ဒီချုပ်အမတ် ဒေါ်သက်သက်ခိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူမှန်နေရာမှန် မရွေးနိုင်သူ၊ တစ်ကွင်းလုံး ပတ်ပြေးနေသူအဖြစ် ပုံဖော် ပြောဆိုတာ နှစ်ခါ ရှိသွားပါပြီ။
ဘောလုံး ဝါသနာပါလှတဲ့ ဒီချုပ်အမတ် ဒေါ်သက်သက်ခိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူမှန်နေရာမှန် မရွေးနိုင်သူ၊ တစ်ကွင်းလုံး ပတ်ပြေးနေသူအဖြစ် ပုံဖော် ပြောဆိုတာ နှစ်ခါ ရှိသွားပါပြီ။
ပထမတစ်ခါက ဒီချုပ်အစိုးရ တက်ခါစက ဖြစ်ပြီး ဒုတိယတစ်ခါကတော့ ဒီရက်ပိုင်း ရန်ကုန်ခေတ်သစ် မီဒီယာက လုပ်တဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။
အဲဒီ မီဒီယာက မေးပြီး သူဖြေသွားတဲ့အထဲမှာ စီးပွါးရေးနဲ့ဆိုင်တဲ့ အကြောင်းအရာအချို့ဟာ လက်ခံနိုင်လောက်စရာ ဖြစ်ပေမဲ့...
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာတွေကတော့ ရှုထောင့်တစ်ခုတည်းကနေ ပြောနေတဲ့ စကားတွေ ဖြစ်နေတာမို့ ပြန်ရှင်းဖို့ လိုပါတယ်။
.
.
.
ဒီလို ရှင်းရာမှာ သူပိုနားလည်အောင် သူကြိုက်တဲ့ ဘောလုံး ဥပမာကိုပဲ သုံးပါမယ်။
ဒေါ်သက်သက်ခိုင်ရဲ့ ဘောလုံးဥပမာကို ဖွင့်ဆိုရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေရာတကာ ဝင်ပါနေပြီး အစိုးရ အဖွဲ့ဝင်တွေကို လုပ်ပိုင်ခွင့် မပေးဘူးလို့ ဆိုလိုရာ ရောက်ပါတယ်။
ဘောလုံးအသင်းတစ်ခုမှာ အရေးအကြီးဆုံးက နည်းပြ ဖြစ်ပေမဲ့ တကယ် ကွင်းထဲမှာ ကန်တာက ကစားသမားတွေ ဖြစ်တယ် ဆိုတာဟာ အပေါ်ယံသဘောအရ ဒေါ်သက်သက်ခိုင် ပြောတာ မှန်သလိုလို ဖြစ်ပေမဲ့ ဒါဟာ သူက ဘောလုံးလောကအကြောင်းကို တကယ်တမ်း သေချာနားမလည်လို့ ဒီလို ပြောခြင်း ဖြစ်နိုင်ပါတယ်။
အသင်းတစ်သင်းမှာ ဘောလုံးသမားတွေကို ဘယ်သူက ဝင်ကန် ဘယ်သူက အရန် ဆိုတာကို နည်းပြက ဆုံးဖြတ်တာ ဖြစ်ပြီး...
အဲဒီလို ဆုံးဖြတ်ရွေးချယ်ပြီးတာနဲ့ ဘောလုံးသမားတွေဟာ ကွင်းထဲမှာ သူ့ဘာသာ ကန်ချင်သလို လွတ်လပ်စွာ ကန်ခွင့် ရနေတယ် ဒါမှမဟုတ် လွတ်လပ်စွာ ကန်ခွင့်ပေးရမယ်လို့ ဒေါ်သက်သက်ခိုင် ထင်နေတာ တက်တက်စင်အောင် မှားနေပါတယ်။
နည်းပြက ကွင်းထဲ ဝင်ကန်ဖို့ ပွဲထွက် ၁၁ ယောက်ကို စိတ်တိုင်းကျ ရွေးထားတယ်ဆိုတိုင်း အဲဒီ ၁၁ ယောက်လုံးဟာ ၁၀၀ ရာခိုင်နှုန်း လွတ်လပ်စွာ သူတို့ စိတ်ထင်ရာ ကန်ချင်သလို ကန်ခွင့် ရှိတာ မဟုတ်ပါဘူး။
နည်းပြက "မင်းက ဒီနေရာမှာ ဒီလိုပဲ ကန်ရမယ်" လို့ သတ်မှတ်ပေးလိုက်တဲ့ ဘောင်ထဲက အတိုင်းပဲ ဘောလုံးသမားတစ်ယောက်ဟာ ကန်ခွင့်ရတာ ဖြစ်ပါတယ်။
အဲဒီ ပေးထားတဲ့ ဘောင်အတွင်းမှာတော့ ကစားသမား တစ်ယောက်ဟာ လွတ်လပ်စွာ သူ့စိတ်ကြိုက် ကန်ခွင့် ရှိပေမဲ့...
အသင်းရဲ့ ကစားကွက် ကစားပုံကိုတော့ နည်းပြကပဲ ပုံဖော်မှာမို့...
သူတို့ကို နည်းပြက ကြိုက်ရာလုပ်နိုင်ဖို့ လွှတ်ပေးမထားဘဲ ကွင်းဘေးကနေ တောက်လျှောက် ဝင်ရောက် စွက်ဖက်ပြီး သူခိုင်းထားသလို မကန်ရင် အော်ဟစ်ဆူပူနေတာ၊ ပွဲအခြေအနေကို ကြည့်လို့ ဗျူဟာပြောင်းတာ ထိန်းကျောင်းတာတွေ လုပ်တယ် ဆိုတာကို ဘောလုံးပွဲ ကြည့်ဖူးသူတိုင်း သိပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရ အဖွဲ့ဝင်တွေကို လိုက်ပြီး ထိန်းကွပ်နေပုံနဲ့ အတူတူပါပဲ။
အစိုးရအဖွဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေရာတကာ သူချည်း ဝင်ပါနေသလိုလို ဒေါ်သက်သက်ခိုင်က စွပ်စွဲထားပေမဲ့...
