မန္တလေး၊ ဇွန် ၂၈
မန္တလေးတိုင်း ဒေသကြီး အတွင်းက အရင် သိမ်းဆည်းခံ မြေဧက ၉ ထောင်ကျော်ကို အခုနှစ် ဒီဇင်ဘာ မတိုင်မီ မူလ ပိုင်ရေးဆိုင်ခွင့် ရှိသူတွေဆီ ပြန်လည် ပေးအပ်သွားဖို့ ရှိတယ်လို့ မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
ဒီဇင်ဘာ မတိုင်မီမှာ ပြန်ပေးဖို့ ကြိုးစားနေတာ ၉၃၇၉ ဧက ရှိပါတယ်၊ အဲဒါတွေကို ကျွန်တော်တို့ ပြန်ပေးပါမယ်၊ စွန့်လွှတ် ဧကက ၁၅၈၀၉ ဒသမ ၆၇ ဧက စွန့်လွှတ် ထားပြီးသားပါ၊ ဒါတွေကိုလည်း ကျွန်တော်တို့ စစ်ပြီးပါပြီ လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။
မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အစည်းအဝေး ခန်းမမှာ ဒီကနေ့
ပြုလုပ်ခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရဲ့ ဒုတိယ ၁ နှစ်တာ
သက်တမ်း ကာလအတွင်း ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေနဲ့ စပ်လျဉ်းတဲ့
သတင်းစာ ရှင်းလင်းပွဲမှာ ၄င်းက ပြောလိုက်တာပါ။
ပြန်လည် ပေးအပ်သွားမယ့် မြေတွေဟာ မူလ ပိုင်ရေးဆိုင်ခွင့် ရှိသူတွေရဲ့ လုံလောက်တဲ့ အထောက်အထား ပြနိုင်တဲ့ မြေတွေပဲ ဖြစ်ပြီး တပ်မတော် အဖွဲ့အစည်းက သုံးထားပြီးတော့ ပြန်စွန့်လွှတ်တဲ့ မြေတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။
ကျွန်တော်တို့ ပြန်အပ်နှံပြီးတာ ၆၄၃၀ ဒသမ ၀၂ ဧက ဆိုတော့ ကျွန်တော်တို့ ၉၀၀၀ ကျော် ပြန်ပေးရဦးမှာပါ၊ ပြန်ပေးနိုင်ဖို့ ကြိုစား အားထုတ်နေပါတယ်၊ အားလုံးပေါင်း ပြန်ပေးရမယ့် ကျန်တာ ဘယ်လောက် ကျန်သလဲ ဆိုတော့ ၉၃၇၉ ဧကပါ၊ ဒီဇင်ဘာ မတိုင်မီ ပြန်ပေးကိုပေးမှာပါ လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။
အစိုးရရဲ့ နှစ်နှစ်တာ ကာလ သက်တမ်း တစ်လျှောက်လုံး မြေသိမ်းဆည်းခံ မူလပိုင်ရေး ဆိုင်ခွင့် ရှိသူတွေကို မြေပြန်ပေးဖို့ ကြိုးစား ဆောင်ရွက်ခဲ့တယ် လို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီးချုပ်က ရှင်းပြ ပြောဆိုခဲ့ပြီး အစိုးရရဲ့ မူဝါကိုက မြေပြန်ပေးချင်လို့ အဖွဲ့တွေ ဖွဲ့ပြီး တစ်လတစ်ကြိမ် ပုံမှန် အစည်းအဝေး တွေက တစ်ဆင့် မူလ ပိုင်ရေးဆိုင်ခွင့် ရှိသူတွေဆီ ပြန်လည် ပေးအပ်ပြီး ဖြစ်တဲ့ မြေဧက ပေါင်း ၆၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
မြေပြန်ပြီးတော့ စွန့်လွှတ်မယ် ဆိုလို့ရှိရင် စွန့်လွှတ်ထားတဲ့ အဖွဲ့အစည်းက အဲဒီမှာရှိတဲ့ ကျူးတွေကို ရှင်းပေး ရပါတယ်၊ ဒီအတိုင်းပဲ စွန့်လွှတ်သွားတာ မဟုတ်ပါဘူး၊ ကျူးတွေကို ဖျက်ပေးရပါတယ်၊ နောက်ပြီးကျတော့ စီမံကိန်း အတွက် သုံးမယ် ဆိုလို့ရှိရင်လည်း ကိုယ်သုံးမယ့် အဆိုပြု စီမံကိန်းကိုပဲ လုပ်ရပါတယ်၊ ဆိုလိုချင်တာက နောက်ထပ် ကုမ္ပဏီတွေကို မငှားရပါဘူး၊ ကုမ္ပဏီတွေကို ချမပေးရပါဘူး၊ ဆိုလိုချင်တာက သီးစား ချမပေးရပါဘူး၊ ဒါပေမယ့် သီးစား ချပေးခဲ့ပါတယ်၊ အဲဒီတော့ ပြန်လည် စွန့်လွှတ်လိုက်ရော သီးစားချထားတဲ့ ဟာတွေ ရှိတော့ အောက်ခြေမှာ ဘယ်လိုမှ ရှင်းလို့ မနိုင်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ရှင်းမှာပါ၊ ပေးနိုင်အောင်လည်း ကြိုးစားမှာပါ၊ စာက ထွက်ပြီးပါပြီ၊ ဒီဇင်ဘာ မတိုင်မီမှာ စွန့်လွှတ်ထားတဲ့ လက်ရှိ ကျွန်တော်တို့ စိစစ်ပြီးလို့ စွန့်လွှတ်ထားတဲ့ မြေတွေကို ကျွန်တော်တို့ ပြန်ပေးကို ပေးရမှာပါ လို့လည်း ၀န်ကြီးချုပ်က အခိုင်အမာ ပြောပါတယ်။
သတင်း + ဓါတ်ပုံ - စောထွေး
Popular News

Comments
Post a Comment