အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင်တင်သွင်းသည့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အဆိုပြုချက်များမှ ကောက်နုတ်ချက်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင်တင်သွင်းသည့် (၂၀၀၈) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အဆိုပြုချက်များမှ ကောက်နုတ်ချက်
(ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (၂၇.၁.၂၀၂၀) တနင်္လာနေ့ ရက်စွဲဖြင့် ဖြန့်ဝေသည်)
၁။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၄)၊ ပုဒ်မခွဲ (၁၀၉) (ခ)၊ (၁၄၁) (ခ)၊ (၁၆၁) (ဃ) များကို ပြင်ဆင်လိုကြောင်း တင်ပြထားပြီး တပ်မတော်၏ လွှတ်တော် အသီးသီးတွင် ပါဝင်သည့် အချိုးအစားကို လက်ရှိ (၂၅) ရာခိုင်နှုန်းမှ အောက်ပါအတိုင်း အဆင့်ဆင့် လျော့ချရန် အဆိုပြုထားသည်
(၂၀၂၁-၂၀၂၆) ခုနှစ်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၅) ရာခိုင်နှုန်း
(၂၀၂၆-၂၀၃၁) ခုနှစ်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၀) ရာခိုင်နှုန်း
(၂၀၃၁) နောက်ပိုင်း လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၅) ရာခိုင်နှုန်း
၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၁၇) အပိုဒ်ခွဲ (ခ) အား ပယ်ဖျက်လိုကြောင်း အဆိုပြုထား၍ အဆိုပြုချက် အောင်မြင်ပါက
ပြည်ထောင်စု အဆင့်၊ ပြည်နယ် တိုင်းဒေသကြီး အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်များတွင် တာဝန်ထမ်းဆောင်မည့် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး ဝန်ကြီးများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယခင်လို ခန့်အပ်ခွင့် ရရှိတော့မည် မဟုတ်ပေ
(သို့မဟုတ္)
အဆိုပါ နေရာများအား မဖြစ်မနေ ခန့်အပ်ခြင်း တာဝန်ပေးခြင်း ပြုတော့မည် မဟုတ်ပေ
၃။ "နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်" ဟု ပြဌန်းထားသော လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မခွဲ ( ၂၆) (က) အား ပယ်ဖျက်လိုကြောင်း အဆိုပြုထား၍ အဆိုပြုချက် အောင်မြင်ပါက နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့ နှစ်သက်ရာ နိုင်ငံရေးပါတီများတွင် ပါဝင်လှုပ်ရှားခွင့် ရရှိမည်ဖြစ်သည်
၄။ "တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်"
"လက်နက်ကိုင်အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင်ရှိသည်" ဟု ပြဌန်းထားသော
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မခွဲ ( ၂၀) (ဂ) နှင့် ပုဒ်မ (၃၃၈) တို့အား ပယ်ဖျက်လိုကြောင်း အဆိုပြုထားသည်
(ယင်းပုဒ်မခွဲအား ပယ်ဖျက်လိုက်ခြင်းဖြင့် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်ဟု အဓိပ္ပါယ် သက်ရောက်မည်ဟု ယူဆရပါသည်)
၅။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မခွဲ (၄၀) (ခ)၊ (၄၀) (ဂ)၊ ပုဒ်မ (၄၁၇)၊ (၄၁၉)၊ (၄၂၀) အပါအဝင် အရေးပေါ် ကာလဆိုင်ရာ ပြဌန်းချက်များကို ပြင်ဆင်လိုကြောင်း တင်ပြထားပြီး ပြင်ဆင်ပြီးပါက
နိုင်ငံတော်တွင် အရေးပေါ် အခြေအနေ ကျရောက်ပါက နိုင်ငံတော် သမ္မတက ဦးဆောင်ကာ အရေးပေါ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းမည်
(လက်ရှိ တည်ဆဲ ဖွဲ့စည်းပုံအရ နိုင်ငံတော်တွင် အရေးပေါ် အခြေအနေ ကျရောက်ပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဦးဆောင်ရမည်ဟု ပြဌန်းထားသည်)
၆။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်၏ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ သားမက်၊ ချွေးမ တစ်ဦးဦးသည် နိုင်ငံခြားသား မဖြစ်ရဟု ပြဌန်းထားသည့် နာမည်ကြီး ပုဒ်မခွဲ (၅၉) (စ) အား (ပြင်ဆင်ခြင်း မဟုတ်ဘဲ) လုံးဝ ပယ်ဖျက်ရန် အဆိုပြုထားသည်