တကယ်တမ်းမှာ အဲဒီ လုပ်ရပ်ကိုက ခေါင်းဆောင်တစ်ယောက် လုပ်ကိုလုပ်ရမယ့် တာဝန်ဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နည်းပြတစ်ယောက်လို ကွင်းဘေးကနေ သူ့လူအားလုံးကို ထိန်းကျောင်းလမ်းညွှန်နေတာလို့ နားလည်ကြည့်လိုက်ရင်ကို အမြင်ကြည်လင်သွားပါလိမ့်မယ်။
ဥပမာ ဦးဖြိုးမင်းသိန်းရဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် အလုပ်တွေကို ဦးဖြိုးမင်းသိန်းကသာ လွတ်လပ်စွာ လုပ်ကိုင်နေတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့အစား ဝင်လုပ်တာကို တစ်ခါလေးတောင် မမြင်ဖူး မကြားဖူးပါဘူး။
ဦးဖြိုးမင်းသိန်းရဲ့ လုပ်ဆောင်ချက်တွေ ဘောင်ကျော်လာတဲ့အခါ၊ အမှားဖြစ်နိုင်ခြေ ရှိလာတဲ့အခါ ဒီချုပ်အသင်းရဲ့ နည်းပြအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဝင်ထိန်းတာသာ ရှိပါတယ်။
အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ လွှတ်တော်အမတ်တွေ အပေါ်မှာလည်း ဒီလိုပဲ ထိန်းကွပ်နေတာ ဖြစ်ပြီး...
ဒါဟာ အောက်ခြေက လူတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ချုပ်ကိုင်တာ မဟုတ်ဘဲ...
အစိုးရအဖွဲ့ရဲ့ မူဝါဒကို အဓိက ပုံဖော်ချမှတ်သူ အနေနဲ့...
ကွင်းဘေးကနေ ကိုယ့်လူတွေ ချမှတ်ထားတဲ့ လမ်းကြောင်းကနေ လမ်းလွဲ မလွဲ၊ ထမ်းဆောင်ရမယ့် တာဝန်တွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင် မဖော်နိုင်၊ ပေးထားတဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန် လုပ်ဆောင် မလုပ်ဆောင်ပေါ် မူတည်ပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်အရ လိုအပ်သလို ဝင်ရောက် ထိန်းကျောင်းတာမျိုးသာ ဖြစ်တယ်။
ဒါကိုမှ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ကွင်းလုံး ပတ်ပြေးနေပါတယ်လို့ စွပ်စွဲမယ်ဆိုရင် ကွင်းဘေးမှာ ခေါက်တုံ့ခေါက်ပြန်ပြေးရင်း ကမ္ဘာကျော် ဘောလုံးသမားတွေကို အမိန့်ပေးနေတဲ့ ကမ္ဘာ့အကောင်းဆုံး လိဂ်တွေက အတော်ဆုံး ဘောလုံးနည်းပြတွေကို ခေါင်းဆောင်မှု အရည်အချင်း မရှိသူတွေလို့ ပြောနေတာနဲ့ အတူတူပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ချင်တယ်ဆိုရင် သူဟာ...
ကွင်းထဲဝင်ပြီး ကစားသမားတွေအစား တစ်ကွင်းလုံးကို ကိုယ်တိုင် ပတ်ကန်နေတာလား
ကွင်းဘေးက နေပြီး ကစားသမားအားလုံးကို မျက်ခြည်မပြတ် ကြီးကြပ်ကွပ်ကဲနေတာလား ဆိုတာကို သေချာကွဲပြားဖို့တော့ လိုပါလိမ့်မယ်။
ဗဟိုချုပ်ကိုင်မှု အားကြီးလွန်းရင် ကျရှုံးတတ်သလို ဒီလို လူသားအရင်းအမြစ် ရှားပါးပြီး စာရိတ္တနဲ့ ကိုယ်ကျင့်တရားတွေပါ ပျက်ယွင်းနေတဲ့ နိုင်ငံမျိုးမှာ လက်အောက်ငယ်သားကို ကြိုက်သလိုလုပ် ကြိုက်သလို ဆုံးဖြတ်ခွင့်ပေးပြီး ရေရှည် အောင်မြင်သွားဖို့ မလွယ်ဘူး ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။
ကိုယ်ချင်းစာတတ်အောင် ဥပမာပေးရရင်...
ဒေါ်သက်သက်ခိုင်တို့ရဲ့ ရွှေဆိုင်မှာ မန်နေဂျာတွေကို လုပ်ချင်ရာ လုပ်နိုင်ဖို့ ရာနှုန်းပြည့် လွတ်လပ်ခွင့် ပေးထားပါသလား။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပန်းထိမ်ဆရာတွေ၊ အရောင်းမန်နေဂျာတွေ၊ ကျောက်မျက်ရတနာ ကုန်သည်တွေက သူတို့ဘာသာ သူတို့ စိတ်တိုင်းကျ ချမှတ်ခွင့် ရှိပါသလား။
ဒေါ်သက်သက်ခိုင်က "ဒီအလုပ်မှာ ငါတို့က ကိုယ်တိုင် ဝင်မပါဘူး၊ လက်အောက်ငယ်သားတွေကို ယုံယုံကြည်ကြည် လွှဲထားတာ" ဆိုရင်တောင် အဲဒါဟာ ဒေါ်သက်သက်ခိုင်တို့မှာ မျက်နှာလွှဲလို့ရတဲ့ ခေါင်းဆောင်မှု အရည်အချင်းရှိသူ အနည်းဆုံး တစ်ယောက် ရှိနေလို့ ဖြစ်နိုင်ပြီး...
