မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဦးဆောင်ရှင်းလင်း |
မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ဦးဆောင်ပြီး မန္တလေးတိုင်းအစိုးရရဲ့ ဝန်ကြီးတွေက သူတို့ လုပ်ဆောင်ခဲ့တဲ့ ကဏ္ဍတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကိုရှင်းပြတာမှာ လမ်းပမ်းဆက်သွယ်ရေးကောင်းအောင်လုပ်နိုင်တာတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ပေးတာတွေ၊ သိမ်းဆည်းခံလယ်ယာမြေတွေ စီစစ်ပြန်ပေးနိုင်တာတွေ၊ စီးပွားရေးရင်းနှီးမြုပ်နှံမှု စီစစ်ချထားတာတွေ၊ နယ်မြေလုံခြုံရေးဆောင်ရွက်ထားတာတွေကို အဓိက ရှင်းလင်းခဲ့ပါတယ်။
အရင် မန္တလေးတိုင်း အစိုးရလက်ထက်က ငွေကျပ်သန်းထောင်ချီ ပြန်လည်ပေးသွင်းဖို့ ကျန်နေတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေစာရင်း ကျပ်သန်းပေါင်း ၂၃၀၃.၂၈ သန်း ပြန်လည်ပေးသွင်းဖို့ လိုနေသလို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးခေါင်းစဉ်နဲ့ ရန်ပုံငွေထဲက ထုတ်ချေးငွေ ၄၂၂. ၈၄ သန်း ပြန်လည်ပေးသွင်းဖို့ လိုအပ်နေတယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။ ဒါ့အပြင် တိုင်းအစိုးရ အစုရှယ်ယာပိုင်ဆိုင်ကြောင်း ငွေကျပ် ၃၇၅ သန်းတန်တယ်ဆိုတဲ့ သက်သေခံလက်မှတ်ဟာ မိတ္တူဖြစ်နေပြီး ဒီငွေတွေအားလုံးဟာ ပြည်သူ့ငွေတွေဖြစ်တဲ့အတွက် အကြွေးပြန်ဆပ်ဖို့ လိုတယ်လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
စာရင်းစစ်နဲ့ အစိုးရကတဆင့် သက်ဆိုင်သူတွေကို အကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်သူ့ငွေဆိုတာ လျှော်ပစ်လို့ မရပါဘူးလို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
လုပ်ချင်ရက်နဲ့ မလုပ်နိုင်တဲ့လုပ်ငန်းတွေ အတားအဆီး အခက်ခဲရှိတဲ့ လုပ်ငန်းတွေရှိရင်ပြောပြပါဆိုတော့ မူးယစ်ဆေးဝါးပပျောက်အောင်စီမံချက်ချပြီးလုပ်တာမှာ ကြိုတင်သတင်းပေါက်ကြားတာတွေရှိလို့ အပြစ်ကျူးလွန်သူတွေကို မဖမ်းနိုင်တာတွေရှိတာကြောင့် စီစစ်ပြီး ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့ လုပ်ဆောင်မယ့်အကြောင်းနဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေပြန်ပေးတဲ့ကိစ္စမှာလည်း ဖွဲ့စည်းပုံဥပဒေကြောင့် အဟန့်အတားဖြစ်တဲ့ကိစ္စတွေနဲ့ မူလပိုင်ရှင်လက်ရောက်အောင် ပြန်ပေးဖို့ ခက်ခဲကြန့်ကြာနေတာတွေကိုလည်း ပြောသွားခဲ့ပါတယ်။
သစ်မခုတ်တဲ့ ကိစ္စတွေနဲ့ သစ်တွေ ပြန်ပေါက်လာတာ ရွာပေါင်း ၉၀၀ ကျော်လျှပ်စစ်မီးရကုန်တာက သိသာတဲ့ ကိစ္စတွေဖြစ်တယ်လို့လည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
ရှင်းလင်းပွဲမှာ မန္တလေးတိုင်းအစိုးရရဲ့ လုံခြုံရေးဝန်ကြီးကလည်း နယ်မြေအေးချမ်းပြီးတရားဥပဒေစိုးမိုးဖို့ လုပ်ဆောင်နေတာတွေရှင်းပြခဲ့သလို ၊ လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးကလည်း ဒေသတွင်းဖွံ့ဖြိုးရေးလုပ်နေတာတွေကို အချက်လက်တွေနဲ့ရှင်းပြခဲ့သလို မြို့တော်စည်ပင်သာယာရေးအတွက် လုပ်နေတဲ့ကိစ္စတွေနဲ့ ဝန်ထမ်းတွေ အကျင့်ပျက်လို့ အရေးယူခဲ့တာတွေနဲ့ အလုပ်ကြိုးစားလို့ ဆုချီးမြှင့်ခဲ့တာတွေကို လည်း မြို့တော်ဝန်ကရှင်းပြသွားတယ်လို့ မန္တလေးအခြေစိုက် ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
Comments
Post a Comment