝင် ရွေးကောက်ပွဲကြိုကာလ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ ကော်မရှင်ကို ခန့်အပ်ထားတာ သမ္မတဖြစ်တာကြောင့် ကော်မရှင်ရဲ့ လုပ်ရပ်တွေအပေါ်မှာ အစိုးရက တာဝန်ခံရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်တွင်းသတင်းဌာနတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ သူ့မှာ ထောက်ပြ ဝေဖန်ရမယ့် တာဝန်ရှိပြီး သူမလုပ်ရင် ဘယ်သူလုပ်မလဲ လို့ တပ်ချုပ်က မေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီမေးမြန်းခန်းအပြီးမှာပဲ အစိုးရဘက်က အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာနယူးစ်တို့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်ချုပ် ပြောကြားချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနဲ့ အနှစ်သာရအရ ကိုက်ညီမှုမရှိဘူးလို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးကပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ထုတ်ပြန်ချက်ဟာ တိကျသေချာမှုမရှိတဲ့ ပြောကြားချက်တွေကို အခြေခံထားပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အထောက်အကူမပြုဘဲ မတည်မငြိမ်ဖြစ်စေရေးကို အားပေးရာရောက်နေတယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးဟာ အစိုးရဦးစားပေးမူဝါဒဖြစ်တယ်လို့ပြော
ရွေးကောက်ပွဲကတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၈၄ ရာခိုင်နှုန်းနီးပါးနဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီးမှာတော့ တပ်မတော်သားများနဲ့ မိသားစုဝင်များ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို ပြန်လည် သုံးသပ်နေပြီး စိစစ် တွေ့ရှိချက်များအရ လိုအပ်ပါက သက်ဆိုင်ရာ မဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို တင်သွင်းသွားမယ်လို့ တပ်မတော်က နိုဝင်ဘာ ၃၀ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပြန်ပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူက သံသယကင်းရှင်းစွာ အသိအမှတ် ပြုနိုင်ရေးနဲ့ ဒီမိုကရေစီ အနှစ်သာရဖြစ်တဲ့ တရားဥပဒေ ကို လေးစား လိုက်နာခြင်း အလေ့အထကောင်းတွေနဲ့ အတူ အနာဂတ် မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ပိုဖြောင့်ဖြူးစွာ တက်လှမ်းနိုင်ဖို့လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီရွေးကောက်ပွဲမှာ တပ်မဲရုံတွေတပ်ပြင် ပထမဆုံးထုတ်ခဲ့ပြီး တပ်မတော်သားတွေလွတ်လပ်စွာမဲပေးခွင့်ရခဲ့တယ်လို့ တပ်ဘက်က ပြောကြားထားပါတယ်။
တပ်မတော် အနေနဲ့လည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေမှာ အခုလို ဆောင်ရွက်ခွင့်ရှိတယ်လို့ အခြေခံဥပဒေ တပ်မတော်ဆိုင်ရာ ပြဌာန်းချက်တွေမှာ ထည့်သွင်းထားတာ မရှိသလို၊ ၁၉၅၄ ခုနှစ် တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေတွေမှာ ရွေးကောက်ပွဲဆိုင်ရာ ဝင်ရောက် ဆောင်ရွက်ခွင့်၊ ပြန်လည် စိစစ်ခွင့် ရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေကို ထည့်သွင်း မသတ်မှတ်ထားဘူးလို့ ဥပဒေရေးရာကျွမ်းကျင်သူ ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ပြောပါတယ်။