အဲဒီ တစ်ယောက်ကတော့ ရွှေဆိုင်စီးပွါးရေး တစ်ခုလုံးမှာ ပါဝင်ပတ်သက်နေတဲ့ သော့ချက်ကစားသမားတွေကို ချုပ်ကိုင်ထားမှာ ဖြစ်ပြီး သူတို့နဲ့ ထိုက်သင့်တဲ့ လွတ်လပ်ခွင့်ကိုပဲ ဘောင်တစ်ခုအတွင်းကသာ ပေးမှာ ဖြစ်တယ်။
.
.
.
နောက်တစ်ချက်က...
ပရိသတ် သို့မဟုတ် ဘေးလူတွေက သူတို့ ထင်ရာမြင်ရာ "ဘယ်သူကတော့ အစွမ်းမပြနိုင်လို့ ထုတ်လိုက်ပါလား၊ သူ့အစား ဘယ်သူ့ကို ခေါ်လိုက်ပါလား" စသဖြင့် ဘယ်လိုပဲ အော်နေနေ ကိုယ့်အသင်းရဲ့ ပကတိ အခြေအနေနဲ့ အသင်းသား တစ်ဦးချင်းရဲ့ အစွမ်းအစကို နေ့စဉ် အနီးကပ် သင်ပြနေတဲ့ နည်းပြထက် ပိုပြီး ဘယ်သူကမှ နားမလည်နိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ လူမှန်ကို နေရာမှန်မှာ မချတတ်တာ၊ လူတော်တွေကို မရွေးတတ်တာ မဟုတ်ပါဘူး။
သူဟာ...
၁) တော်သူထက် တိုင်းပြည်အပေါ် စေတနာရှိသူ
၂) ရာထူး နေရာယူဖို့ထက် ကျရာတာဝန်ထမ်းချင်သူ
၃) တစ်ဦးတည်းချွန်ပြီး ငါတကော ကောချင်သူထက် အဖွဲ့အစည်းအပေါ် သစ္စာရှိပြီး အများနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူတွေကို အဓိကထား ရွေးချယ်တာ ဖြစ်တယ်။
နံပါတ် တစ်အချက်ကို စပြောရရင်...
တော်တတ်တဲ့သူချည်း ရွေးမှ ရလဒ်ကောင်းရမယ် ဆိုတာဟာ သဘောတရားရေးရာအရ မှန်ပေမဲ့ အင်မတန် ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပါတီရဲ့ ဖြတ်သန်းမှု သမိုင်းကြောင်းတွေကြောင့် လက်တွေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရဘက်အပြင် ပါတီဘက်ကိုလည်း ကြည့်ပြီး လူရွေးရပါတယ်။
အဲဒီလို ရွေးရာမှာ...
"အရင်က အနစ်နာခံခဲ့တယ်" ဆိုတိုင်း မရွေးပါဘူး။
အဲဒီ စံနဲ့ ရွေးရင် ဒီချုပ်အစိုးရမှာ နိုင်ငံရေးအကျဉ်းသား ဖြစ်ဖူးသူချည်း ဖြစ်နေမှာပါ။
"သစ်ခုတ်သမား မလိုဘူး ပန်းပုဆရာပဲ လိုတယ်" ဆိုတဲ့ မူကိုလည်း တစ်ဖက်စောင်းနင်း စွဲကိုင်ပြီး မရွေးပါဘူး။
အဲဒီ စံနဲ့ ရွေးရင် ဒီချုပ်အစိုးရမှာ ဆရာဝန် အင်ဂျင်နီယာနဲ့ အခြားပညာရှင်တွေချည်း ဖြစ်နေမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်ကို အနှစ်သုံးဆယ်နီးပါး ဆန့်ကျင်ရုန်းကန်ပြီးမှ အတိုက်အခံဘဝကနေ အစိုးရဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးရဲ့ ဥသျှောင် ဒီချုပ်ပါတီရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့...
သူအကျယ်ချုပ် ကျနေခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ဒီချုပ်ပါတီကို ပြိုကွဲမသွားရလေအောင်၊ စစ်အာဏာရှင်တွေရဲ့ အမျိုးမျိုး အပြစ်ရှာ တိုက်ခိုက်မှုတွေကြား ကျဆုံးမသွားရလေအောင် ကျားကန်ပေးခဲ့တဲ့ ပါတီဝင်တွေ
မြန်မာ့ ဒီမိုကရေစီတိုက်ပွဲ ခရီးရှည်ကြီးအတွင်းမှာ အသက် အိုးအိမ် စည်းစိမ်နဲ့ ဘဝတွေကိုပါ စတေးပြီး လျှောက်လှမ်းလာခဲ့ရင်း မသေလို့ ကျန်ခဲ့တဲ့၊ ထောင်ငရဲကို ကြံ့ကြံ့ခံရင်း ကျန်ခဲ့တဲ့ ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေထဲက သင့်တော်သူတွေကို နေရာပေးရသလို...
လဲပြိုနေတဲ့ တိုင်းပြည်ကို ပြန်လည်တည်ထောင်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ ပညာတတ်တွေကိုလည်း နေရာပေးရပါတယ်။
ရာထူးနေရာနဲ့ အာဏာ ရလိုမှုနဲ့ ဒီမိုကရေစီအရေး လုပ်ခဲ့တာ မဟုတ်ပေမဲ့...
အစိုးရအဖွဲ့ကို အာဏာရပြီးမှ ပေါ်တဲ့ ရွှေကြာပင်တွေ ဖြစ်တဲ့ ပညာတတ်တွေ လူတော်တွေနဲ့ချည်း ဖွဲ့စည်းမယ်ဆိုရင်...
