ကျုပ် စာပေလောကထဲကို ၁၉၉၈ ခုနှစ်က စတင်ဝင်ရောက်ခဲ့တယ်။ ဓမ္မစာပေ တစ်ခုထည်းကိုပဲ သန့်ရှင်းစွာ ရေးသားခဲ့တယ်။ ဓမ္မရသ ဝတ္ထုတို ပုဒ်ရေ ၂၀၀ကျော် ဘာသာရေးဆောင်းပါး ၁၀၀ကျော် ကဗျာ ၆၀ကျော် ဓမ္မရသ ဝတ္ထုတိုပေါင်းချုပ် ၂အုပ် ထုတ်ဝေ ခဲ့တယ်။ ဆရာကန်တော့ပန်း ၂အုပ် ရေးခဲ့တယ်။ ကျုပ် ပထမဆုံး ထုတ်ဝေတဲ့ စာအုပ် တော်တော်ပေါက်တယ်။ အုပ်ရေ ၁၀၀၀၀ ကို ၃လ တည်းနဲ့ အပြတ် ရောင်းကုန်ခဲ့တယ်။
မန္တလေးမှာ စာပေပွဲပေါင်းများစွာ တက်ခဲ့ဖူးတယ်။ အခွင့်ကြုံတိုင်းလည်း စာပေပညာရှင်တွေကြားမှာ မုဒိတာ စကားတို့ စာပေသုံးသပ်ချက်တို့ ဟောပြောခဲ့ဖူးတယ်။ စာပေဝိုင်းမှာ ယနေ့ ကျော်ကြားနေတဲ့ စာပေ ပညာရှင်ကြီးတွေနဲ့အတူ အမြဲ စာပေ ဝေဖန်ခဲ့ ဆွေးနွေခဲ့ ဖူးတယ်။
စာပေဝိုင်းမှာတိုင်းမှာ အဓိက ပြဿနာတက်ရတာ ဦးခင်ညွန့်ရဲ့ အမျိုးသား ထောက်လှမ်းရေးတွေနဲ့ ဖြစ်ခဲ့ရတာပဲ။ စာပေပွဲရှိတိုင်း သူတို့လာတယ်။ စောင့်ကြည့်တယ်။ ဓါတ်ပုံရိုက်တယ်။ ဒါက စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်တာ။ သူတို့ခေတ် တုန်းက နေ့ခင်း ဓါတ်ပုံရိုက်ရင် ည အဆွဲခံရတာ များတယ်။ ဒါမျိုးနဲ့ ဓါတ်ပုံရိုက်ပီး စာရေးဆရာတွေကို ခြိမ်းချောက်တာ။
မှတ်မှတ်ရရ ၂၀၀၂ ခုနှစ် လူထု ဒေါ်အမာမွေးနေ့ တောင်သမန်အင်း တောင်လေးလုံးကျောင်းတိုက် မုံရွေး ဦးပညာကျောင်းထဲမှာ ကျင်းပတုန်းကပေါ့။ ကျွေးတာစားပီးတော့ အသာမပြန်ပဲ စာရေးဆရာတွေကို ဝင်နှောက်ယှက်တယ်။
ဝန်ကြီးချုပ်ဆီက (ခင်ညွန့်) အမိန့်လာပါတယ်၊ စာရေး ဆရာများ ကဗျာမရွတ်ပါနဲ့တဲ့။ ဒါနဲ့ အင်းဝဂုဏ်ရည် ဦးကိုလေးက ငါတို့က ကဗျာဆရာကွ ကဗျာမရွတ်ရ ရင် ဘာလုပ်ရမှာလဲလို့ ပြန်မေးတယ်။ သီချင်းတော့ ဆိုချင် ဆိုပါတဲ့ ။ အရာရှိဆိုတဲ့လူက ပြောတာ။
စာရေးဆရာတွေလည်း တော်တော် ဒေါကန်နေကြတယ်။ အမေမာ လူထုဒေါ်အမာကို အားနာလို့သာ။ ကျုပ်တို့လို ငယ်ရွယ်သေးတဲ့ စာရေးဆရာ ဦးဇင်းပေါက်စတွေက ဆို ရိုက်ချင်နှက်ချင် လက်တပြင်ပြင် ဖြစ်နေကြပီ။
ဒါနဲ့ အင်းဝဂုဏ်ရည် ဦးကိုလေးက ကောင်းပီလေ သီးချင်းဆိုပါဆိုလည်း ဆိုတာပေါ့။ ဟေ့ မြင့်မြင့်သန်း နင် ကဗျာလွတ် ကတတ်သလားလို့ ပန်တျာ မြင့်မြင့်သန်းကို လှမ်း မေးလိုက်တယ်။ ဟုတ်ဆရာ ကတတ်ပါတယ်လို့ ပြောပီး ပန်တျာမြင့်မြင့်သန်းက ကကြိုး ချီလိုက်ချိန်မှာပဲ ဆရာကြီးက စည်းဝါးတိုက်မထားပဲ
ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းရာဗေဒါတက် လှိုင်းသက်ရာဆင်း
ဆိုပီး မဗေဒါသီးကို ကောက်ဆိုပါ လေရော့။ ဆရာကြီးကောက်ဆိုလိုက်တော့ စာရေးဆရာ တွေအားလုံးက လက်ခုပ်တီးပီး စည်းဝါးလိုက်ပေးတယ်။ ပန်တျာသန်းသန်းမြင့်ကလည်း တကယ့်ကို နာမည်ကြီး မင်းသမီးပီပီ အချိုးအချိပ် အချီအချ ညီနေအောင် ကတယ်။ ဆိုင်းမပါ ဝိုင်းမပါ ဗလာကတာတောင် တအားကို ကြည့်လို့ကောင်းတယ်။ လက်ခုပ်သံက တအားမြိုင်သွားတော့ အစောနားက ထောက်လှမ်းရေးအရာရှိက ဒေါကန်ပီး သီးချင်းမဆုံးသေးဘူး တားပြန်လေရော