အခြေခံဥပဒေ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ပါရှိပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်း ဦးဆောင်တင်သူ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်
ရလဒ်ကောင်းမထွက်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး
၂၀၁၉ ခုနှစ်ကစပြီး ကော်မတီဖွဲ့ပြီးကြိုးပမ်းလာခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ ၂၀၂၀ မတ်လ လွှတ်တော်အတွင်း မဲခွဲတဲ့အထိ တစ်နှစ် ကျော်ကြာအောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ခဲ့ပေမယ့် ရလဒ်မကောင်းခဲ့ပါဘူး။
ဒီဥပဒေတွေ ပြင်ဆင်ရေးဆွေးနွေးတဲ့အခါမှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ၊ NLD ပါတီ ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်း ဆွေးနွေးကြရာမှာ တစ်ဖက်နဲ့ တစ်ဖက် သိက္ခာချ ပြောဆိုမှုတွေ တိုက်ခိုက်မှုတွေ ရှိခဲ့လို့ လွှတ်တော် နာယက က သတိပေးခဲ့ရပါတယ်။
ဒါ့အပြင် လွှတ်တော်နာယကကိုပါ အတိုက်အခံတွေဘက်ကဝေ ဖန်ပြောဆိုတာတွေလည်းရှိခဲ့ပါတယ်။
အန်အယ်ဒီ ဦးဆောင်တဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီဟာ ပြင်ဆင်ရန် အချက်အလက် ၃၇၀၀ ကျော်ကို စုစည်းပြီး ဥပဒေကြမ်း နှစ်ခု တင်သွင်းခဲ့ပြီး တပ်မတော်သားကိုယ်စားလှယ်တွေ နဲ့ ကြံ့ခိုင်ရေးပါတီဘက်က ဥပဒေကြမ်း ငါးခု စုစုပေါင်း ဥပဒေကြမ်း ၇ ခုကို သီးခြား တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်းတွေထဲက တူရာအချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်အဓိကကျတဲ့ ပုဒ်မ ၄၃၆(က) နဲ့ ပုဒ်မ ၄၃၆ (ခ) အောက်မှာ အဓိကထား ပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တစ်နှစ်ကျော်ကြာတဲ့အထိ ဆွေးနွေးငြင်းခုံမှုတွေအပြီး အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၁၃၅ ခုအပေါ် ကိုးရက်တိုင်တိုင် မဲခွဲခဲ့ရာမှာ လေးခုကိုသာ ပြင်ဆင်နိုင်ခဲ့ပါတယ်။ ထိုပုဒ်မနှစ်ခုမှာလည်း 'မသန်မစွမ်း' နှင့် 'မသန်စွမ်း' ကဲ့သို့သော ဝေါဟာရပြင်ဆင်ချက်သာဖြစ်ပြီး အရေးပါတဲ့ ပုဒ်မ ၅၉ စလို့ ၊ ၂၆၁ (က) လိုပုဒ်မတွေ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။
အခြေခံဥပဒေကို စကားလုံးအနည်းငယ်လောက်ကလွဲပြီး ကြီးကြီးမားမားပြင်ဆင်နိုင်ခဲ့တာမရှိခဲ့ပါဘူး။
လက်ရှိ အခြေခံဥပဒေထဲက အချက်တွေကို ပြင်ချင်ရင် လွှတ်တော်ထဲက ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့အထက် ကထောက်ခံမှ ပြင်လို့ရမယ်ဆိုတဲ့ အချက်က အဓိက အဆုံးအဖြတ်ပေးသွားခဲ့တာဖြစ်ပါတယ်။
တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် နေရာယူထားတဲ့ လွှတ်တော်မှာ သူတို့ ထောက်ခံမဲ မရဘဲ ၂၀၀၈ အခြခံဥပေဒ ပြင်ဖို့က သိပ်ကို ခဲယဉ်းတယ်ဆိုတာ ကို သက်သေပြသွားခဲ့တာဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲမှုတွေရှိထားပါတယ်။
အိုင်စီစီရောက် မြန်မာစစ်သားနှစ်ဦး
မြန်မာစစ်သားနှစ်ဦး အိုင်စီစီမှာ သက်သေထွက်ဆိုဖွယ်ရှိတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားတဲ့ Fortify Rights က စက်တင်ဘာလ အတွင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီ မြန်မာစစ်သားနှစ်ဦးဟာ ICC ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့ကို ရောက်ရှိ လာတယ် လို့ တယ်လို့လည်းစက်တင်ဘာလ အတွင်းက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ တပ်သား နှစ်ယောက်ကို အေအေ ရက္ခိုင့်တပ်တော်က မေးမြန်းထားတဲ့ မေးမြန်းခန်းတွေကို ထုတ်ပြန်ချက်အတိုင်မီ အွန်လိုင်းတွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
အဲဒီထဲမှာ သူတို့ကို အထက် တပ်မတော်အရာရှိတွေက စေခိုင်းခဲ့တဲ့ အတွက် ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုတွေ အပါအဝင် ကိုယ်တိုင် ပြစ်မှုတွေ ကျူးလွန်ခဲ့တာရှိတဲ့အကြောင်း ဝန်ခံ ပြောဆိုထားကြတာတွေ Fortifiy Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
စစ်သားတွေက မြန်မာစစ်တပ်က ဒီအမှုတွေ တိုက်ရိုက်ကျူးလွန်တဲ့ ပြစ်မှုကျူးလွန်သူ ဆိုသူ ၁၉ ဦး ရဲ့အမည်တွေနဲ့ ရာထူးတွေကိုပါထုတ်ဖော်ခဲ့ပြီး၊ မြန်မာစစ်တပ်က အကြီးတန်း အရာရှိ ၆ ဦး က သူတို့ကိုအမိန့်ပေးခဲ့ကြောင်းနဲ့ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးသုံးဦး နဲ့သူတို့ဟာ ဒီရက်စက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို သိန်းချီထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ
အရာရှိတွေက " ရိုဟင်ဂျာ တွေကို အမြစ်ပြတ် သုတ်သင်ကြ၊ " တွေ့သမျှ မြင်သမျှ အကုန်ပစ်ကြ " "ဒီနေရာက ရိုဟင်ဂျာတွေကို အကုန်သတ်ကြ" ဆိုပြီး အမိန့်ပေးခဲ့ကြောင်းလည်း သူတို့က ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးဖို့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ၂၀၁၉ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
မြန်မာ အစိုးရဘက်ကတော့ မြန်မာက အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်သလို အိုင်စီစီအနေနဲ့ မြန်မာနိုင်ငံအပေါ်စုံစမ်းမှု ပြုလုပ်ခြင်းဟာ နိုင်ငံတကာ ဥပဒေနဲ့မညီဘူးလို့ တုံ့ပြန်ထားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကျပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ ခံထားတဲ့ ကိစ္စရပ်တွေကို ကနဦး စစ်ဆေးမှုတွေ လုပ်မယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ)က ၂၀၁၈ တုန်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ တရားစွဲထားပြီး တရားရုံးက မြန်မာကလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေးချက် ချထားပါတယ်။