အာဏာရဖို့ အသေခံ အနစ်နာခံ ပေးဆပ်လာခဲ့တဲ့ ပါတီတွင်းက အုတ်လှငယ်တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ငြိုငြင်သွားနိုင် အယုံအကြည် မဲ့သွားနိုင်ပါတယ်။
ဒါဆိုရင် နိုင်ငံရေးပိုင်းမှာ အားနည်းသွားမယ်၊ တည်ငြိမ်မှု စည်းလုံးမှု ပြိုကွဲသွားမယ်၊ အမိန့်နာခံမှု ကျဆင်းသွားမယ်။
ဒါဆို "ပါတီမျက်နှာ ကြည့်မလား၊ တိုင်းပြည်မျက်နှာ ကြည့်မလား" လို့ ကတ်သတ်မေးလို့ ရပါသေးတယ်။
ဒီကနေ့ ဒီအခြေအနေကို ရောက်လာတာ ပညာတတ်ဆိုတဲ့ မိုးကျရွှေကိုယ်တွေကြောင့် မဟုတ်ဘဲ အဲဒီ သစ်ခုတ်သမားတွေကြောင့် ဆိုတာကို
အစိုးရဆိုတာ ငါးနှစ်ပဲ သက်တမ်းရှိပြီး နောက်ရွေးကောက်ပွဲတွေ အနိုင်ရဖို့ ပါတီက နိုင်ငံရေးသမားတွေရဲ့ အားနဲ့သာ ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်ပြီး ပညာတတ် လူပါးတွေက ထောင်တန်းအကျခံပြီး နိုင်ငံရေး လုပ်မှာ မဟုတ်ဘူး ဆိုတာကို လူ့သဘောကို နောကျေနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကောင်းကောင်းကြီး သိသလို...
အရည်အချင်း ရှိရှိ မရှိရှိ အနစ်နာခံသူတွေနဲ့ချည်း ဖွဲ့စည်းပြန်ရင်လည်း လူရိုသေ ရှင်ရိုသေ အစိုးရအဖွဲ့၊ ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်တဲ့ အစိုးရအဖွဲ့ ဖြစ်မလာနိုင်ဘူး ဆိုတာကိုလည်း ပညာတတ် ဒေါ်အောင်ဆန်းစုကြည်က အသေအချာ နားလည်သမို့...
ပါတီတွင်းက လုပ်ရည်ကိုင်ရည် ရှိတဲ့ သစ်ခုတ်သမားတွေကို အစိုးရအဖွဲ့ထဲက ရာထူးအချို့မှာ နေရာပေး
အပြင်က သူလက်လှမ်းမီသမျှထဲက လူတော် ပန်းပုဆရာတွေကိုလည်း အစိုးရရာထူးအချို့ကို ခွဲဝေပေးအပ်ပြီး အစိုးရအဖွဲ့ကိုရော ပါတီကိုရော ရေရှည်တည်ငြိမ်အောင် ထိန်းသိမ်းဖွဲ့စည်းထားတာ ဖြစ်တယ်။
ခေါင်းဆောင်ကောင်း ဆိုတာဟာ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်မှာ ရှုထောင့်တစ်ခုတည်းက စဉ်းစားပြီး တစ်ဖက်ဖက်က နစ်နာသွားပါမှ ရနိုင်မယ့် အမြင့်နိုင်ဆုံး ရလဒ် (Maximum Result) မျိုးကို ကိုယ်နာမည်ကောင်းရဖို့ တစ်ခုတည်းအတွက် လုပ်ဆောင်ရတာ မဟုတ်ဘဲ...
ဖြစ်လာနိုင်တဲ့ အဆိုးအကောင်း အားလုံးကို ပါးပါးနပ်နပ် ထောင့်စေ့အောင် စဉ်းစားတွေးတောလို့ အခက်အခဲ အားလုံးကို ရင်ဆိုင်ပြီး အဲဒီအကျပ်အတည်းကြားက အထိခိုက်အနည်းဆုံး၊ ဘေးထွက်ဆိုးကျိုး အနည်းဆုံးနဲ့ အလှပဆုံး အကောင်းဆုံး ရလဒ် (Optimum Result) ရအောင် ရုန်းထွက်နိုင်သူသာ ဖြစ်တယ်။
ဒါတွေကို နားမလည်ဘဲ...
ပညာတတ်တွေကို "သာရာစီးတွေ အခွင့်အရေးသမားတွေ" လို့ သတ်မှတ်နေတဲ့ "ကွန်မြူနစ် မီဒီယာတွေ" နဲ့ "၈၈၈၈ ကာလအတွင်းက လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးတာနဲ့ ခြေရာချင်း တိုင်းချင်နေတဲ့ နိုင်ငံရေးသမားတွေ" က ဒေါ်အောင်ဆန်းစုကြည်ကို "သစ်ခုတ်သမားတွေရဲ့ ကျေးဇူးကို မေ့သူ" လို့ စွပ်စွဲပြီး...
နိုင်ငံရေးသမားတွေကို "ထောင်ထွက် ပညာမဲ့တွေ" လို့ ထင်နေတဲ့ ဒေါ်သက်သက်ခိုင်တို့လို "ပညာတတ်တွေ" နဲ့ "ကိုယ့်စီးပွါးကိုယ်ရှာပြီး နွားခြေရာကွက်ထဲ အောင်မြင်နေတာကို ထင်တစ်လုံး ဖြစ်နေသူတွေ" က ဒေါ်အောင်ဆန်းစုကြည်ကို "ပန်းပုဆရာတွေကို နေရာမပေးတတ်သူ" လို့ အပြစ်တင်နေကြခြင်းကို ကြည့်ခြင်းအားဖြင့်...
သူတို့ဟာ ကိုယ်သန်ရာသန်ရာ ရှုထောင့်တစ်ခုတည်းကသာ ဒေါ်အောင်ဆန်းစုကြည်ကို အစွန်းတစ်ဖက်စီက ရှုမြင်ဝေဖန်နေတာ ဖြစ်ပြီး...
