
ဓာတ်ပုံ- အီးပီအေ
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ သိန်းနှင့်ချီသော မွတ်ဆလင်များ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် အမှုဖွင့်ခံရမှုကို ချေပနိုင်ရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က ကူညီသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။
"ကျွန်တော်တို့ အနေနဲ့လိုအပ်တဲ့ အချက်အလက်တွေ ပံ့ပိုးကူညီဆောင်ရွက်နေတာတွေ၊ လိုအပ်တဲ့အချက်အလက်တွေ ပြုစုနေတာတွေ၊ ညှိနှိုင်းတိုင်ပင်နေတာတွေ ရှိပါတယ်" ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၁၇ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အာဆာအကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့သည်ဟု အစ္စလာမ်မစ်ပူးပေါင်းအဖွဲ့ (OIC) နှင့် အနောက်အင်အားကြီး နိုင်ငံများက စွပ်စွဲထားကြသည်။ ယခုအခါ အိုအိုင်စီအဖွဲ့ဝင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် ပြန်လည်ချေပမည့် မြန်မာကိုယ်စားလှယ် အဖွဲ့အား ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုအခြေအနေမျိုးဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက ကြိုတင်တွက်ဆထားပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးကလည်း သတင်းမီဒီယာများသို့ ပြောဆိုထားသည်။ လက်ရှိတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုကို တုန့်ပြန်ရန် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်ရှေ့နေကြီးများကို မြန်မာအစိုးရက ငှားရမ်းထားပြီးဖြစ်သည်ဟု အစိုးရ၏ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယ်သာလန်နိုင်ငံThe Hague မြို့ကို မသွားခင် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတော်သမ္မတ၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
https://myanmar.mmtimes.com/news/131309.html?fbclid=IwAR2dxE8P7dp8KcNkY_CY8hkcJZdhH-X5_4ETFE4jcw8ZJrT5c2PzfhmSjXM
Comments
Post a Comment