မြန်မာစစ်သားနှစ်ဦး အိုင်စီစီ ရာဇဝတ် တရားရုံးမှာ သက်သေထွက်ရင် ဒီအမှုနဲ့ဆက်စပ်ပြီး အမိန့်ပေးတဲ့ အထက် အရာရှိတွေနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေ ဆက်တွေပေါ်လာနိုင်တယ်လို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ဖြစ်စဉ်တွေကို အဆက်မပြတ်လေ့လာနေတဲ့ လူ့အခွင့်အရေးရှေ့နေ၊ ဖက်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်ကြီး ဦးအောင်ထူးက ဘီဘီစီကို ပြောခဲ့ပါတယ် ။
အိုင်စီစီ တရားရုံးမှာ ရိုဟင်ဂျာ အမှု ထွက်ဆိုဖွယ် ရှိတဲ့ စစ်သား နှစ်ယောက်ဟာ ရက္ခိုင့်တပ်တော် အေအေက ဖမ်းသွားတဲ့ သူတို့ရဲ့ တပ်သားတွေ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့ပြီး ဒီစစ်သည်တွေရဲ့ ပြောကြားချက်တွေမှာ ခြိမ်းခြောက်ခံရပြီး ပြောတဲ့ပြောကြားချက်တွေရှိကြောင်းနဲ့ သူတို့ရဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာကတည်းက မြေပြင်စုံစမ်းမူတွေ ပြုလုပ်ခဲ့ပြီး ကွဲလွဲချက်တွေ ရှိကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပါတယ်။
ဧပြီ ၃၀ ရက်နေ့ က ရန်ကုန်ရှိအထည်ချုပ်လုပ်ငန်းခွင် တစ်ခု မြင်ကွင်း
ကပ်ရောဂါအကြောင်းပြပြီး အလုပ်သမားအရေးလှုပ်ရှားသူထောင်ချီအလုပ်ထုတ်ခံရ
ကိုဗစ်ဒုတိယလှိုင်းမတိုင်ခင် ဇူလိုင်လအတွင်း မြန်မာက အထည်ချုပ်စက်ရုံလုပ်သားတွေဟာ စက်ရုံတွေကနေ အော်ဒါတွေမရတော့တဲ့အတွက် သောင်းနဲ့ချီပြီး အလုပ်လျှော့ခံရတဲ့အထဲ ပါဝင်ခဲ့ပါတယ်။
ဒီလို အလုပ်လျှော့ခံရတဲ့ အထဲမှာ အလုပ်ရှင် တော်တော်များများဟာ အလုပ်သမား သမဂ္ဂတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို ဦးတည်ပြီး အလုပ်ထုတ်တာတွေ လုပ်နေတဲ့အတွက် အလုပ်သမား ဥပဒေကို လေးစားလိုက်နာမှု မရှိတဲ့ အလုပ်ရှင်တွေကို အရေးယူပေးဖို့ တိုင်ကြား တာတွေလည်းရှိခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က အဖွဲ့ဝင် ၃၀၀၀ လောက် အလုပ်လျှော့တဲ့ အထဲမှာပါနေတာကြောင့် အစိုးရဘက်ကို တိုင်ကြားခဲ့ တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Federation of Burmar Worker Myanmar) ရဲ့ တာဝန်ခံ မမိုးစန္ဒာမြင့်က ဘီဘီစီကို ပြောခဲ့ပါတယ်။
ဒီလို အလုပ်ထုတ်မှုတွေဟာ ဒီဇင်ဘာလ တတိယပတ်လောက်အထိ ဆက်လက်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ က လှိုင်သာယာ ရွှေသံလွင် စက်မှုဇုန်က အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၃၀၀ ခန့်အလုပ်ထုတ် ခံခဲ့ရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဘက်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားများ
မန္တလေးတိုင်းမှာလည်း ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အလုပ်သမားပေါင်း ၆၀၀ ဝန်းကျင်ကို အလုပ်ထုတ်ခံရပြီး၊ အဲဒီထဲက အများစုဟာ အလုပ်သမားသမဂ္ဂ အဖွဲ့ထဲ ဝင်ရောက်သူတွေဖြစ်လို့ အထုတ်ခံရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်က ဒီဇင်ဘာ(၁၀)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။
ကိုဗစ်ကာလအတွင်း အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိလာပြီး တချို့ လုပ်ငန်းရှင်တွေကတော့ အမှန်တကယ် စီးပွားရေး လုပ်ငန်းတွေမှာ အရှုံးပေါ်တာကြောင့် ထုတ်တာဖြစ်သလို တချို့ လုပ်ငန်းရှင်တွေကတော့ အကြောင်းမဲ့ အလုပ်သမားတွေ အပေါ် လုပ်ငန်းရပ်စဲတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တစ်ချို့က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အတွင်းအလုပ်သမားတွေကို လုပ်ခလစာ မပေးဘဲ အလုပ်ရှင်ထွက်ပြေးသွားတဲ့ စက်ရုံ ၃ ရုံ ခန့်ရှိခဲ့ပြီး လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်က Su Xing အထည်ချုပ်စက်ရုံက လုပ်ငန်းရှင်ဟာ အလုပ်သမား ၃၂၀ နီးပါးကို လစာမပေဘဲ ထွက်ပြေးခဲ့ပြီး အဲ့ဒီစက်ရုံ က အလုပ်သမားတွေဟာ အခုဒီဇင်ဘာလ အထိ လုပ်ခလစာတွေ မရသေးပါဘူး။
အခုလိုကာလမှာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တို့ကြား ပဋိပက္ခတွေမျိုးစုံ ရှိနေနိုင်ပြီး လုပ်ငန်းရှင်တွေဘက်က လုပ်ငန်းခွင် စည်းကမ်းချိုးဖောက်တဲ့ အလုပ်သမားကို ထုတ်ပယ်ခွင့်ရှိတယ်လို့ အထည်ချုပ် လုပ်ငန်းရှင်တွေဘက်က ဆိုပါတယ်။
မူလတာဝန်ကို ပျက်ကွက်လို့ အရေးယူတာကို သမဂ္ဂတာဝန်ယူလို့ဆိုပြီး တံဆိပ်ကပ်လို့ မရသလို အဲဒီလို အလုပ်သမားဥပဒေကို ချိုးဖောက်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ထိထိရောက်ရောက် အရေးယူ သင့်တယ်လို့ လည်းလုပ်ငန်းရှင်တွေဘက်က ပြောကြပါတယ်။
CMP စနစ်နဲ့ ကုန်ကြမ်းတွေကို ပြည်ပကတင်သွင်းပြီး ချုပ်လုပ်လျက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေအနက် ကိုဗစ်ကာလအတွင်း အထည်ချုပ်စက်ရုံ ၄၂ ရုံအပြီးပိတ်သိမ်းခဲ့ပြီး အလုပ်သမားလေးသောင်းကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ကသိရပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့ဆန်စျေးကွက်ရဲ့ အဓိကအားထားရာ စျေးကွက်ဖြစ်
မြန်မာဆန်ကုန်သည်တွေ သိန်းပေါင်သောင်းချီ အလိမ်ခံရမှု
ပြီးခဲ့တဲ့ နိုဝင်ဘာလ က မူဆယ်ကတစ်ဆင့် တရုတ်ကိုတင်ပို့ထားတဲ့ ကျပ်သိန်းပေါင်း သောင်းချီရှိတဲ့ မြန်မာကုန်သည်တွေရဲ့ဆန်ဖိုးငွေတွေ မရဘဲ တရုတ်ဘက်ကကုန်သည် ထွက်ပြေးသွားခဲ့ပါတယ်။
ငွေပေးချေခြင်းမရှိသေးတဲ့ တရုတ်ကုန်သည်ကို မြန်မာကုန်သည်တွေဘက်ကရောင်းချထားတဲ့ဆန်ဖိုးဟာ မြန်မာငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖိုး ဝန်းကျင်ရှိတယ်လို့လည်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်ဒုတိယဥက္ကဌဖြစ်သူဦးမင်းသိန်းက ဘီဘီစီကို ပြောပြပါတယ်။