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘက်စုံထောင့်စုံကနေ အားလုံးအတွက် အဆင်အပြေဆုံး ဖြစ်အောင်၊ ရေရှည် တည်တံ့တဲ့ အဖွဲ့အစည်း ဖြစ်အောင် အတတ်နိုင်ဆုံး စဉ်းစားလုပ်ဆောင်နေတဲ့ ခေါင်းဆောင်ကောင်း ဖြစ်တယ်ဆိုတာ ရှင်းသွားပါလိမ့်မယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နိုင်ငံရေးသမား၊ ဘယ်လက်နက်ကိုင်၊ ဘယ်ပညာတတ်ကမှ မယှဉ်နိုင်ရခြင်း၊ ပုတ်ခတ်မိသူတိုင်း ဂိုဏ်းသင့်ပြီး စုတ်ပြတ်သတ်သွားရခြင်းရဲ့ အကြောင်းရင်းပါပဲ။
.
.
.
နံပါတ် နှစ်နဲ့ သုံးအချက်ကို ပေါင်းပြီး ပြောရမယ်ဆိုရင်...
ဒေါ်အောင်ဆန်းစုကြည်ဟာ ရာထူးနေရာမက်သူတွေကို မနှစ်မြို့သလို အာဏာကို ငမ်းငမ်းတက် လိုချင်နေသူတွေကိုလည်း အင်မတန် ရွံရှာပြီး...
သူ့ခေါင်းဆောင်မှု နောက်ကို ဖြောင့်ဖြောင့် မလိုက်ဘဲ ငါတကော ကောမယ့် သူတွေကိုလည်း သူ့ပါတီထဲ သူ့အစိုးရ အဖွဲ့တွေထဲမှာ မသုံးလိုပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲမှာ နာမည်ကြီး နိုင်ငံရေးသမား အချို့ကို လက်တွဲမခေါ်ခဲ့တုန်းက ဒီလောက် တော်တဲ့သူတွေ၊ ပြည်သူကြား နာမည်ကြီးနေတဲ့ သူတွေကို ခေါ်မသုံးရကောင်းလားလို့ လူအများစုက ဝေဖန်ခဲ့ပါတယ်။
အဲဒီ နိုင်ငံရေးသမားတွေထဲမှာ ဒီချုပ်ပါတီက ထွက်ပြီး ပါတီခွဲထောင်ကြသူတွေ၊ လူထုကြိုက်တဲ့ တစ်သီးပုဂ္ဂလအမတ်အချို့၊ ပါတီမထောင်သေးတဲ့ ၈၈၈၈ တိုက်ဖော်တိုက်ဖက်အချို့ ပါဝင်ပါတယ်။
အခုတော့...
ခြံခုန်နိုင်ငံရေးသမားတွေရဲ့ ပါတီက အပိုင်းပိုင်း ထပ်ကွဲပြီး အာဏာရှင်အောက်ဆွဲပါတီရဲ့ လက်ပါးစေအဖြစ် အသုံးတော်ခံနေသူတွေ
ဦးသိန်းစိန်အစိုးရကို တိုက်ခိုက်တုန်းက သုံးခဲ့တဲ့ လူပြိန်းကြိုက် အကွက်မျိုးတွေကို ဒီချုပ်အစိုးရ လက်ထက်မှာ အံမဝင်ဘဲ ဆက်သုံးပြီး လူရယ်စရာ ဖြစ်နေသူတွေ
စစ်အာဏာရှင်ကို ဆန့်ကျင်ချိန်က အတိုက်အခံအဖြစ် အစွမ်းပြနိုင်ခဲ့သလောက် နိုင်ငံရေးသမားအဖြစ် အောက်သက်မကျေ မရင့်ကျက်ဘဲ ဖြတ်လမ်းက နေရာလိုချင်နေသူတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီးတဲ့ နောက်မှာမှ...
သူတို့ကို ခေါ်မသုံးခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည် မမှားဘူး ဆိုတာကို လက်ခံလာကြတာပဲ ဖြစ်ပါတယ်။
အာဏာမက်သူဆိုရင် နိုင်ငံရေးသမား သစ်ခုတ်သမားတွေကို လက်မကမ်းရုံသာမက ဘယ်လောက်ပဲ ပညာတွေ တော်တတ်နေသူ၊ ဘယ်လောက် အတွေ့အကြုံများ အောင်မြင်သူ ပန်းပုဆရာ ဖြစ်နေနေ ရာထူးကို အာသာငမ်းငမ်း ဖြစ်ပြလိုက်တာနဲ့ တစ်ခါတည်း ချောင်ထိုးထားလိုက်တာလည်း အားလုံး အသိပါပဲ။
ဒီနေရာမှာ "ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူ့အကြိုက်ကို အားလုံးက လိုက်လုပ်နေရတာမို့ သူလည်း ငါတကော ကောသူ မဟုတ်လား" လို့ မေးစရာ ရှိပါတယ်။
အဖြေက ရှင်းပါတယ်။
သူဟာ တစ်ခေတ်မှာ တစ်ယောက် ဩဇာကြီး လွှမ်းမိုးနိုင်တဲ့ လူထုခေါင်းဆောင်ဖြစ်ပြီး သူ့ကြောင့်သာ ဒီချုပ်ပါတီက ရွေးကောက်ပွဲ အနိုင်ရတယ်ဆိုတာ အားလုံးက လက်ခံထားတာမို့ ဒီလို ခေါင်းဆောင်ရဲ့ အရိပ်ကို ခိုလှုံမယ်ဆိုရင် သူ့ဦးဆောင်မှု နောက်ကို သေသေဝပ်ဝပ် လိုက်ရမှာ ဖြစ်ပြီး...
သူ့ကို စင်ပြိုင်ထောင် ခြေရာတိုင်းမယ်၊ ငါတကော ကောမယ်၊ သူ့လောက်တော့ ငါလည်း သိတယ်တတ်တယ် ဆိုပြီး ကိုယ်ကြိုက်သလို ကိုယ်လုပ်ချင်တယ်ဆိုရင်တော့ သူဦးဆောင်နေတဲ့ အသင်းမှာ ဝင်မကန်ရုံပဲ ရှိပါတယ်။
.
.
.
