အခြေခံဥပဒေပြင်ဆင်ရေး အရေးကြီးအဆိုတင်မည့် ကိစ္စမှာ လုပ်ထုံးလုပ်နည်းလွဲမှားနေသည်ဟု တပ်ကိုယ်စားလှယ်ပြောကြား
အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့အဖွဲ့ ဖွဲ့စည်းဖို့ အရေးကြီးအဆိုတင်မယ့် ကြေညာချက်ကို တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက လုပ်ထုံးလုပ်နည်းလွဲမှားနေတယ်လို့ ပြောကြားလိုက်ပါတယ်။
အရေးကြီးအဆိုကို လွှတ်တော်ပုံမှန်အစီအစဉ်အပြီးမှာ ဆောင်ရွက်မယ်လို့
လွှတ်တော်ဥက္ကဌက ကြေညာချိန်မှာပဲ ဒါက ဥပဒေအရလွဲမှားနေတယ်လို့
တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ သဘောတူညီချက်ရရမှာ ဖြစ်တဲ့အတွက် အရင်ဆုံး ဥပဒေမူကြမ်းအဖြစ်တင်ပြီးတော့မှ ဆက်လက်ဆောင်ရွက်ရမယ်လို့ ဗိုလ်မှုးချုပ်မောင်မောင်က ပြောကြားခဲ့တာပါ။
ဒါ့အပြင် အရေးကြီးအဆိုသတ်မှတ်ချက်အရ အခြားနည်းလမ်းဖြင့် ဆောင်ရွက်လို့မရတဲ့ ကိစ္စကိုပဲ အရေးကြီးအဆိုအနေနဲ့ သတ်မှတ်ရမှာ ဖြစ်လို့ လွဲမှားနေတယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် က ပြောကြားခဲ့တာပါ။
ဒီပြောကြားချက်ကို ပြည်ထောင်စုလွှတ်တော်နာယကက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဖွဲ့စည်းသွားမှာလို့ ပြောကြားခဲ့ပြီး အဆိုရှင်ရဲ့ တင်ပြချက်ကို နားထောင်ပြီးမှသာ မိမိတင်ပြလိုတာကို တင်ပြနိုင်တယ်လို့ လည်း တပ်မတော်သားကိုယ်စားလှယ်ကို ပြောကြားခဲ့တာပါ။
ဒီအရေးကြီးအဆိုကို ဒီကနေ့ ကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တင်သွင်းမှာ ဖြစ်ပါတယ်။
ဒီအဆိုအရ လွှတ်တော်တွင်းမှာရှိတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေ ဝင်တဲ့အဖွဲ့ ကို ဖွဲ့ပြီး အခြေခံဥပဒေမှာ ပြင်ဆင်မယ့်အချက်တွေကိုဆွေးနွေးကြမယ်လို့ သိရပါတယ်။

Comments
Post a Comment