မူလတန်းကျောင်းတွေမှာ ခေါင်းစည်းပ၀ါခြုံတာကို ပိတ်ပင်ဖို့ ရည်ရွယ်တဲ့ ဥပဒေတရပ်ကို သြစတီးယား လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့မှာသဘောတူခဲ့တာဖြစ်ပြီး ဒီဆောင်ရွက်မှုကို လက်ရှိအုပ်ချုပ်နေတဲ့ လက်ယာယိမ်း အစိုးရကနေ အဆိုပြုခဲ့တဲ့တာဖြစ်ပါတယ်။
ဒီဥပဒေကို မူကြိုကျောင်းအရွယ်ကလေးငယ်တွေမှာ ပိတ်ပင်ထားပြီးသားဖြစ်ပြီး အခုသဘောတူလိုက်တာက ၆နှစ် နဲ့ ၁၀နှစ်အရွယ် မိန်းကလေးငယ်တွေကို ရည်ရွယ်တာဖြစ်ပါတယ်။
မူဆလင်တွေကို ဆန့်ကျင်တဲ့ ခွဲခြားဆက်ဆံမှုဥပဒေစွဲချက်တွေကို ရှောင်ရှားဖို့အတွက် “အတွေးအမြင် သဘောတရား ဒါမှမဟုတ် ဘာသာရေး လွှမ်းမိုးမှုကြောင့် ခေါင်းကိုဖုံးပြီးဝတ်ဆင်ရတဲ့အ၀တ်” လို့သာ စာတမ်းထဲမှာ ရေးသားထားပါတယ်။
သို့သော်လည်း အုပ်ချုပ်နေတဲ့ ညွှန့်ပေါင်းအစိုးရရဲ့ နှစ်ဖက်စလုံးက ကိုယ်စားလှယ် ဗဟိုလက်ယာယိမ်း People's Party (OeVP) နဲ့ လက်ယာစွန်း Freedom Party (FPOe) အဖွဲ့တွေကတော့ ဒီဥပဒေဟာ အစ္စလမ်မစ် ခေါင်းစည်းပ၀ါခြုံတာကို ပစ်မှတ်ထားတာဖြစ်တယ်ဆိုပြီး ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးသားပါ။
ဒီဥပဒေဟာ နိုင်ငံရေးအရ အစ္စလမ် ဘာသာကိုဆန့်ကျင်တဲ့ အချက်ပြလိုက်တာဖြစ်တယ်လို့ FPOe ပညာရေးပြောခွင့်ရပုဂ္ဂိုလ် Wendelin Moelzer က ပြောလိုက်တဲ့ တချိန်တည်းမှာပဲ OeVP လွှတ်တော်အမတ် Rudolf Taschner က မိန်းကလေးငယ်တွေ ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက်ဖို့ လိုအပ်တဲ့ လှုပ်ဆောင်ချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။
ဆစ်ခ်ဘာသာဝင် ယောက်ျားလေးတွေ ပေါင်းတဲ့ခေါင်းပေါင်း ဒါမှမဟုတ် ဂျူးဘာသာဝင် ယောက်ျားလေးတွေ ဘာသာရေးဦးထုပ် ဆောင်းတာတွေကိုတော့ သက်ရောက်မှုတစုံတရာရှိမှာမဟုတ်ဘူးလို့ အစိုးရကပြောပါတယ်။
သြစတီးယား မူဆလင် အသိုင်းအ၀ိုင်း အဖွဲ့အစည်း IGGOe ကတော့ ဒီအဆိုပြုချက်ဟာ အရှက်ကင်းမဲ့တဲ့ လုပ်ရပ်တခုဖြစ်သလို လမ်းလွဲမှု နည်းဗျူဟာတခုဖြစ်တယ်လို့ အရင်ကတည်းက ရှုတ်ချထားပြီးသားဖြစ်ပါတယ်။
သို့သော်လည်း ဒီကိစ္စက မပြောပလောက်တဲ့ မိန်းကလေးငယ် အရေအတွက်တွေလောက်ကိုသာ သက်ရောက်မှုရှိမှာဖြစ်တယ်လို့ IGGOe ကပြောပါတယ်။
အတိုက်အခံ လွှတ်တော်အမတ် အားလုံးနည်းပါးက ဒီလှုပ်ဆောင်ချက်ကို ကန့်ကွက်မဲတွေ ပေးခဲ့ကြပြီး ကလေးငယ်တွေရဲ့ ကောင်းကျိုးထက် အာရုံစိုက်စရာဖြစ်မယ့် အပြုသဘောဆောင်တဲ့ သတင်းခေါင်းစဉ်မျိုးကိုလုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ တချို့ကလည်း အစိုးရကို စွပ်စွဲပြောဆိုနေကြပါတယ်။
ဒီဥပဒေဟာ သြစတီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ စိန်ခေါ်မှုတခုဖြစ်မယ်လို့ အစိုးရက ၀န်ခံပြောဆိုထားပါတယ်။

Comments
Post a Comment