လူမှန်နေရာမှန် ကိစ္စကို ဘောလုံးနဲ့ပဲ ပြန်အဆုံးသတ် ပါရစေ။
ဘောလုံးနည်းပြတွေဟာ သူ့အသင်း ဖလားရနိုင်ဖို့အတွက် တတ်နိုင်ရင် အကောင်းတကာ့ အကောင်းဆုံး ကစားသမားတွေကိုသာ လိုချင်တာပါ။
ဒါပေမဲ့ ကစားသမားကောင်းတွေကို တွေ့သော်လည်း...
ခေါ်ယူဖို့ ငွေကြေး မတတ်နိုင်တာ
ကစားသမားက ဒီအသင်းဆို မလာချင်ဘူးလို့ ငြင်းတာ
ကစားသမားက ဒီအသင်းကို လာချင်ပါသော်လည်း လက်ရှိ သူကန်နေတဲ့အသင်းက သစ္စာဖောက်အဖြစ် သတ်မှတ်ခံရမှာ ကြောက်နေတာ စတာတွေကြောင့် ကိုယ်လိုချင်တဲ့ ကစားသမားတိုင်းကို ရတာ မဟုတ်ဘဲ ရတဲ့ ရှိတဲ့ ကစားသမားတွေနဲ့ အဆင်အပြေဆုံး ဖြစ်အောင် ကန်နေရတာပဲ ဖြစ်တယ်။
လက်ရှိမှာ ကမ္ဘာ့တန်ကြေးအကြီးဆုံး အသင်းတွေထဲက...
မန်ယူအသင်းရဲ့ နည်းပြဟာ ငွေမရှိလို့ လိုချင်တဲ့ ခံစစ်ကစားသမားကို မခေါ်နိုင်
ရီးရဲလ်အသင်းဟာ ငွေရှိသော်လည်း ပီအက်စ်ဂျီအသင်းက လက်မလွှတ်တာကြောင့် နေမာကို မခေါ်နိုင်တာတွေဟာ အကောင်းဆုံး သာဓကပါပဲ။
ဒီလိုပဲ...
ဒီချုပ်ကလည်း တိုင်းပြည်ကောင်းကျိုးအတွက် အတော်ဆုံး အတတ်ဆုံး ဆိုသူတွေကို ခေါ်သုံးချင်ပေမဲ့...
သူတို့ ကိုယ်ကျိုးစီးပွါးလောက် အစိုးရဝန်ထမ်းလစာက မက်လောက်စရာ မဟုတ်လို့ မလာချင်သူတွေ
ကိုယ် အဆဲခံရမယ့် အစိုးရရာထူးထက် ကိုယ်က ဆဲရမယ့်နေရာကပဲ အာချောင်နေချင်တယ် ဆိုသူတွေ
ကိုယ့်ရဲ့ မူလအဖွဲ့အစည်း ငြိုငြင်မှာကို ကြောက်လို့ လာမလုပ်ရဲသူတွေ၊ အရင်အဖွဲ့အပေါ်ပဲ သစ္စာထားပြီး ဒီချုပ်အစိုးရ နာမည်ရအောင် လုပ်မပေးချင်သူတွေ အများကြီး ဖြစ်နေတာမို့ ကိုယ်လက်လှမ်းမီရာ လူအနည်းငယ်ထဲကပဲ ခေါ်သုံးရတာပါ။
ဘောလုံးလောကမှာ ကစားသမားကောင်းရယ်လို့ အားလုံးက အသိအမှတ် ပြုထားသူကို ကိုယ့်အသင်းကို ခေါ်ယူလိုက်ပြီးခါမှ အသင်းနဲ့ အံမဝင်ဘဲ အစွမ်းမပြနိုင်သူတွေ၊ ကိုယ့်အသင်းရောက်မှ ဗွေဖောက်သူတွေလည်း အများကြီး ရှိသလို...
နိုင်ငံအုပ်ချုပ်ရေးအတွက် ဒီချုပ်ရဲ့ မူဝါဒတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံတွေနဲ့ ကိုက်ညီသူတွေကို သေချာရွေးချယ် ခန့်ထားပြီးမှ အမှားလုပ်သူတွေ၊ အစွမ်းမပြနိုင်သူတွေ၊ ကလန်တန်တန် လုပ်နေသူတွေ ပါလာတာလည်း မဆန်းပါဘူး။
.
.
.
ဒါ့အပြင် ဒေါ်သက်သက်ခိုင်ပြောတဲ့ ဘောလုံးလောက စီမံခန့်ခွဲခြင်းနဲ့ နိုင်ငံတစ်ခုကို စီမံအုပ်ချုပ်ခြင်းတို့ဟာ Scale ချင်း Condition ချင်းကလည်း မတူပါဘူး။
ဘောလုံးလောကဟာ နယ်ပယ်ပေါင်းများစွာထဲက အားကစားဆိုတဲ့ နယ်ပယ်တစ်ခုထဲက အားကစားနည်း တစ်မျိုးသာ ဖြစ်လို့ ဘောလုံးနည်းပြ တစ်ယောက်အတွက် ဘောလုံးသမားကောင်းကိုပဲ ရှာစရာ လိုပြီး အဲဒီလို ရှာရာမှာလည်း နည်းပြတစ်ယောက်ဟာ သူ့လောက ကွက်ကွက်လေး တစ်ခုတည်းအတွင်းက ဘယ်သူက တော်တယ် ကောင်းတယ်၊ ဘယ်သူ့ကို ဘယ်နေရာမှာ သုံးမယ် ဆိုတာကို သေချာသိနေဖို့ လွယ်ပါတယ်။
ဒီလိုပဲ ဒေါ်သက်သက်ခိုင်တို့လို ရွှေဆိုင်ပိုင်ရှင်တွေ ဝန်ထမ်းခေါ်ယူရာမှာ ရွှေအကြောင်း နားလည်သူ၊ အရောင်းအဝယ် နားလည်သူလောက်ကိုပဲ ခန့်ထားစရာ လိုပြီး...
