NLD ကို တချိန်က တိုက်ခိုက်ခဲ့ဖူးသူများ ပါတီ၏ အရေးပါနေရာအချို့တွင်ရောက်နေ၍ ဗဟိုဦးစီးစနစ်ကို ကျင့်သုံးနေရကြောင်း ဒေါက်တာမျိုးညွန့် ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို တချိန်က တိုက်ခိုက်ပုတ်ခတ်ဖူးသူများသည် လက်ရှိအချိန်တွင် ပါတီ၏ အရေးပါသည့်နေရာအချို့တွင် ရောက်ရှိနေသည့်အတွက် ဗဟိုဦးစီးစနစ်ကို အထိုက်အလျောက် ကျင့်သုံးနေရခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
''အခုအချိန်မှာ မသိနိုင်တာတွေအများကြီးပဲရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့ပါတီဆိုရင် နိုင်ငံသားအားလုံးကို ဝင်ရောက်ခွင့်ပေးလိုက်တဲ့အခါမှာ အရင်တုန်းက နိုင်ငံရေးဆောင်ရွက်ချက်အရ ကျွန်တော်တို့ပါတီကို တိုက်ခိုက်ပုတ်ခတ်ဖူးသူတွေဟာ ကျွန်တော်တို့ပါတီရဲ့ အရေးပါတဲ့နေရာအချို့တွေကို ရောက်နေတယ်။ အဲဒီအခါမှာ ကျွန်တော်တို့က ပိုပြီးတော့ သတိထားပြီးတော့ ဗဟိုကနေပြီးတော့ သူတို့ရဲ့ရှေ့လုပ်ရပ်တွေ၊ ဘာတွေကအစ စိစစ်ရတာတွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က အခုလိုအနေအထားမျိုးမှာ ဗဟိုကနေ ထိန်းချုပ်မှုက ထိုက်သင့်သလောက်ရှိနေဦးမယ်။ အခုအခြေအနေနဲ့ အားလုံးကို လုပ်ကိုင်ခွင့်ပေးဖို့ရာ မသင့် သေးဘူး''ဟု ၎င်းက ပြောသည်။
NLD ပါတီကို တိုက်ခိုက်ပုတ်ခတ်ဖူးသူများသည် ပါတီ၏ မြို့နယ်ဗဟိုအလုပ် အမှုဆောင်၊ ရပ်ကျေးအလုပ် အမှုဆောင် နေရာများတွင်ရောက်ရှိနေကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။ ''အထက်ပိုင်းကတော့ နည်းပါးတယ်။ အထူးသဖြင့် အောက်ပိုင်းတွေမှာပေါ့။ အခုမှ ဝင်လာတဲ့သူတွေဆိုတော့ အထက်ပိုင်းတော့ မရောက်ကြတာများတယ်။ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်တွေမှာ အများကြီးဝင်လာကြတယ်။ အားလုံးမှားတယ်လို့ဆိုလိုတာ မဟုတ်ဘူး။ သို့သော် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အသေးစိတ် စောင့်ကြည့်ပြီးတော့မှ သူတို့ကို တာဝန်ပေးဖို့ လိုအပ်တဲ့အခါမှာ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို နည်းနည်းလေး ထိန်းသိမ်းထားတဲ့သဘောပါ'' ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးနေသော်လည်း ၂ဝဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ပြီးစီးပါက NLD တွင် ဗဟိုထိန်းချုပ်မှုရှိတော့မည်မဟုတ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။
''အနိမ့်ဆုံးအားဖြင့်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ပြီးတဲ့ အခြေအနေမှာတော့ ဗဟိုချုပ်ကိုင်မှုက သိသိသာသာ ပပျောက်သွားမှာပါ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ပြီး နောက်ပိုင်းမှာ အုပ်ချုပ်ရေး အပိုင်း၊ ဥပဒေပြုရေးအပိုင်းတွေက ဒီမိုကရေစီဖြစ်လာပြီ။ တရားစီရင်ရေးလမ်းကြောင်းကလည်း ဖြောင့်မတ်လာပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့ ဗဟိုဦးစီးမှုတွေက ထိန်းချုပ်ဖို့ မလိုတော့ဘူးပေါ့။ အခုအခြေ အနေမှာတော့ အထိုက်အလျောက် ထိန်းချုပ်မှုက ရှိနေဦးမှာပါ။ သဘောထားတွေ ကွဲလွဲလွန်းသွားရင် ညှိနှိုင်းရတာ အဆင်မပြေနိုင်မို့လို့ပါ'' ဟု ၎င်းက ပြောသည်။
NLD တွင် ဗဟိုဦးစီးစနစ် လွန်ကဲနေကြောင်း သုံးသပ်မှုများရှိနေသည်ဟူ၍ မကြာခဏဝေဖန်ခြင်းခံနေရပြီး ထိုဝေဖန်မှုများနှင့်ပတ်သက်၍ ဒေါက်တာမျိုးညွန့်က ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီ နုနယ်သေးချိန်ဖြစ်၍လည်း ဗဟိုမှ အထိုက်အလျောက်ထိန်းချုပ်နေရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
''ဒီမိုကရေစီအသားကျပြီးသားနိုင်ငံတွေမှာကျတော့ တရားစီရင်ရေးမဏ္ဍိုင်ကလည်း ဖြောင့်မတ်တယ်။ နောက် ပြည်သူတွေကလည်း နိုင်ငံရေးအသိ နိုးကြားတယ်။ သူတို့ဟာ သတင်းမှားတွေကို အလွယ်တကူ ယုံတာမျိုး၊ နောက်စိတ်ခံစားချက်အရ လုပ်ဆောင်ဖို့ထက် လုပ်ထုံးလုပ်နည်းဥပဒေအတိုင်းလုပ်ဖို့အတွက်ကို လက်ခံတယ်။ အဲတော့ အဲလိုနေရာမျိုးမှာ မီဒီယာတွေကလည်း သူ့မီဒီယာအလိုက် (ဆိုပါတော့ ဘက်လိုက်တဲ့ မီဒီယာရှိ ကောင်းရှိမယ်)။ သို့သော် အားလုံးခြုံလိုက်ရင် မီဒီယာဟာ တရားဥပဒေစိုးမိုးရေးကိုရော၊ ဥပဒေပြုရေးကိုရော၊ အစိုးရကိုရော ထိန်းကျောင်းနိုင်တဲ့ အခြေအနေရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာကျတော့ ကျွန်တော်တို့က ဗဟိုဦးစီးစနစ်ကို လျှော့ပြီးတော့ အောက်ခြေအထိ လုပ်ကိုင်ခွင့်တွေ ပိုပြီးတော့ချပေးလို့ရတယ်''ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးသည် NLD ပါတီအာဏာ မရခင်ကတည်းက ဆောင်ရွက်နေ သည့်လုပ်ငန်းစဉ်တခုဖြစ်သည်။ လက်ရှိအချိန်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ထူးခြားခြင်းမရှိသေးပေ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အမြဲတမ်းကြိုးစားနေကြောင်းနှင့် ဆောင်ရွက်သမျှများကို ပြည်သူကို ချပြသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂ဝ ရက်က ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လူထုနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
လင်းလင်းအောင်

Comments
Post a Comment