Nway Oo Mg သည် ခ်စ္ သမီး၊ အခြား ၄ ယောက် တို့နှင့်အတူ ရှိနေသည်။
ဗမာအစိုးရက ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူအသစ်တွေ ဂျာမဏီနိုင်ငံမှာ ရိုက်နှိပ်မယ်လို့ ကြေညာပြီးတဲ့နောက်မှာ ငွေစက္ကူအတုလုပ်ငန်းဟာ တမဟုတ်ချင်း ပျောက်ကွယ်သွားပါတယ်။ ရှင်ဘုရင် ဘယ်ကထွက် မင်းကြီးတာကထွက်ဆိုသလိုပါ။ ငွေစက္ကူအတုဆိုတာ တခြားတနေရာက ပေါ်ထွက်နေတာမျိုးမဟုတ်ဘဲ စစ်တပ်ချုပ်ကိုင်မှုအောက်မှာရှိနေတဲ့ ဝါဇီစက်ရုံက ပေါ်ထွက်နေတာဖြစ်ပါတယ်။
စစ်တပ်က အာဏာလက်ရှိအစိုးရကို လုပ်ကြံနေတဲ့အထဲမှာ ငွေစက္ကူထိုးစစ်ကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဗမာပြည်ဟာ ငွေစက္ကူနဲ့ပတ်သက်ရင် အကဲဆတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဘယ်တိုင်းပြည်မဆို ငွေစက္ကူအတုဈေးကွက်ပေါ်ထွန်းလာမှာ ကြောက်ပါတယ်။ တရားမဝင်ရိုက်နှိပ်ထုတ်ဝေတဲ့ ငွေစက္ကူအတုတွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးဈေးကွက်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေပါတယ်။ ဗမာပြည်ကတော့ သူများထက်ပိုပြီး ငွေစက္ကူကိစ္စကို ခါးခါးသီးသီးဖြစ်နေရတာ အကြောင်းရှိပါတယ်။
တိုင်းပြည်မှာ ငွေစက္ကူတွေကို တရားမဝင်ကြေညာပြီး လူထုရဲ့ ချွေးနည်းစာကို လုယူတာ သုံးကြိမ်သုံးခါတောင် ဖြစ်ခဲ့ဖူးတာပါ။ ဒီလိုပြည်သူ့ဘဏ္ဍာဓါးပြတိုက်မှုကြီးကြောင့် အာဏာရှင်ဗိုလ်နေဝင်းခေတ် အဆုံးသတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဗိုလ်နေဝင်းခေတ် အဆုံးသတ်ရတဲ့အကြောင်းကိုပြန်ပြောရင် အဓိကကိစ္စတခုတည်းကို မဲတင်းပြီး ကောက်ချက်ဆွဲဖို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်မှာ ဒီမိုကရေစီဆိတ်သုန်းနေတာ၊ အကျင့်ပျက်ခြစားမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတာ၊ စစ်တပ်အဓမ္မအနိုင်ကျင့်မှုတွေ တရားလက်လွတ်ဖြစ်နေတာ၊ အလုပ်သမားလစာက မသေရုံ အသက်ရှင်ရပ်တည်ဖို့တောင် ခက်ခဲနေတာ၊ လယ်သမားတွေ စပါးအသိမ်းခံရတာ၊ တိုင်းပြည်စီးပွားရေးနိမ့်ကျပျက်စီးနေတာ၊ တက္ကသိုလ်ပရဝဏ်ထဲအထိ ဝင်ပြီး လူသတ်တာ စတဲ့အကြောင်းအချက်တွေ အများကြီးပါ။
