မစ္စ ခရစ္စတင်းဘာဂနာ ကို သက္ကယ်ပြင် ဒုက္ခသည်စခန်းမှာ ၂၀၁၈၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာက ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ ထင်ထားတာထက်
သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးနေတဲ့အတွက် အချိန်ယူ ဖြေရှင်းရမှာဖြစ်သလို
သူ့အနေနဲ့ ဒီအခြေအနေတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေ နားလည်အောင်
ရှင်းပြသွားမယ့်အကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ကို ပြောဆိုခဲ့တယ်လို့
ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
မစ္စ ဘာဂနာနဲ့ ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေ ဒီနေ့မနက်က စစ်တွေဟိုတယ်မှာ သီးသန့်တွေ့ဆုံရာမှာ ပြောဆိုခဲ့တာဖြစ်တယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က RFA ကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို ပြန်လည်လက်ခံရာမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စီစစ်ပြီးမှ လက်ခံဖို့နဲ့ ပြန်လည်လက်ခံတဲ့သူတွေကိုလည်း ဌာနေ တိုင်းရင်းသားတွေနဲ့ ရောပြီး နေရာမချထားဖို့လိုအပ်တဲ့အကြောင်း တင်ပြခဲ့တယ်လို့ ဦးထွန်းအောင်ကျော် က ပြောပါတယ်။
ကုလ အထူးကိုယ်စားလှယ်ဘက်ကတော့ မွတ်စလင်တွေ လွတ်လပ်စွာသွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ဆေးဝါးကုသခွင့်တွေ လိုအပ်နေတဲ့အကြောင်း ဆွေးနွေးခဲ့ရာ အဲဒီအချက်တွေဟာ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့သာ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ပါတီဘက်က ပြန်လည်ဆွေးနွေးခဲ့ခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
မစ္စ ဘာဂနာဟာ သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းကို သွားရောက်ပြီး မွတ်စလင်ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေတွေကို လေ့လာခဲ့သလို အောင်မင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ မွတ်စလင်တွေနဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယ ဥက္ကဋ္ဌ ဦးဦးမြသန်းတို့နဲ့လည်း ပြည်နယ်လွှတ်တော်ရုံးမှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။

Comments
Post a Comment