ဥပမာ မန်နေဂျာရာထူးအတွက် ခေါ်ယူရင် လျှောက်ထားလိုသူဟာ "ငါ့အလုပ် ငါလုပ်တာကို ပြည်သူတွေ ဝိုင်းဆဲကြမလား" လို့ ထည့်စဉ်းစားစရာ မလိုသလို ရွှေဆိုင်ကို ကြီးကြပ်ရတာဟာလည်း အာဏာရှင် ဖျက်ဆီးသွားတဲ့ ဖုန်းဆိုးမြေလို တိုင်းပြည်ကို အုပ်ချုပ်ရတာလို လုပ်ငန်း မစခင်ကတည်းက မဖြေရှင်းနိုင်လောက်တဲ့ အခက်အခဲတွေနဲ့ ကိုယ့်ကို ဒုက္ခပေးမယ့်သူတွေ စောင့်ကြိုနေတာ မဟုတ်လို့ လစာသာကောင်းရင် လာလျှောက်ကြမယ့်သူတွေ ရိုက်သတ်လို့တောင် ကုန်မယ် မဟုတ်တဲ့အတွက်...
ဒီလို လာလျှောက်သူတွေထဲက ကိုယ့်လုပ်ငန်းအတွက် ကိုက်ညီမယ့်သူကို ခေါင်းခေါက်ရွေးနိုင်ပြီး သေချာရွေးထားပါလျက် အသုံးမကျခဲ့ရင်လည်း သုံးလစာပေးပြီး အလွယ်တကူ အလုပ်ဖြုတ်လို့ နောက်တစ်ယောက် အလွယ်ပြန်ရှာနိုင်လို့ လုပ်ငန်းရှင်ဘက်က လူမှန်ရှာရတာ လွယ်ကူပါတယ်။
အစိုးရဆိုတာကတော့ ပြည်သူအားလုံးနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပတ်သက်နေတဲ့ နယ်ပယ်ပေါင်းစုံအတွက် တာဝန်ပေးခန့်အပ်ဖို့ သင့်တော်သူ အမျိုးမျိုး အစားစားကို သန်း ၅၀ ကျော်နေတဲ့ လူတွေထဲကနေ တစ်ဦးချင်းကို အရည်အချင်း စိစစ်လို့ရတဲ့ အလုပ်ခေါ်စာမျိုးနဲ့ ရှာရတာ မဟုတ်ဘဲ ကိုယ်နဲ့ နီးစပ်သူတွေ၊ ကိုယ် ယုံကြည်နိုင်လောက်သူတွေထဲကသာ စမ်းတဝါးဝါးနဲ့ ရွေးချယ်ရတာ ဖြစ်ပြီး...
အထူးသဖြင့် ပထမဆုံးအကြိမ် စအုပ်ချုပ်ဖူးတဲ့ အစိုးရဖြစ်လို့ ဘယ်နယ်ပယ်မှာ ဘယ်သူက တကယ်တော်တယ် ဆိုတာကို သိနိုင်ဖို့ မလွယ်သလို၊ သိလာရင်လည်း တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ရာထူးတွေမို့ တော်တယ်ဆိုတိုင်း တန်းခန့်ရဲတာ မဟုတ်သလို...
အများက တော်တယ် သတ်မှတ်ထားတဲ့ ပညာရှင်တိုင်းဟာလည်း အစိုးရက ခန့်ချင်တိုင်း တာဝန်တွေ ဖိစီးလေးလံလွန်းတဲ့ အစိုးရအလုပ်ကို စိတ်ဝင်တစား ငမ်းငမ်းတက် လာလုပ်ချင်နေကြတာ၊ တိုင်းပြည်အတွက် ပေးဆပ်ချင်နေကြတာ မဟုတ်ဘဲ တွန့်ဆုတ်နေကြလို့ အစိုးရအဖွဲ့ဝင် နေရာအတွက် လူမှန်ရှာရတာဟာ လုပ်ငန်းရှင်တွေ ဝန်ထမ်းရှာရတာလောက် လွယ်နေတာ မဟုတ်ပါဘူး။
ဒါဟာ ကုမ္ပဏီအတွက် လူရှာခြင်းနဲ့ အစိုးရဖွဲ့ဖို့ လူရှာခြင်း ကိစ္စတွေမှာ Scale နဲ့ Condition ချင်း ကွာခြားတာကို ပြနေတာ ဖြစ်တယ်။
ခေါင်းဆောင်ချင်း တူပေမဲ့...
နယ်ပယ်တစ်ခုအတွက် လူမှန်ရှာရသူနဲ့ နယ်ပယ်ပေါင်းများစွာအတွက် လူမှန်ရှာရသူ ရင်ဆိုင်ရတဲ့ Scale ချင်း အများကြီးကွာသလို
နောက်လိုက်ချင်း တူပေမဲ့...
ကုမ္ပဏီနဲ့ ပတ်သက်တဲ့ စားသုံးသူ လူနည်းစုကို ဝန်ဆောင်မှုပေးရသူနဲ့ တစ်ပြည်လုံးက ပြည်သူတွေအပေါ် သက်ရောက်တဲ့ တာဝန်ကို ထမ်းရမယ့်သူ လိုအပ်တဲ့ Skill ချင်း၊ တာဝန်ယူ တာဝန်ခံရတာချင်း အပုံကြီး ကွာပါတယ်။
ခေါင်းဆောင်ချင်း တူပေမဲ့...
အမြတ်ရဖို့ တစ်ခုတည်း အာရုံစိုက်ရပြီး ကိုယ့်ငွေနဲ့ ကိုယ့်လက်ကိုယ့်ခြေ စီးပွါးရေး လုပ်ရတဲ့ လုပ်ငန်းရှင်နဲ့ ပြည်သူ့အခွန်ဘဏ္ဍာကို စီမံခန့်ခွဲပြီး တစ်တိုင်းပြည်လုံးကို အုပ်ချုပ်ရသူ ကြုံတွေ့ရမယ့် Condition ချင်း ကွာခြားသလို
နောက်လိုက်ချင်း တူပေမဲ့...
