Skip to main content

ချီဖွေမြို့အဝင်တွင်ရှိသော လဗျူဟိုတယ် ကေအိုင်အေမှ ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ


ချီဖွေ၊ ဧပြီ ၂၉

ကချင်ပြည်နယ်ချီဖွေမြို့အဝင် ဥက္ကပ်ရပ်ကွက်တွင်ရှိသော ချီဖွေမြို့ ဂုဏ်ဆောင် လဗျူဟိုတယ်သို့်ဧပြီလ ၂၆ ရက်နေ့ ည(၇)နာရီကျော်ခန့်က ကေအိုင်အေမှ ပစ်လိုက်သော လက်နက်ကြီးကျည်
ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဟိုတယ်ခေါင်းမိုးနှင့် အခန်းအချို့ပျက်ဆီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဧပြီလ ၂၆ရက်နေ့ ည(၇)နာရီကျော်ခန့်က ကေအိုင်အေမှ ပစ်လိုက်သော လက်နက်ကြီးကျည်ဆံ အခန်းနံပါတ် (၂၁၀)နှင့် အခန်းနံပါတ်(၂၂၀)အခန်းကြား ဟိုတယ်ထောက်တိုင်ပေါ်တည့်တည့်တွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် မိုင်းစများပျံ့၍ အပေါ်ဆောင်တစ်ဆောင်လုံး၏ သွပ်ပြားများ ဇကားပေါက်ကဲ့သို့ ပေါက်ခဲ့ပြီး ကျည်ကျသည့်နေရာတွင် ၁ပေခွဲပတ်လည်အပေါက်ကြီး ဖြစ်ခဲ့ကြောင်း အခန်းအပြင်ဘက် မျက်နှာကျက်များ မီးကြိုးအချို့နှင့် လှေကားကောင်တာခန်း မျက်နှာကျက် အားလုံးပြိုကျခဲ့ ရေပိုက်ပေါက်ခဲ့ မီးသီး မီးချောင်းများ ပျက်ဆီးခဲ့ ကြောင်း သိရသည်။

“လက်နက်ကြီးက ဟိုတယ်ခေါင်းမိုးပေါ် လာကျတာ။ ပြီးမှ အဲဒီကနေ ပေါက်ကွဲ သွားတာ။ ဟိုတယ်မှာ လူမရှိလို့တော်သေးတယ်။ခုလိုဖြစ်တော့ ကျွန် တော်တို့က စစ်ပဲ ပြေးရတော့မလိုဖြစ်နေတယ်။ ”ဟုမျက်မြင်တွေ့ရှိသူ ချီဖွေမြို့ဒေသခံတစ်ဦးကပြောသည်။


ကေအိုင်အေတပ်ရင်း ၁၄ က ဟူးကောင်းဒေသအတွင်း ဧပြီလ ၁၀ ရက်နေ့မှစ၍ ပြောက်ကျား စစ်ဆင်ရေး၊ မိုင်းစစ်ဆင်ရေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာ ထားပြီးနောက် ကချင်ပြည်နယ်တွင်တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

မင်းရာဇာ / EPN

Comments