များပြားလှတဲ့ ဖောက်ပြန်မှားယွင်းမှုတွေကို စစ်တပ်ကပဲ အဓိကကျူးလွန်ခဲ့တာပါ။ ဒါကြောင့် ပြည်သူတွေက စစ်တပ်ကို နာကျည်းမုန်းတီးတာပါ။ ဒီလို နာကျည်းမှုတွေဟာ လွယ်လွယ်နဲ့ အဆုံးမသတ်နိုင်ပါဘူး။ ဒါဟာ လူတဦးချင်းရဲ့သာမန်မှားယွင်းဖောက်ပြန်မှု၊ အကျင့်ပျက်ခြစားမှု မဟုတ်ပါဘူး။ စစ်ဗျူရိုကရက်အရာရှိဆိုးတွေရဲ့ တိုင်းပြည်အပေါ် သစ္စာဖောက်မှု ကိုယ်ကျိုးရှာမှု ဆိုတာတွေထက်လည်း ပိုလေးနက်ပါတယ်။ ဒါကတိုင်းပြည်လူထုအပေါ်စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ဂုတ်သွေးစုတ်မှုပါ။ ပြင်လို့မရ ပြောင်းလို့မရတဲ့ လူတန်းစားပြဿနာပါ။
ပြဿနာအားလုံးရဲ့ ရေသောက်မြစ်ဟာ စစ်အာဏာရှင်စနစ်က မြစ်ဖျားခံတာချည့်ပါပဲ။ ဒါကြောင့်သာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးဟာ ပြည်သူတွေရဲ့ အဓိက ရည်မှန်းချက်ဖြစ်နေတာပါ။ သတင်းစာဆရာအောင်ဗလက ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှဆိုတဲ့စာအုပ်ရေးဖူးပါတယ်။ ဗိုလ်နေဝင်း အကြံပက်စက်သမျှဆိုတဲ့စာအုပ်ကိုသာ ထပ်ရေးခဲ့ရင် ငွေစက္ကူဓါးပြတိုက်မှုဟာ စာမျက်နှာ ၁ က စပါမယ်ထင်ပါတယ်။ ငွေစက္ကူသိမ်းတာကို ပြည်သူတွေက ခါးသီးနာကျည်းမှန်း စစ်တပ်က ကောင်းကောင်းကြီးသိပါတယ်။ ဒါကြောင့်သာ နဝတ နအဖ ကြံ့ဖွတ်ခေတ်တွေမှာ ငွေစက္ကူတရားမဝင်ကြေညာတာမျိုးမလုပ်ပါဘူးလို့ အထပ်ထပ်အခါခါ ကတိပေးဖျားယောင်းခဲ့တာပါ။
ဒီချုပ်အစိုးရလက်ထက်မှာတော့ အခြေအနေက တမျိုးပြောင်းသွားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီချုပ်ကိုကျုံးသွင်းဖို့ အထူးစပါယ်ရှယ်ရေးဆွဲထားတဲ့ဥပဒေပါ။ ဒီချုပ်ဟာ ၂၀၀၈ ဥပဒေအောက်မှာ ရုပ်သေးအစိုးရအဖြစ်နဲ့ပဲနေရမှာပါ။ ဒီချုပ်အစိုးရရယ်လို့ရှိနေတာကိုက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့ရှိနေရတာပါ။ တိုင်းပြည်လူထုနဲ့ကမ္ဘာ့ပြည်သူ တရပ်လုံးကို လိမ်ညာမှိုင်းတိုက်ပြီး စစ်အာဏာရှင်စနစ်ဆိုးကြီးဆက်လက်တည်တံ့နေအောင် ကြံစည်တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်သူဟာ သူတို့ထင်သလောက် မအပါဘူး။ စစ်အုပ်စုနဲ့ ပရောပရီလုပ်နေတာကို မနှစ်မြို့တဲ့ကြားကပဲ လူထုက ဒီချုပ်ကို ပုံအော ထောက်ခံပစ်ခဲ့တယ်။ စစ်အုပ်စုအဖို့တော့ ခဲလေသမျှ သဲရေကျဖြစ်ရတာပဲ။ ခိုးချင်တိုင်းခိုး ဝှက်ချင်တိုင်းဝှက် ထင်ရာစိုင်း ရိုင်းပျခွင့်ရခဲ့တဲ့ စစ်အာဏာရှင်ခေတ်ကြီးကို လက်မလွှတ်နိုင်ဖြစ်နေရတယ်။ တဖက်ကလည်း ဒီအတိုင်းဆက်သွားရင် စစ်တပ်ပါပြိုကွဲပြီး သေပွဲဝင်ရတော့မယ့်ကိန်း ဖြစ်နေတယ်။ စစ်တပ်ဟာ မလူးသာမလွန့်သာ မတိုးသာမဆုတ်သာ အခြေအနေဆိုးနဲ့ရင်ဆိုင်နေရပြီ။