ဆရာ တခြားသီးချင်းဆိုပါတဲ့။
ဆရာကြီးက ဘာဖြစ်လို့လဲ လို့မေးတော့ ထောက်လှမ်း ရေးအရာရှိက ပြောတယ်။ ဒီသီချင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားလို့ မဆိုပါနဲ့ တဲ့။
အဲဒီမှာ ဆရာကြီးက သူ့ဝါသနာအတိုင်းပဲ ဒေါကန်ကန်နဲ့ ပြောထည့်လိုက်တယ်။
ဟေ့ကောင် မင်း ရူးနေသလား ဒီသီချင်းက ဒေါ်အောင်ဆန်းစုကြည် မမွေးခင်ကတည်းက ဆရာဇော်ဂျီ ရေးခဲ့တာကွ သမိုင်းကိုလည်း လေ့လာဦး ရွှီးချင်းရင် ဒိပြင်နေရာ သွားရွှီး ဒီနေရာက တိုင်းပြရဲ့ မျက်လုံး စာပေပညာရှင်တွေ စုထိုင်နေတာ လို့ ပိတ်ပြောလိုက်တယ်။
ဒီမှာပဲ ဆရာ ကြည်အောင် (အင်းဝ) က အေးပေါ့လေ ဒီသီချင်း မဆိုရလဲ တခြားသီချင်းဆိုတာ ပေါ့လို့ ခပ်အေးအေးပြောပီး မတ်တပ်ထရပ်လိုက်တယ်။ စာရေးဆရာတွေအားလုံးလည်း အလိုလို မတ်တပ်ရပ်ပီး ဖြစ်သွားပြန်တယ်။
ဒီမှာပဲ ဆရာကြည်အောင်က -
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ လို့ အစချီလိုက်ရုံရှိသေး စာရေးဆရာတွေအားလုံး ဒို့ပြေ ဒို့မြေ ဆိုပီး ဝိုင်းဆိုကုန်ကြတယ်။ ဒါလည်း ထောက်လှမ်း ရေးက လက်ထောင်ပီး တားတယ် ဒီသီချင်းလဲ မဆိုပါနဲ့တဲ့ ။ ဒီသီချင်း ဆိုခွင့် မရှိဘူးတဲ့ ။
ဒီမှာပဲ ကြီးကြီးကျယ်ကျယ် ပြဿနာ စတော့တာပဲ။ မြန်မာလူမျိုးက မြန်မာနိုင်ငံတော် သီချင်း မဆိုရဘူး လို့ ဘယ်သူ အမိန့်ထုတ်တာလဲ ဘာလဲ နဲ့ တော်တော်ပွဲဆူကုန်တယ်။ ဒီတော့မှ ထောက်လှမ်းရေးလည်း တောင်းပန်တာလိုလို မေတ္တာရပ်ခံ တာလိုလိုနဲ့ အထက်အမိန့်ကြောင့်ဘာညာနဲ့ လျှောချပီး လစ်ပြေးလေရဲ့ ။
ပြောချင်တာက စာပေအပေါ် ဒါလောက်ဖိနှိပ်လာတဲ့ လူတွေက စာတစ်ကြောင်း ပေတစ်ဖွဲ့ လူချင်းတူအောင် မရေးတတ်ပဲနဲ့ ဒီနေ့ စာပေစင်မြင့်ပေါ်တက်ပီး တကယ့် အငတ်ခံ ဆင်းရဲခံ ထောင်ကျခံပီး တိုင်းပြည်အတွက် စာကောင်းပေမွန်တွေ ရေးသားခဲ့တဲ့ စာပေသူတော်စင်ကြီးတွေနဲ့ တစ်တန်းထဲ ရင်ဘောင်တန်း အပူဇော်ခံရ အောင် ကိုယ့်လိပ်ပြာကိုယ် လုံရဲ့လားတောင် မေးချင်တယ်။
ဂုဏ်တုဂုဏ်ပြိုင်ဆိုတာ ဂုဏ်အတုတွေပဲ ပြိုင်လို့ရမှာပါ။ ငါးတုလို့ ခရုပွက် အိုင်ပျက်ရုံပဲရှိမယ်။ တကယ်အစစ်က ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာလေးပဲ ပြောချင်ပါတယ်။
လူဆိုတာ ရှက်တတ်ရင် သိက္ခာရှိတယ် လိပ်ပြာရှိတယ်။ ကိုယ်ဟာ အပြုသမားလား အဖျက်သမားလားဆိုတာ ကိုယ်သာ အသိဆုံးပါ။ ဖုံးကွယ်မှုတွေနဲ့ အတုတွေ ဘယ်လိုပဲလုပ်လုပ် တောင်ပံချင်း တူပေမယ့် ကျီးကန်းဟာ ဥဒေါင်းလို မလှဘူး ဆိုတာ နားလည်ထားသင့်တယ်။
ဘုန်းကျော့မှူး။
Comments
Post a Comment