လူမဆန်သော သတ်ဖြတ်မှု ကျူးလွန်သူများကို ဖော်ထုတ်အရေးယူ ရှုတ်ချခြင်းဖြင့် မြန်မာ့လူ့အဖွဲ့အစည်းကို ကာကွယ်ရမည်
------------------------------------------------------------------------------------------------------
ပြည်တွင်းစစ်မီးတောက်လောင်နေသော မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုနှုန်းမြင့်တက်နေချိန် အောက်တိုဘာလ ၃၀ ရက်နေ့တွင် လူတစ်ဦးကို လက်ပြန်ကြိုးတုပ်၍ မသေမချင်း ဝါးရင်းတုတ်ဖြင့် ရိုက်သတ်သော ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပျံ့နှံ့လာသည်။
မူရင်းစတင်ဖြန့်ဖြူးသူများမှာ စစ်လော်ဘီဟု ဆိုသော Facebook Account များမှတစ်ဆင့် ပျံ့နှံ့လာခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်မှာ တိုင်းရင်းသားဒေသတစ်ခုတွင် အမှန်တကယ် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ယင်းလူသတ်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့က ကျူးလွန်သည်ဆိုသည်ကို သက်သေသာဓကများဖြင့် အတည်ပြုနိုင်ရန် ခက်ခဲနေသော်လည်း ယင်းကျူးလွန်သူများသည် လူမဆန်လွန်းသော၊ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာဘီလူးများ၊ လူစိတ်ပျောက်နေသူများဟု ဆိုရပေမည်။
အဆိုပါ လူသတ်မှုဖြစ်စဉ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ၊ လူ့အခွင့်အရေး၊ စံချိန်၊ စံညွှန်းများကို အဆိုးဝါးဆုံး ချိုးဖောက်သည့် လူသတ်မှုဖြစ်စဉ်လည်းဖြစ်သည်။
အသတ်ခံရသူသည် မည်ကဲ့သို့သော ပြစ်မှုမျိုးကျူးလွန်စေကာမူ ယင်းကဲ့သို့ ရက်ရက်စက်စက် လူမဆန်စွာ အသတ်ခံရသည့် ပြစ်ဒဏ် ချမှတ် သတ်ဖြတ်ခြင်းသည် အလွန်ရိုင်းစိုင်း ယုတ်မာ ရက်စက်လွန်းသော စီရင်မှုမျိုးဖြစ်ပြီး ယင်းလုပ်ရပ်မျိုးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြင်းပြင်းထန်ထန်ရှုတ်ချသည်။
ဥပမာနှိုင်း၍ ပြရပါမည်ဆိုလျှင် ကမ္ဘာပေါ်တွင် အလွန်အကြမ်းဖက် ရက်စက်သော ISIS များကဲ့သို့ပင် မြန်မာနိုင်ငံတွင် အမှန်တကယ် လက်တွေ့ ဖြစ်ပွားလာနေခြင်းမှာ အလွန်မှပင် ၀မ်းနည်းအံ့သြဖွယ်ရာ ကောင်းလှသည်။
လက်ပြန်ကြိုးတုပ်ထားသော လူတစ်ဦးကို အုပ်စုဖွဲ့၍ ဝုိင်း၀န်း ရိုက်နှက်သတ်ဖြတ်သည့် ဖြစ်စဉ်ပါ၀င်သူများကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် အရေးယူရမည့်အပြင် သေဆုံးခဲ့ရသူ၏ မိသားစုဆွေမျိုးများကိုလည်း ၀န်ခံတောင်းပန် ရမည်ဖြစ်သည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ရက်စက်ကြမ်းကြုတ်သော ယင်းလူသတ်မှုဖြစ်စဉ်မျိုး ကျူးလွန်လုပ်ဆောင်ခဲ့ခြင်း ရှိ၊ မရှိ ပြန်လည်စိစစ်၍ အမြန်ဆုံး ဖော်ထုတ်အရေးယူရမည်ဖြစ်သည်။ နောက်နောင် ယင်းကဲ့သို့သော ဖြစ်စဉ်မျိုး မဖြစ်စေရန် တားဆီးရမည်ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ထိုသို့သော လူမဆန်သော လူသတ်မှုဖြစ်စဉ်ကို လျစ်လျူရှုထားပါက အမုန်းတရား၊ အာဃာတတရားနှင့် သံသယများသည် ၁၉၉၄ ခုနှစ် လူပေါင်း ၈ သိန်းကျော် သေဆုံးခဲ့ရသော ရ၀မ်ဒါနိုင်ငံမှ ဟူတူး နှင့် တူဆီ မျိုးနွယ်စုနှစ်ခုအကြား ပရမ်းပတာ အကြမ်းဖက် လူသတ်မှုများအထိ ဖြစ်စေနိုင်သည်ကိုလည်း သတိပြုရပေမည်။
လက်ပြန်ကြိုးတုပ်ထားသူတစ်ဦးကို ဝါရင်းတုတ်ဖြင့် ရိုက်သတ်မှုကို မည်သူကမှ ဖော်ထုတ် အရေးယူမှု မလုပ်နိုင်ပါက မြန်မာပြည်သည် ISIS နယ်မြေ အဖြစ်သို့လည်းကောင်း၊ ရ၀မ်ဒါလူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စဉ်များကဲ့သို့လည်းကောင်း အချိန်မရွေး ပြောင်းလဲဖြစ်ပေါ်နိုင်ပါကြောင်း သတိပေးအပ်ပါသည်။
www.khitthitnews.com
Source:Khitthit
Source:Khitthit
BKL🇲🇲
Comments
Post a Comment