"ဟေ့ကောင်..
ထောင်မှာ ဘုန်းကြီးမရှိဘူး
နားလည်လား?
အချုပ်နဲ့အကျ နှစ်မျိုးပဲရှိတယ်
နောက်တစ်ခါဆိုရင် ထုတ်ရိုက်ပစ်မယ်"
(ဒါက မန္တလေးအိုးဘိုထောင်
ထောင်မှူးကြီးမြမောင် ရဲ့ စကားပါပဲ)
(၁၉၉၀) ခုနှစ်အတွင်း
မန္တလေးနန်းတွင်းထောင်
သီးသန့် (၂)ဆောင်မှာရှိနေတုန်း
တစ်ညနေစောင်းကျတော့
ဇွတ်အတင်းလူဝတ် အလဲခံထားရတဲ့
အကျဉ်းကျသံဃာတွေကို
ဧရာမစဉ့်နှီတုံးကြီးပေါ်မှာ
သူတို့ခြေထောက်တွေအတင်ခိုင်းပြီး
ခြေကျဉ်းရိုက်တာမြင်ခဲ့ရတယ်
သူတို့အားလုံးကို စစ်အစိုးရက
စိတ်ကောင်းစေတနာကောင်းတွေထားပြီး
ရဲဘက်စခန်းတွေဆီပို့့လိုက်တာပါ
ရဲဘက်စခန်းအပို့ခံရတဲ့
ရဟန်းတွေထဲက
မန္တလေးခင်မကန်တိုက်ဆရာတော်
ဦးဓမ္မ အပါအဝင် ရဟန်း(၁၂)ပါးခမျာ
ကချင်ပြည်နယ် "ကြိမ်ခရန်ခ "ရဲဘက်စခန်းမှာ
ပျံလွန်တော်မူရှာပါတယ်
အဲဒီတုန်းကခြေကျဉ်းသံတွေကို
နားထဲမှာခုထိ ကြားယောင်နေမိတုန်းပါပဲ
ခြေကျဉ်းရိုက်ဖို့ တူအထုခံနေရတာ
အောက်ခံ စဉ့်နှီတုံး မဟုတ်တော့ဘဲ
ကျွန်တော်တို့နှလုံးသားဖြစ်သွားတယ်
(၁၉၉၂)ခုနှစ်
ဒုတိယအခေါက် နန်းတွင်းထောင်မကြီး
(၃)တိုက်ထဲနေရပြန်တော့
အစိုးရဆန့်ကျင်စာ ဖယောင်းကူလှိမ့်ပေးရာကနေ ထောင်ချခံရတဲ့ အသိဦးဇင်းတစ်ပါးကို
ထောင်မကြီး အကျသစ်ဆိုက်ရောက်နေတာ
ဖူးတွေ့့လိုက်ရပြန်တယ်
ဒိပြင်ရာဇဝတ်ပုဒ်မ(သူခိုးဂျပိုး)
အကျဉ်းသားတွေနဲ့ ရောနှောခံထားရပြီး ကြမ်းတိုက်တဲ့အလုပ်
လုပ်နေရတယ်ကြားရလို့ စိတ်ထဲမကောင်းနိုင်ခဲ့ဘူး
အဲဒီကာလတုန်းက
ထောင်ကျ"အကျသစ်"တွေကို
လိုင်းကြေးငွေ(ထောင်အခေါ်"ရေ")မရရင်
တစ်နေကုန်ကြမ်းတိုက်ခိုင်းပြီး
ညှင်းပန်းတတ်ပါတယ်
(၁၉၉၈)ခုနှစ်နောက်ဆုံးအခေါက် အိုးဘိုထောင်ထဲရောက်ကာစမှာလည်း
ရုံးချိန်းထွက်တော့
ကျွန်တော်တို့အမှုတွဲဦးဇင်းဦးဝိမလကို ထောင်ဝန်ထမ်းကခြေထောက်နဲ့
ရင်ဝဆောင့်ကန်ပါတယ်
မန္တလေးဘုရားကြီးဗိုက်ဖောက်တဲ့ကိစ္စအမှု
မစိုးရိမ်ဦးဇင်းတစ်ပါးကျတော့
စစ်ကြောရေးမှာ "ဦးဇင်းက …ဦးဇင်းက"လို့ နှုတ်ကျိုးပြီးဖြေမိ ပြောမိတာကိုပဲ
ထောက်လှမ်းရေးက အဲ့ဒီဦးဇင်းကို
ကြမ်းပေါ် ဇွတ်အတင်း ခေါင်းစိုက်လို့
သူ့ခြေထောက်နဲ့
ခေါင်းတုံးပြောင်ပြောင်ပေါ်ဖိနင်းတယ်
" ကျွန်တော်ဦးတင်ဝင်းပါ
ကျွန်တော်ဦးတင်ဝင်းပါ"လို့့လူနာမည်အော်အော် ခိုင်းတယ်ဆိုကိုး
(ဦးဇင်းအမည်ချန်ထားပါရစေ)
မန္တလေးအိုးဘိုထောင်
သီးသန့်ဆောင် ထောင်မှူး(ရဲ မြင့်ဦး)ကတော့
ကျောင်းထိုင်ဘုန်းကြီးတစ်ပါးဖြစ်သူ
ဆရာတော်(အမည် မဖော်ပြလိုပါ)ကို
"ပြောင်ကြီး…ပြောင်ကြီး"ဆိုပြီး
ရိုင်းရိုင်းစိုင်းစိုင်းခေါ်ရုံမက
ခေါင်းပြောင်ပြောင်ကိုလည်း