အကြံကုန် ဂဠုန်ဆားချက်ဆိုတဲ့ စကားအတိုင်းပါပဲ။ စစ်ဗိုလ်တွေကြံရာမရတော့ နောက်ဆုံးလက်နက်ကို ထုတ်သုံးကြတာပါ။ တိုင်းပြည်လူထု အထိနာအောင် ဒီချုပ်အစိုးရ ယဉ်ပါးလာအောင် ငွေစက္ကူထိုးစစ်ဆင်ခဲ့တာပါ။ လုပ်ပုံက အတော်မိုက်ရိုင်းပါတယ်။ ငွေစက္ကူအတုတွေကို ဘဏ်တွေ ကော်ပိုရေးရှင်းတွေ ကာတယ်တွေ ဆင်ဒီကိတ်တွေလက်ထဲပို့လိုက်တာ မဟုတ်ပါဘူး။ ခေါင်းရွက်ဖြတ်ထိုးဈေးသည်တွေ အောက်ခြေလူထုတွေ အိမ်ဖော် စာရင်းငှား ကျေးလက်လယ်သမားတွေ လက်ထဲရောက်အောင် ပို့ပေးလိုက်တာပါ။ အတော်ရယ်စရာကောင်းတဲ့ ကသောင်းကနင်းဖြစ်စဉ်တွေ ဟန်ပြလုပ်ပြီး လူထုကိုလှည့်ဖျားခဲ့ပါတယ်။ စာကူးစက် မိတ္တူ ကွန်ပြူတာ ပရင့်တာသုံးပြီး ငွေအတုလုပ်တယ်ဆိုတဲ့ဇာတ်လမ်းပါ။ ဒီလောက်လွယ်ရင် လူတိုင်းဘီလျံနာဖြစ်ကုန်တော့မပေါ့။
တကယ်က ငွေစက္ကူအတုဟာ ဝါဇီကပဲ ထွက်တာပါ။ နံပါတ်တူတွေရိုက်မိရုံမကတော့ဘဲ အတုလုပ်ရမှာ ခဲယဉ်းတဲ့ အစစ်ရဲ့လုံခြုံရေးလျှို့ဝှက်ချက်တွေပါထည့်ရိုက်မိရာကနေ ပြည်သူတွေ ရိပ်မိကုန်တယ်။ ဒီချုပ်အစိုးရကလည်း ဒီတော့မှ သဘောကောင်းတဲ့ဗိုလ်ချုပ်ကြီးတွေရဲ့ စကောလောက်မှဇောက်မနက်တဲ့ အကြံဆိုးတွေကို ရိပ်စားမိတာပါ။ ဒါကြောင့် ငွေစက္ကူအသစ်တွေကို ဝါဇီမှာ မရိုက်တော့ဘူး။ ဂျာမနီမှာရိုက်မယ်လို့ ဖြစ်သွားရတာပါ။
အဲဒီလိုလည်း အသံထွက်လာရော ဈေးကွက်ထဲမှာ ဗုံးဗောလအော ပြန့်နှံ့နေတဲ့ ငွေစက္ကူအတုတွေဟာ တမဟုတ်ချင်းပျောက်ကွယ်သွားပါတော့တယ်။ ဒီချုပ်အစိုးရရဲ့စစ်သားကလေးတွေ တဖက်လေးငါးရာနဲ့ ငှက်ဖျားငန်းဖမ်းဇာတ်ကနေတာ ဤတွင်၍ တခန်းရပ်ခဲ့ရပါတယ်။ ငွေစက္ကူအတုထိုးစစ် ကျဆုံးသွားတဲ့အတွက် စစ်တပ်က သူထုတ်ထားတဲ့ငွေစက္ကူအတုတွေကို သူ့ဖာသာ ပြန်ရုပ်သိမ်းသွားခဲ့ရတာပါ။ ဒါပေမဲ့ စစ်အုပ်စုရဲ့ အကြံဆိုးတွေက တမျိုးမဟုတ်တမျိုး ဆက်တိုက်ရောက်လာဦးမှာပါ။
စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသမျှ ပြည်သူ့ ဒုက္ခ ဆုံးခန်းမတိုင်သေးပါဘူး။

Comments
Post a Comment