ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် တင်ဒါကိစ္စ မသမာမှုပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီးအရေးယူခံထားရကြောင်း သတင်းရသည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် (၆၀ နှစ်) သည် ၂၀၁၇ ခုနှစ်အတွင်းက
နေပြည်တော် FDA အတွက် ဓာတ်ခွဲခန်း (၂) ခန်း၊ တိုင်း/ပြည်နယ်/ခရိုင်ရုံး
(၁၂) လုံး ဆောက်လုပ်ခွင့်တင်ဒါအောင်မြင်ခဲ့သည့်
ရဲတိုက်မြို့တော်ကုမ္ဗဏီနှင့် မိတ်ဖက်ကုမ္ဗဏီများထံမှ ၎င်း၏နေအိမ်များဖြစ်သော
နေပြည်တော် ရွှေကြာပင်ရပ်ကွက်၌ တိုက်(၁)လုံး ဆောင်လုပ်ပေးစေခြင်း၊
နေပြည်တော် ရွာသစ်ကျေးရွာ၌ ရေကူးကန်ပါ နှစ်ထပ်တိုက် (၁) လုံးနှင့်
ခြံဝန်းခတ်ပေးစေခြင်းများ ဆောင်ရွက်စေကာ အဂတိလိုက်စားခဲ့ကြောင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးပေါ်ပေါက်သဖြင့် ဧပြီ ၂၀ ရက်
နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း၊
ဒေါက်တာ သန်းထွဋ်အား ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်
ရုံထုတ်ချုပ်ရမန်ရယူခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာ သန်းထွဋ်သည် ရွှေကြာပင်ရပ်ကွက်ရှိ မြေကွက်ပေါ်တွင် ဆောက်လုပ်ဆဲ RC တစ်ထပ်နေအိမ်အတွက် ငွေကျပ် သိန်း(၅၀၀) ကျော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများအားလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုအနောက်ဘက်ရှိ မြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ (၁)ထပ်တိုက်နေအိမ်တလုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တလုံး၊ ဂိတ်တဲ (၁) လုံး၊ ရေးကူးကန်(၁)ခုနှင့် ကြားပန်းပုံပါ ရေပန်း (၁)ခုတို့အား ဆောက်လုပ်ပေးရန် ကျသင့်တန်ဖိုး ငွေကျပ်သိန်း(၁၀၀၀) ကျော်အား မပေးဘဲ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ရဲတိုက်မြို့တော် ကုမ္ဗဏီနှင့် မိတ်ဖက်ကုမ္ဗဏီများအား ဆောင်ရွက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်း(နေပြည်တော်)

Comments
Post a Comment