လက်အောက်ငယ်သားက မျက်နှာရိပ် မျက်နှာကဲ ကြည့်နေရတဲ့ မန်နေဂျာရာထူးကို ဝင်လုပ်နေသူနဲ့ ကိုယ့်ကို အမြဲ ချောက်ချပြီး ဒုက္ခပေးနေတဲ့ လက်အောက်ငယ်သား အသိုက်အမြုံကြီးကို အုပ်ချုပ်ရသူ ဝန်ကြီးတို့ ကြုံတွေ့ရတဲ့ Condition ချင်းလည်း ကွာခြားပြန်ပါတယ်။
ဒါကြောင့် ကုမ္ပဏီနဲ့ အစိုးရထံမှာ ရာထူးတာဝန်ယူလိုသူ ပေါများပုံချင်း မတူတာကို နားလည်သင့်တယ်။
လူမှန် မဟုတ်ဘဲ အခွင့်အရေးအတွက် ပြေးကပ်လာမယ့် လုပ်စားတွေကို ထည့်တွက်ပြီး ဝန်ကြီး ဖြစ်ချင်သူ များပါတယ်လို့ မငြင်းစေချင်ပါ။
နေရာမှန်မှာ ခန့်ထားဖို့ ဆိုတာကတော့ ဘာမှ ဆက်ပြောစရာ မရှိပါဘူး။
လူမှန်တွေသာ လုံလောက်အောင် ရနိုင်ရင် နေရာမှန်မှာ ခန့်ဖို့ ဘာမှ မခက်ပါဘူး။
အခု ဒီချုပ်အစိုးရလက်ထက်မှာ နိုင်ငံအဆင့် အစွမ်းပြနိုင်တဲ့ လူမှန် မလုံလောက်လို့ ရတဲ့လူကို ခန့်ထားတဲ့ နေရာမှာ အစွမ်းမပြနိုင်သူ အချို့တော့ ရှိပေမယ့်...
ဒီဝန်ကြီးဟာ ဟိုဝန်ကြီးဌာနမှာ ပြောင်းခန့်လိုက်ရင် အရမ်းကို အစွမ်းပြနိုင်မှာပဲလို့ ပြောလောက်စရာ နေရာလွဲမှားပြီး ခန့်ထားမိသူ တစ်ယောက်မှ မရှိပါဘူး။
.
.
.
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်ကိစ္စ ဘယ်အလုပ်ကို လုပ်လုပ် အတ္တနဲ့ ဆန္ဒကို ဖယ်ခွါပြီး တရားမျှတမှုလမ်းကြောင်းပေါ်ကပဲ လျှောက်ပါတယ်။
ဒါကြောင့်လည်း တရားမျှတမှုလမ်းကြောင်း တည့်တည့်မှာ မရှိဘဲ လမ်းဘေး တစ်ဖက်တစ်ချက်ကနေ အတ္တစွဲ၊ ဆန္ဒာဂတိစွဲတွေနဲ့ ကိုယ့်ဘက်ကိုယ်ယက်နေသူတွေ၊ ကိုယ်ကျိုးရှာ အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းတွေကို ဒေါ်အောင်ဆန်းစုကြည်သာလျှင် အမြဲတမ်း ခံနေရတာပါ။
ဒါပေမဲ့ အဲဒီလို ပစ်မှတ်ထား ဝေဖန်တိုင်း ဒီချုပ်ကို ထောက်ခံတဲ့ ပြည်သူတွေဆီက တန်ပြန်ဝေဖန်မှုတွေကို ရလာတဲ့အခါမှာ...
"အစိုးရကို ကောင်းစေချင်လို့ စေတနာနဲ့ ထောက်ပြတာကို စေတနာလို့ မမြင်ဘူး။ ငါတို့ ကြည်ညိုတဲ့သူကို အပြစ်ပြောတယ် ဆိုပြီး ၀ိုင်းဆဲကြတယ်" လို့ ထင်တတ်ကြတယ်။
စေတနာသာ တကယ် စစ်မှန်တယ်ဆိုရင်...
ဒီချုပ်ဟာ ဘာကောင်းကွက် တစ်ကွက်မှ မရှိသယောင်ယောင်
လူမှန်တွေ ရှိပါလျက် မသုံးဘဲ လူမှားတွေကို နေရာမှားတွေမှာ ခန့်ထားသယောင်ယောင်
မြန်မာ့ စီးပွါးရေးဟာ ခေါင်းဆောင်ကို အားကိုးလွန်းတဲ့ ဒီချုပ်ရဲ့ ညံ့ဖျင်းမှုကြောင့် ပြိုလဲတော့ မယောင်ယောင်
ရှုထောင့်တစ်ခုတည်းက ကြည့်ပြီး ကိုယ်စီးပွါးရေး လုပ်ပြီး အောင်မြင်နေတဲ့ နည်းလမ်းအတိုင်း မလုပ်ရင် ခေါင်းဆောင်ကောင်း မဟုတ်သယောင်ယောင် တစ်ဖက်သတ် ဝေဖန်ရမှာ မဟုတ်ဘဲ...
ဒီချုပ်ရဲ့ အားသာချက် အားနည်းချက်၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေ၊ တိုင်းပြည်ရဲ့ ပကတိ အရှိတရား၊ နိုင်ငံတကာရဲ့ လွှမ်းမိုးသက်ရောက်မှု စတာတွေနဲ့ မျှမျှတတ ချိန်ထိုးပြီး အမှန်အမှားကို သမာသမတ်ကျကျ ထောက်ပြနိုင်မှသာ "စေတနာစကားအစစ်" အဖြစ် ပြည်သူက လက်ခံနိုင်မှာ ဖြစ်ကြောင်း အတွင်းစိတ် မပေါ်အောင် ပြောဆိုဝေဖန်တတ်ဖို့ နည်းပေးလမ်းပြလိုက်ရပါတယ်။
Crd ...ဆွေယု
Comments
Post a Comment