စသလိုနောက်သလိုမျိုး
လက်ဝါးနဲ့"တဗြောင်းဗြောင်း "ရိုက်တတ်ပါတယ်
အရာရှိလှည့်တဲ့အခါ" ပုံစံ" မထိုင်လို့ဆိုပြီး
ဦးဇင်းအငယ်နဲ့ကိုရင်အချို့ကို
တန်းစီး(အကျဉ်းသားလူကြီး)ကတစ်ဆင့်
ကွင်းပြင်ထဲထုတ် ပုံစံမောင်းပြီး
ညှင်းဆဲခိုင်းတဲ့
ထောင်မှူးကြီးသောင်းမြင့်ကိုလည်း
ကြုံဖူးပါတယ်
သူလည်းအဲ့ဒီလိုလုပ်ပြီး မကြာပါဘူး
ငယ်ငယ်ရွယ်ရွယ်နဲ့
ကင်ဆာကြောင့်သေတယ်ကြားရတယ်
("ပုံစံ "ထိုင်တယ်ဆိုတာ အကျဉ်းသားကို
တင်ပလ္လင်ခွေထိုင် ဒူးပေါ်လက်တင်
ခေါင်းငုံ့ မလှုပ်မယှက် နေခိုင်းပြီး
ညှင်းပန်းခြင်းပါပဲ)
(၁၉၉၀)မန္တလေးရှစ်လေးလုံးနှစ်ပတ်လည် ဆွမ်းလောင်းကြတော့
(၈၄)လမ်းပေါ်မှာ သပိတ်တွေ၊ဆွမ်းတွေ
မြင်မကောင်းရှုမကောင်း
ပြန့်ကြဲကုန်တဲ့အထိအကြမ်းဖက်ဖြိုခွင်းပြီး
အာဏာလက်စောင်းထက်ခဲ့တာ
စစ်အစိုးရပါပဲ
(၂၀၀၇)ရွှေဝါရောင်ကျတော့လည်း
အဝါရောင်သင်္ဃန်းမှာသွေးရောင်လွမ်းအောင်
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တာ
စစ်အစိုးရပါပဲ
စစ်အမွေခံ ဦးသိန်းစိန်အစိုးရကလည်း
အဖထက်သားတစ်လကြီး
ဆရာထက်တပည့်လက်စောင်းထက်လို့့လက်ပန်တောင်းမှာ
သံဃာတော်တွေကိုမီးလောင်ဗုံး ဆက်ကပ်ပူဇော်ပြန်တယ်
ပိဋကတ်သုံးပုံဆောင် တိပိဋကဓရဆရာတော်
ဦးသုမင်္ဂလကိုတောင်မှ မချန်ဘဲ
ဖမ်းဆီးထောင်ချဝံ့တဲ့စစ်အစိုးရ
သံဃာအငယ်များကိုမဆိုထားနဲ့
မစိုးရိမ်တိုက်ဟောင်း တိုက်သစ်
အထင်ကရကျောင်းတိုက်ကြီးတွေရဲ့
နေတစ်ဆူလတစ်ပါးထင်ရှားခဲ့သူ
ဆရာတော်ကြီးနှစ်ပါးကိုတောင်
အတင်းလူဝတ်လဲပြီး
"ရာဇဓမ်မ(ခေါျ)စျိနျမောငျ
"ကောဝိဒ(ခေါ်)မောင်ကျား"ရယ်လို့
ခေါ်ရက် ၊ခေါ်ဝံ့ ၊ခေါ်ရဲခဲ့ကြတဲ့အထိ
အာဏာအဆိပ် ငယ်ထိပ်တက်ခဲ့ကြတာလေ
ကောက်ကျစ်ယုတ်မာတဲ့
လူတစ်စုလက်ထဲမှာအာဏာကို
ဆက်လက်ဆုပ်ကိုင်ထားနိုင်ရေးအတွက်
"သံဃာသင်းခွဲဖို့ လိုလာရင်လည်း
ခွဲမှာပဲ "ဆိုတဲ့အစိုးရပေါ့
ဒီအစိုးရမျိုးကို
ဘာသာ၊သာသနာစောင့်ရှောက်မယ့်
သာသနာပြုမင်းကောင်းမင်းမြတ်ဆိုပြီး
တစ်မိုင်အရှည် လျှာကုဋေနဲ့ပြောလည်း
ဘယ်မှာယုံနိုင်ပါတော့မလဲ?
သမိုင်းမှာ
"သံဃာတွေကိုသတ်ခဲ့တယ်"ဆိုတဲ့
"သိုဟန်ဘွား"အကြောင်း
စာထဲပေထဲ ဖတ်ခဲ့ဖူးတယ်
ခု "စစ်အာဏာရှင်အစိုးရ"ဆိုတာကျတော့
နဖူးတွေ့ဒူးတွေ့မူးမေ့ရင်တုန်
မျက်နှာချင်းဆိုင်ကြုံဖူးတာပါပဲ
သြော်.."အာဏာ"
"အာဏာ"
အာဏာ သေရည်ယစ်မူးမိရင်
"ဘုရား"လည်းမမြင် "တရား"လည်းမဆင်ခြင်
"သံဃာ"လို့ လည်း မထင်နိုင်တော့ပြီပဲ။
ဆရာတော် Canda Siri ၏ ရေးသားထားမှု့အား ပြန်လည်၍ မျှဝေခြင်းသာ ဖြစ်ပါသည် ။
ဘုန်းထက်ကြယ်
"""""""""""""""
Comments
Post a Comment