၇။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင် ပါဝင်မည့်သူများအား ပြင်ဆင်လိုကြောင်း တင်ပြထားသည်
- အခြေခံ ဥပဒေ ပုဒ်မခွဲ (၂၀၁) (ဇ) အရ ကာလုံကောင်စီတွင် ပါဝင်သော ကာကွယ်ရေး ဝန်ကြီးနေရာတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအား အစားထိုး ပါဝင်စေခြင်း
- အခြေခံ ဥပဒေ ပုဒ်မခွဲ (၂၀၁) (ဈ) အရ ကာလုံကောင်စီတွင် ပါဝင်သော နိုင်ငံခြားရေး ဝန်ကြီးနေရာတွင် အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌအား အစားထိုး ပါဝင်စေခြင်း
- အခြေခံ ဥပဒေ ပုဒ်မခွဲ (၂၀၁) (ဋ) အား ပယ်ဖျက်လိုက်ခြင်းဖြင့် နယ်စပ်ရေးရာ ဝန်ကြီးအား ကာလုံကောင်စီတွင် ပါဝင်ခွင့် မပြုတော့ခြင်း
၈။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၉၄) အား ပြင်ဆင်လိုကြောင်း အဆိုပြုထားသည်
ပြင်ဆင်ပြီးပါက "ပြည်ထောင်စု တရားလွှတ်တော်ချုပ်" သည် နိုင်ငံတော်အတွင်းရှိ အရပ်ဖက်နှင့် စစ်ဖက် တရားရုံးများ၏ ထိပ်ဆုံးရှိ အမြင့်ဆုံးတရားရုံးဖြစ်လာမည်
လက်ရှိ တည်ဆဲ အခြေခံဥပဒေတွင် "ပြည်ထောင်စု တရားလွှတ်တော်ချုပ်" သည် အရပ်သား ပြည်သူများ၏ အယူခံရာ အမြင့်ဆုံးတရားရုံး ဖြစ်သော်လည်း တပ်မတော် စစ်ဖက်ဆိုင်ရာ အမှုအခင်းများကို စစ်ဆေးစီရင် အယူခံဆုံးဖြတ်ခြင်း မပြုနိုင်ပေ
၉။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၃၆) အပိုဒ်ခွဲ (က) နှင့် (ခ) အား ပြင်ဆင်လိုကြောင်း အဆိုပြုထားပြီး အဆိုပြုချက်အတိုင်း ပြင်ဆင်ပြီးပါက နောင်တစ်ချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထပ်မံပြင်ဆင်လိုပါက ပိုမို လွယ်ကူလာမည် ဖြစ်သည်
ယခု လက်ရှိ ဥပဒေ ပြဌန်းချက်မှာ ဖွဲ့စည်းပုံအား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ (၇၅) ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်
အဆိုပြုထားသည့် ပြင်ဆင်ချက်မှာ "ရွေးကောက်ခံ" ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော် (၆၆ ရာခိုင်နှုန်းကျော်) က ပြင်ဆင်ရန် သဘောတူပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်မည် ဖြစ်သည်
ထူးခြားချက်မှာ "ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ" ဟု သုံးနှုန်းထားသည့်အတွက် အဆိုပြုချက် အောင်မြင်ပါက နောင်တွင် လွှတ်တော်အတွင်းမှ တပ်မတော်သား ကိုယ်စားလှယ်များသည် ကျန်ကိစ္စရပ်များတွင် မဲပေးနိုင်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များတွင် မဲပေးခွင့် ရရှိတော့မည် မဟုတ်ပေ
၁၀။ ဖွဲ့စည်းပုံ ပုဒ်မ (၁၈၈) ကို ပြုပြင်လိုကြောင်း တင်ပြထားပြီး အဆိုပြုချက်မှာ
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များကသာ ကျင့်သုံးခွင့်ရှိသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား (၃) ပါ ဥပဒေပြု စာရင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကပါ ပူးတွဲ ကျင့်သုံးခွင့် ရရှိမည်
နောက်ထပ် အဆိုပြုထားသည်မှာ ပုဒ်မ (၁၉၆) ကို ပြင်ဆင်လိုပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များကသာ ကောက်ခံခွင့်ရှိသော ဇယား (၅) ပါ အခွန်အခများအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များ ပူးတွဲအပ်နှင်းသည်
၁၁။ ပုဒ်မခွဲ (၂၀၄) (ခ) ကို ပြင်ဆင်လိုကြောင်း အဆိုပြုထားပြီး အဆိုပြုချက် အောင်မြင်ပါက
နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ၏ ထောက်ခံချက်မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်
လက်ရှိ ဖွဲ့စည်းပုံ ပြဌန်းချက်အရ နိုင်ငံတော် သမ္မတသည် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းအား ပေးအပ်သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (pardon) အား ပေးနိုင်သော်လည်း အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (amnesty) အား ကာလုံကောင်စီ၏ သဘောတူညီချက်ဖြင့်သာ ပေးနိုင်သည်
(ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (pardon) ဆိုသည်မှာ "မောင်ဖြူအား ထောင်မှ လွှတ်စေ၊ မောင်နီအား ထောင်မှ လွှတ်စေ" စသော တစ်ဦးတစ်ယောက်၏ နာမည် အတိအကျဖြင့် ပြစ်ဒဏ်သက်သာခွင့် ဖြစ်သည်
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် (amnesty) ဆိုသည်မှာ "သေဒဏ်ကျ အကျဉ်းသားများအား ထောင်ဒဏ် တစ်သက်သို့ လည်းကောင်း၊ ထောင်ဒဏ် အနှစ် (၂၀) ကျခံနေသူများအား ထောင်ဒဏ် (၁၀) နှစ်သို့ လည်းကောင်း၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်ကျခံနေရသူများအား ထောင်မှ လွှတ်ရန်" စသော စည်းကမ်းဖြင့် အကျုံးဝင်သူ အားလုံးအား အပြစ်မှ သက်သာ လျော့ပေါ့ လွှတ်ပေးခြင်းဖြစ်သည်)
၁၂။ ဖွဲ့စည်းပုံ ပုဒ်မ ( ၂၃၂)အပိုဒ်ခွဲ (ည) အပိုဒ်ခွဲငယ် (၂) ကို ပြင်ဆင်လိုကြောင်း ဖော်ပြထားပြီး ပြင်ဆင်လိုသည်မှာ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး (၃) ယောက်သည် တပ်မတော်သားများ ဖြစ်ပါက တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်းစားယူရမည် ဖြစ်သည်
(ယခု တည်ဆဲပြဌန်းချက်တွင် အထက်ပါ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်သူ ဝန်ကြီးများသည် တပ်မတော်မှ နှုတ်ထွက်ရန် မလိုအပ်ဘဲ ဝန်ကြီးတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နိုင်သည်)
၁၃။ နောက်ထပ် အဆိုပြုချက် တစ်ခုမှာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂၃၂)အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် (၁) အရ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အသက် (၄၀) နှစ် ပြည့်ပြီးသူ ဖြစ်ရမည် အစား အသက်ကန့်သတ်ချက်ကို လျော့ချပြီး အသက် (၃၅) နှစ် ပြည့်ပြီးသူဟု ပြင်ဆင်မည် ဖြစ်သည်
၁၄။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးအား တာဝန်မှ ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒရှင် စုစုပေါင်း၏ "အနည်းဆုံး တစ်ရာခိုင်နှုန်း"က စတင် တိုင်တန်းရမည် ဆိုသော လက်ရှိ ပုဒ်မ (၃၉၆) အပိုဒ်ခွဲ (ခ) အား "အနည်းဆုံး ၂၀ ရာခိုင်နှုန်း" က တိုင်တန်းရမည်ဟု ပြင်ဆင်လိုကြောင်း ဖော်ပြထားသည်
(လက်ရှိတွင် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ရမည်ဟု ပြဌန်းထားပြီး ယင်း အချက်ကိုမူ ပြင်ဆင်ရန် အဆိုပြုထားခြင်း မရှိပါ)
၁၅။ ပုဒ်မ (၄၃၇) အပိုဒ်ခွဲ (က) ပါ နိုင်ငံတော်အလံအား လက်ရှိ သုံးရောင်ခြယ် အလယ်တွင် ကြယ်တစ်လုံးနှင့် အလံအား ကြယ်ဖြူ (၁၄) လုံးပါ အနီနှင့် အပြာခံ အလံအဖြစ် ပြောင်းလဲလိုကြောင်း တင်ပြထားသည်
(ပြောင်းလဲရန် အဆိုပြုထားသည့် အလံအား ပူးတွဲပါပုံဖြင့် ဖော်ပြထားပါသည်)
၁၆။ နောက်ဆုံး တင်ပြလိုသည့် ပြင်ဆင်ရန် အဆိုပြုချက်မှာ
"နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့" နှင့် "နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ" အဖွဲ့ဝင် တစ်ဦးဦးအား လည်းကောင်း၊ အဖွဲ့၏ လုပ်ဆောင်ချက်များအား လည်းကောင်း၊ ၎င်းတို့ တာဝန်ယူစဉ်ကာလအတွင်း လုပ်ဆောင်ချက်များအား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရဟု ကန့်သတ်ထားသော လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၄၅) အား လုံးဝ ပယ်ဖျက်ရန် အဆိုပြုထားပါကြောင်း
မိဘပြည်သူများအား လေးစားစွာ အကျဉ်းချုပ် အစီရင်ခံ တင်ပြအပ်ပါသည်
ဦးအောင်လှိုင်ဝင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာဒုံမဲဆန္ဒနယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာဒုံမဲဆန္ဒနယ်

Comments
Post a Comment