အဲဒီ တရုတ်ကုန်သည်ဟာ မြန်မာကုန်သည်တွေဆီကတင် မဟုတ်ဘဲ ရွှေလီအခြေစိုက် ကုန်သည်တွေဆီကလည်း သိန်းပေါင်း ရှစ်သောင်းကျော် လိမ်လည်သွားခဲ့ပြီး စုစုပေါင်း သိန်းပေါင်း တစ်သိန်းကျော် ဖြစ်တယ်လို့လည်း မူဆယ်အခြေစိုက်ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။
မူဆယ်နယ်စပ်ကတစ်ဆင့် မြန်မာ့ဆန် တရားဝင်တင်ပို့ ရောင်းချနိုင်ဖို့ နှစ်ဘက် ကုမ္ပဏီတွေအကြား ၂၀၁၉ခုနှစ်က သဘောတူစာချုပ် ချုပ်ဆိုခဲ့
ဒီဇင်ဘာလထဲမှာ တော့ မူဆယ်နယ်စပ်က တစ်ဆင့် တရုတ်နိုင်ငံဘက်ကို တင်ပို့ရောင်းချထားတဲ့ မြန်မာကုန်သည်တွေရဲ့ ဆန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကို မူဆယ် ကုန်စည်ဒိုင်မှာ စာရင်းကောက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တင်ပြကာ အကူအညီ တောင်းခံသွားမယ်လို့ မူဆယ်နယ်စပ်ဆန်ကုန်သည်အသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
အရင်ကလည်း တရုတ်ကိုဆန်တင်ပို့တဲ့ မြန်မာကုန်သည်တွေအနေနဲ့ ငွေကြေးလိမ်လည် ခံရတာတွေ ရှိခဲ့ဖူးပြီး တရားမဝင် ရောင်းချခဲ့ရတာဖြစ်လို့ ငွေကြေး ပြန်ရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိ မူဆယ်ကတစ်ဆင့် ဆန်တင်ပို့မှုဟာ တရုတ်ကနေ ခွဲတမ်း ကိုတာ ရလို့ တင်သွင်းခွင့်ရထားတဲ့ ကုန်သည်တွေကနေ တရားဝင်လမ်းကြောင်းကနေပဲ တင်သွင်းနေတာဖြစ်ပြီး ငွေကြေးလိမ်လည်ခံရတာမျိုးတွေ မရှိဘဲ ဒီတစ်ကြိမ်ဟာ တရားဝင်တင်သွင်းတဲ့ လမ်းကြောင်းကနေ လိမ်လည်ခံရတာ ပထမဆုံးလို့ ဦးမင်းသိန်းက ပြောပါတယ်။
ဒီငွေကြေး အရှုပ် အရှင်းကိစ္စမှာ အဓိက တာဝန်ရှိသူဟာ တရုတ်ကုန်တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ ဆန်ကုမ္မဏီပိုင်ရှင်ဖြစ်ပြီးတော့ ရွှေလီမြို့ နဲ့ဝမ်တိမ်မြို့တို့က သူပိုင်ဆိုင်တဲ့ ဆန်စက်နှစ်ခုကို ဒီဇင်ဘာလ ၅ ရက်နေ့က အကြွေးရရန်ရှိတဲ့သူတွေက တစ်စစီ ဖြုတ်ယူသွားတဲ့လို့ သိရပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ လအတွင်းက စပြီးတော့ တရုတ်နယ်စပ်ကို ဆန်နဲ့ ဆန်ကွဲတင်ပို့နေရမှုတွေဟာ အရင်နှစ်တွေကနဲ့မတူဘဲ အမြောက်အမြား တင်ပို့ရောင်းချနေရပြီးတော့ လာမယ့်၂၀၂၁ မှာ အခုထက်ပိုပြီး အလားအလာကောင်းနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
ဒါပေမယ့် နှစ်နိုင်ငံ ငွေပေးချေတဲ့ ဘဏ်စနစ်ဟာ အဆင်ပြေမှု မရှိတာကြောင့်မြန်မာကုန်သည်တွေက အခုလိုငွေကြေး အရှုပ်အရှင်းတွေ ထပ်ဖြစ်လာမှာကိုလည်းစိုးရိမ်နေကြ ပါတယ်။
မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်အသင်းချုပ်ကတော့ နယ်စပ်ကုန်သည်တွေအနေနဲ့ တရုတ်နိုင်ငံဘက်ကို ဆန်တင်ပို့ရောင်းချတဲ့ အခါမှာတရုတ်နိုင်ငံအတွင်းကို တရားဝင်ဆန်တင်သွင်းခွင့်ရှိတဲ့ကုမ္ပဏီတွေကိုပဲ ရောင်းချဖို့နဲ့ ငွေကြေးဆုံးရှုံးမှုတွေ မရှိဖို့အတွက်စာချုပ်စာတမ်း စနစ်တကျချုပ်ဆိုကြဖို့ နိုဝင်ဘာလ အတွင်းက နှိုးဆော်ခဲ့ပါတယ်။
အပိုင်း ၁ ကို ဒီနေရာမှာ ဖတ်ပါ။
အပိုင်း ၂ ကို ဒီနေရာမှာ ဖတ်ပါ။






































Comments
Post a Comment