အခု ကျွန်မတို့ရဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရောက်ရှိလာတဲ့ ဧည့်သည်တော်ကြီးများအားလုံးကို ငြိမ်းချမ်းရေးကိုလိုချင်ကြတဲ့ ပြည်သူပြည်သားများ အားလုံးကိုယ်စား ကျွန်မအနေနဲ့ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ဒီလိုနှစ်ပတ်လည် အခမ်း အနားတွေလုပ်တယ်ဆိုတာ အတိတ်ကမမေ့သင့်တဲ့ကိစ္စများကို ကျွန်မတို့ သတိရပြီး တော့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ လုပ်သင့်တဲ့ကိစ္စများကို သတိပြုမိဖို့ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ဒီနေ့မှာဆိုရင် အတိတ်ကတုန်းက ကျွန်မတို့ ငြိမ်းချမ်းရေး အတွက်ဘ ဘယ်လိုကြိုးပမ်းခဲ့တယ်ဆိုတဲ့ကိစ္စကို အချို့တင်ပြသလို နောင်အနာဂတ် အတွက် ကျွန်မ တို့ဘယ်လိုဆက်လက်ပြီးတော့ ကြိုးပမ်းဖို့ရည်ရွယ်ချက်ရှိသလဲဆိုတာ တင်ပြချင်ပါတယ်။ ဒီကနေ့ဟာဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement-NCA လက်မှတ်ရေးထိုးခဲ့တာ (၂)နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ကျွန်မတို့အစိုးရ နိုင်ငံ့တာဝန် ရယူထမ်းဆောင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့ တွေ ရှိနေပါပြီ။ လက်မှတ်ရေးထိုးပြီးသား တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ NCA အရ ပေါ်ပေါက်လာတဲ့ ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးလုပ်ငန်းစဉ်တွေ ခိုင်မာအောင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ Joint Monitoring Committee-JMC နဲ့ ဆောင်ရွက်နေ သလို တစ်ချိန်တည်းမှာပဲ နိုင်ငံရေးဆွေးနွေးပွဲစားပွဲဝိုင်း တွေ ပေါ်လာအောင် ပြည် ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ Union Peace Dialogue Joint Committee-UPDJC ကနေ တာဝန်ယူ ဆောင်ရွက်ခဲ့ရပါတယ်။ JCM ဘက်မှာ အရပ်သားပြည်သူတွေ ပါဝင်မှု မြှင့်တင်ပြီး ပြည်နယ်အဆင့်၊ ဒေသအဆင့်အထိ စောင့်ကြည့်မှုယန္တရားတွေ စနစ်တကျထူထောင်နိုင်ခဲ့သလို နိုင်ငံရေးဆွေးနွေးပွဲဘက်မှာ ဆိုရင်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ထွက်ပေါ်လာခဲ့ပြီး ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် (၃၇) ချက်ကို ပြည်ထောင်စုသဘောတူညီ ချက် ၏ အစိတ်အပိုင်း(၁)အဖြစ် လက်မှတ်ရေးထိုးနိုင်တဲ့ အဆင့်အထိ ခရီးရောက်ခဲ့ပါ တယ်။ NCA နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း ကျွန်မတို့အားလုံး သတိပြုသင့်တဲ့ တိုးတက်မှုတွေလည်း များစွာ ရှိနေတာကို တွေ့ရှိရပါတယ်။ NCA လက်မှတ်ရေးထိုးထား တဲ့အဖွဲ့ အစည်းတွေရဲ့ နယ်မြေဒေသတွေမှာ ပဋိပက္ခတွေ လျှော့ချနိုင်ခဲ့ပြီး ဒေသခံပြည်သူ လူထုတွေရဲ့ လူမှု-ဘဝတွေဟာ သိသိသာသာ တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။ ငြိမ်းချမ်းရေး ရဲ့ အသီးအပွင့်တွေအဖြစ် လက်ရှိကာလမှာ ရရှိခံစားနေရတာက ကျွန်မတို့ရဲ့ တိုင်းရင်းသား ပြည်သူတွေပဲ ဖြစ်ပါတယ်။ JMC ဟာ ပြီးပြည့်စုံတဲ့ ယန္တရား မဟုတ်ဘူး ဆိုပေမယ့်လည်း JMC ရှိခြင်းကိုက လက်နက်ကိုင် တပ်ဖွဲ့တွေအကြား