စီးပွားရေဦးပိုင်လီမိတက်ကို ငှားရမ်းပေးထားသော မြေငှားခနှုန်းထားများမှာ ရယ်စရာဖြစ်နေဟုဆို
စီးပွားရေဦးပိုင်လီမိတက်ကို
ငှားရမ်းပေးထားသော
မြေငှားခနှုန်းထားများမှာ
ရယ်စရာဖြစ်နေဟုဆို
ငှားရမ်းပေးထားသော
မြေငှားခနှုန်းထားများမှာ
ရယ်စရာဖြစ်နေဟုဆို
(ပဲခူး၊ ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၈)
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ထံ ငှားရမ်းထားသည့်မြေငှားခနှုန်း ထားများမှာ ခေတ်စနစ်နှင့်မလျော်ညီဘဲ ရယ်စရာဖြစ်နေကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး က ပြောဆိုလိုက်သည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမမြောက်ပုံမှန်အစည်းအဝေးများ ဒသမနေ့တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"သစ်တောပိုင်မြေတွေနဲ့ပတ်သက်ပြီး ဦးပိုင်ကိုငှားရမ်းထားတဲ့ မြေငှားခ တွေကို လေ့လာကြည့်ရာမှာ ခေတ်နဲ့မလျော်ညီတော့ဘဲနဲ့ လူရယ်စရာကြီးဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီလိုကိစ္စတွေကို ပြုပြင်နိုင်မှုမရှိဘူးဆိုရင် တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ အများကြီးနစ်နာဆုံးရှုံရမှာဖြစ်ပါတယ်"ဟုသစ်တော၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးတစ်ဦးလည်းဖြစ်သူ ဦးဇော်နိုင်ဦး က ပြောသည်။
၎င်း၏ မဲဆန္ဒနယ်မြေအတွင်းပါဝင်သော သစ်တောပိုင်မြေများအနက်မှ သဲကုန်းမြို့နယ်ရှိ ရှားပြင်ကြိုးဝိုင်းသစ်တောမြေအား အငှားချထားရာတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၃၆ ခုနှစ်အထိ နှစ်သုံးဆယ်ကြာငှားရမ်းရာတွင် ၂ဝဝ၆ မှ ၂ဝဝ၉ အထိကို တစ်ဧက ၁ဝဝ ကျပ်နှုန်း၊ ၂ဝ၁ဝ မှ ၂ဝ၁၃ အထိ တစ်ဧက ကျပ် ၅ဝဝနှင့် ၂ဝ၁၄ မှ ၂ဝ၁၇ အထိ ကျပ် ၁ဝဝဝ နှုန်းဖြင့် အသီးသီး သတ်မှတ်ငှားရမ်းနေကြောင်း ၎င်းက ထောက်ပြသည်။
"ကျွန်တော်တို့ အဲဒီငှားရမ်းခတွေနဲ့ပတ်သက်လို့ တိုးမြှင့်ကောက်ခံထားပါတယ်။ လက်ရှိကောက်နေတဲ့ တစ်ထောင်ကျပ်ဆိုတာကလည်း ပြည်ထောင်စုအဆင့်က သတ်မှတ်ပေးတဲ့ နှုန်းထားဖြစ်ပါတယ်" ဟု ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်က ဖြေရှင်းချက်ပေးသည်။
သစ်တောဦးစီးဌာနပိုင်မြေများအား စီးပွားရေးဦးပိုင်လီမိတက်ထံ နှစ်ရှည်အငှားချထားရာတွင် ပဲခူးတိုင်း ပြည်ခရိုင်အတွင်း၌ မြေဧကစုစုပေါင်း ၃၆,ဝဝဝ ကျော်ရှိကြောင်း အဆိုပါဌာနစာရင်းများအရ သိရသည်။
မိုးမြေ

Comments
Post a Comment