အငြင်းပွားမှုတွေဖြစ်ပေါ်လာရင် စေ့စပ်ညှိနှိုင်း ဖြေရှင်းတဲ့ ယဉ်ကျေး မှုကို တစ်ဆင့်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုနိုင် ပါတယ်။ ဒီလို (၂)နှစ်ပြည့် မြောက်တဲ့ကာလမှာ JMC ရဲ့ လုပ်ငန်းစဉ်တွေ၊ ပဋိပက္ခဖြေရှင်းမှု ယန္တရားတွေ ပိုမို ကောင်းမွန်အောင် ပြန်လည်သုံးသပ်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေ ဆောင်ရွက် သွားဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ UPDJC ဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်၊ ပါဝင်သင့်ပါဝင် ထိုက်တဲ့ သူတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း CSO တွေ အားလုံးပါဝင်နိုင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို အောင်မြင်စွာ စနိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဒီကနေ့ အထိ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပါလီမန် အစိုးရခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ နိုင်ငံတော်အေးချမ်းသာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရတို့ခေတ်၊ ပြီးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ခေတ်၊ လက်ရှိ ကျွန်မတို့ အစိုးရခေတ်တွေ ရှိခဲ့ပါတယ်။ ဘယ် ခေတ်ဘယ်အခါကမှ မရောက်ခဲ့ဖူးတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျွန်မတို့ လက်ထက်မှာ စတင်ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်တဲ့အပြင် နိုင်ငံရေးသဘောတူညီချက်တွေ ထွက်ပေါ်လာအောင် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါတယ်။ အတိတ်က အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို ရယူခဲ့ကြပြီးတဲ့နောက် ကျွန်မတို့ခေတ်မှာ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်း တွေ စတင်နိုင်ခဲ့တာ အလေးအနက် ထားပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲဟာ ပြီးပြည့်စုံပြီလားမေးရင် မပြည့်စုံသေးပါဘူး။ နောက်ထပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုအပ်ပါသေးတယ်။ ပြီးခဲ့တဲ့ (၂၁)ရာစုပင်လုံ၊ ဒုတိယ အစည်းအဝေးပြီး နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်နဲ့ပတ်သက်လို့ ကျွန်မတို့ ဘက်မှာ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေဘက်မှာ၊ နိုင်ငံရေး ပါတီတွေ ဘက်မှာ ပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့ကြပြီးတော့ အားသာချက်၊ အားနည်း ချက်တွေကို ဆွေးနွေးပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ် လာအောင် ပြင်ဆင် ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားရဦးမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ပတ်သက်လို့ စောင့်ကြည့်ရေး ယန္တရားတွေ၊ အငြင်းပွားမှု ဖြေရှင်းရေးလုပ်ငန်းစဉ်တွေနဲ့ စနစ်တကျ ဆောင်ရွက်နိုင်လာခဲ့ပြီ ဆိုပေ မယ့် ပထမဆုံး အတွေ့အကြုံဖြစ်တဲ့အတွက် အားနည်းချက်တွေကို ပြုပြင်ပြီး ပိုမိုခိုင်မာ ကောင်းမွန်အောင် ညှိနှိုင်းဆွေးနွေးသွားကြရမှာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းတစ် လျှောက် ပထမဆုံး နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက်တွေ ရရှိနိုင်ခဲ့တယ် ဆိုပေမယ့်လည်း ဒီပထမဆုံး အတွေ့အကြုံကို အခြေခံပြီး ပိုမို ကောင်းမွန်၊ ပိုမိုပြည့်စုံတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေ ဖြစ်ပေါ်လာအောင် ကျွန်မ တို့အားလုံး ညှိနှိုင်းဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆဲအဖွဲ့တွေ ရှိနေသလို အခြား တစ်ဖက်မှာလည်း NCA ကို လက်မခံနိုင်သေးတဲ့အဖွဲ့ တွေ ရှိနေခဲ့ ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိနေပါတယ်။ နိုင်ငံရေးဆွေး နွေးပွဲတွေမှာ အားလုံး လက်ခံနိုင်တဲ့ အခြေခံမူတွေ ဖြစ်အောင် ရည်ရွယ်ပြီး ဆွေးနွေးညှိ နှိုင်းခဲ့ကြတာဖြစ်ပါတယ်။ NCA လက်မှတ် မထိုးဘဲ ကျန်နေသေးတဲ့အဖွဲ့တွေ အားလုံးအနေနဲ့လည်း အနာဂတ် နိုင်ငံတော် အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ် တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲ ဖိတ်ခေါ် ထားပါတယ်။ တစ်ကယ်တော့ NCA ဆိုတာ ကျွန်မတို့ ပြည်ထောင်စုရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဲ့ စတင်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ NCA ဟာ လမ်းဆုံးခရီး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေးညီလာခံ တံခါးကို ဖွင့်လှစ်ပေး လိုက်ခြင်း ဖြစ်တယ် ဆိုတာကို ဒီကနေ့ ထပ်လောင်း ပြောကြား လိုပါတယ်။ တစ်ဆက် တည်းမှာပဲ NCA ထွက်ပေါ်လာအောင် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန်နဲ့တကွ အခြားပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။ NCA ဆွေးနွေးညှိနှိုင်းခဲ့စဉ်က ကျွန်မတို့အစိုးရနဲ့ ညှိနှိုင်းခဲ့တာ မဟုတ်ပေ မယ့်လည်း ကျွန်မတို့ အစိုးရဖြစ်လာတဲ့အချိန်မှာ NCA ကို လက်ခံခဲ့ပါတယ်။ အစိုးရ တစ်ရပ်ရဲ့ တာဝန်ယူမှုနဲ့ လက်ခံရရှိတဲ့ အနေအထားကို အကောင်းဆုံးဖြစ်အောင် ကျွန်မတို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ဆောင် ရွက်နေသူတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးပြီးမှ ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးဖြစ် စဉ်ကို လိုက်လျောညီထွေဖြစ်အောင် ချမှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်က ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို နှစ်ပေါင်း များစွာ မျှော်လင့်တောင့်တနေကြတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ အိမ် မက်တွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်အခြေခံမူ အုတ်မြစ် ချမှတ်နိုင်ရေး အခုဆိုရင် NCA လက်မှတ်ရေးထိုးခဲ့တာ (၂)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သလိုပဲ ကျွန်မတို့ အစိုးရ လက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပခဲ့တာ ဒုတိယအကြိမ် ပြီးစီး အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ နောက်ထပ် ငြိမ်းချမ်းရေးညီလာခံတစ်ကြိမ် ကျင်းပဖို့ ရှိပါသေးတယ်။ မကြာခင် ကာလမှာ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်။ ပြီးခဲ့တဲ့ညီလာခံမှာ သဘောတူညီချက် မရရှိသေးတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ဆက်လက်ဆွေးနွေးညှိနှိုင်းရဦးမှာ ဖြစ်သလို နောက်ထပ် အခြေခံမူတွေ ချမှတ်နိုင်ဖို့လည်း ဆွေးနွေး ညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်။ပြီးရင် လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ ငြိမ်းချမ်းရေးညီလာခံ (၂)ကြိမ် ကျင်းပဖို့ လည်းရှိပါတယ်။ လာမယ့်ညီလာခံ(၃)ကြိမ်မြောက်မှာ ကျွန်မတို့အနေနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်နိုင်တဲ့ အထိ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းချင်ပါတယ်။ အခြေခံမူတွေ ထွက်ပေါ်လာပြီးရင် အသေးစိတ်မူတွေ ဆက်လက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား အာဏာ ခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်အကောက် ခွဲဝေမှု၊ ကြွင်းကျန် အာဏာဆိုင်ရာ အခြေခံမူတွေ၊ ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ဆက်တွဲ ဇယားပါ လုပ်ပိုင်ခွင့် တွေ ဆက်လက်ပြီး ဆွေးနွေး ကြရဦးမှာ ဖြစ်ပါတယ်။ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုမှာ ဘယ်လိုခွဲဝေအုပ်ချုပ်ကြမလဲ ဆိုတာတွေ ဖြစ်ပါတယ်။ ညီလာခံ(၃) ကြိမ်အတွင်းမှာ အခြေခံမူတွေကို အကြေအလည် ဆွေးနွေးလို့ ပြီးပြတ်သွားပြီ ဆိုရင် ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ထွက်ပေါ်လာပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်ဟာ နိုင်ငံရေးပြဿနာတွေပဲဖြစ်ပါတယ်။ ဒီနိုင်ငံရေးပြဿနာတွေကို နိုင်ငံရေး နည်းနဲ့ မဖြေရှင်း နိုင်ခဲ့ကြလို့ ဆိုတာကို အားလုံးက လက်ခံထားကြပြီး ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မပြေလည် မဖြေရှင်းနိုင်ခဲ့တဲ့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခ တွေရဲ့ ဖြေရှင်းချက် အားလုံးဟာ အားလုံးလက်ခံ သဘောတူညီနိုင်တဲ့ ဖက်ဒရယ်စနစ် ဖြစ်တယ်ဆိုတာကိုလည်း သဘောတူကြလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ချုပ်ငြိမ်းစေနိုင်ဖို့ လုပ်ဆောင် ရေးတာဝန်ဟာ အခု ကျွန်မတို့ အားလုံးရဲ့ လက်ဝယ်ကို ရောက်ရှိနေပါပြီ။ နိုင်ငံရေး ဆွေးနွေးဖက် အားလုံး အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ ညှိနှိုင်းဆွေး နွေးကြမယ်ဆိုရင် အရေးကြီးလှတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ထွက်ပေါ် လာအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကိုလည်း ပြီးခဲ့တဲ့ ဒုတိယအစည်းအဝေး မှာရရှိခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်ရဲ့ အစိတ်အပိုင်း(၁)က လက်တွေ့ကျကျ သက်သေပြနေပါပြီ။ ကျွန်မတို့ရဲ့ တိုင်းရင်းသားပြည်သူတွေ အားလုံး ဟာလည်း (၂၁) ရာစုပင်လုံညီလာခံကြီးပေါ်ကို မျှော်လင့်ချက်တွေ ပုံအပ်ထားနေကြပါပြီ။ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ သဘောသဘာဝအရ အနိမ့် အမြင့်၊ အတက် အကျတွေ ရှိစမြဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ပန်းတိုင်နဲ့ နီးလာလိုက်၊ ပြန်ပြီးတော့ ဝေးကွာသွားလိုက်နဲ့ ရှိခဲ့ကြသလိုပါပဲ။ ကျွန်မတို့ နိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လမ်းဟာ အစဉ်အမြဲ ချောမွေ့ နေမှာတော့ မဟုတ်ပါဘူး။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။ တာတိုပြေးပွဲတွေမှာ ခွန်အားကြီးသူတွေ အောင်ပွဲဆင်နိုင်သလို တာဝေး ခရီးမှာ စိတ်ဓါတ်နဲ့ ခံယူချက် ကောင်းသူတွေက အောင်ပွဲဆင်နိုင်လေ့ ရှိပါတယ်။ ကျွန်မတို့ရဲ့ တာဝေးငြိမ်းချမ်းရေးခရီး ကို လျှောက်လှမ်းရာမှာ အောင်မြင်မှု ဆောင်ကြဉ်း နိုင်ဖို့အတွက် စိတ်ဓါတ်၊ ခံယူချက် အပြင် စေတနာတရား လိုအပ်တယ် လို့ ပြောချင်ပါတယ်။ ဒီစေတနာတရားက ကျွန်မတို့ရဲ့ နောင်လာမယ့် မျိုးဆက်တွေ၊ တိုင်းရင်းသား လူငယ်တွေ အတွက် ထားရှိအပ်တဲ့ စေတနာတရားဖြစ်ပါတယ်။ နောင်လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ ကျွန်မတို့ရဲ့ လူငယ်တွေအတွက် ဘယ်လို နိုင်ငံတော်မျိုး၊ ဘယ်လို ပြည်ထောင်စုမျိုးကို ထားရစ်ခဲ့ကြမလဲ စဉ်းစားကြည့်ကြစေလိုပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့၊ သဘောထား ကွဲလွဲမှုတွေနဲ့၊ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျနေဆဲ ဖြစ်လို့ အထင်သေး ခံရတဲ့ နိုင်ငံတော်မျိုး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး မရှိသေးလို့၊ ငြိမ်းချမ်းရေး အသီးအပွင့်မဝေဆာနိုင် သေးလို့ ပြည်သူတွေ စိတ်မချမ်းသာရတဲ့ ပြည်ထောင်စုမျိုးကို ကျွန်မတို့ ချန်ထားခဲ့ကြမှာလား ဆိုတာကို ကျွန်မတို့အားလုံး အလေးအနက်ထားပြီး စဉ်းစားသုံးသပ်ကြဖို့ လိုအပ်မှာ ဖြစ်ပါ တယ်။ ကျွန်မတို့ အနာဂတ်ကို မျက်နှာမူပြီး ရဲရဲတွေး၊ ရဲရဲလုပ်ကြဖို့ လိုအပ်နေပါပြီ။ လွတ်လပ်ရေး ရစဉ်ကစပြီး တစ်ခါမှ အပြည့်အ၀ ငြိမ်းချမ်းတယ်လို့ မရှိခဲ့သေးတဲ့ ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်း တိုက်ပွဲတွေ၊ ပဋိက္ခတွေ အမြန်ဆုံး လုံးဝရပ်စဲသွားရေးကို ဦးတည်ကြပါစို့။ အပစ်အခတ်ရပ်စဲရေး တည်တံ့ခိုင်မြဲ စေမယ့် ယန္တရားတွေ ထက်မြတ် ရှင်သန်အောင် လုပ်ကြပါစို့။ ငြိမ်းချမ်းရေးအမှန် လိုလားတဲ့ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ပြီး ထာဝရငြိမ်းချမ်းရေး ဆောက် တည်နိုင်ဖို့ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးညှိနှိုင်းတဲ့ နည်းနဲ့ ဖြေရှင်းကြပါစို့။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ကျွန်မတို့ခေတ်မှာ ဘယ်လောက်ချစ်မြတ်နိုး၊ တန်ဖိုးထားတယ်ဆိုတာကို နောင်လာနောက်သား တွေနဲ့ သမိုင်းကစစ်ဆေးဆုံးဖြတ်မှာ ကို လိပ်ပြာသန့်သန့်၊ သိက္ခာရှိရှိနဲ့ ရင်ဆိုင်ခံယူသွားနိုင်ဖို့ ကျွန်မတို့အားလုံး ပူးပေါင်း ဆောင်ရွက်ကြပါစို့။ နိဂုံးချုပ် နိဂုံးချုပ်အနေနဲ့ ကျွန်မတို့အားလုံးဟာ သမိုင်းကပေးတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တာဝန်ကို အတူတစ်ကွ ထမ်းဆောင်နေကြရတာ ဖြစ်ပါတယ်။ အစု အဖွဲ့တွေ ဘယ်လိုပဲ ကွဲပြားကွဲပြား၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တစ်ခုတည်း၊ တစ်စိတ် တစ်ဝမ်းတည်း၊ တစ်ဖွဲ့တည်း ဆိုတဲ့ စိတ်ဓါတ်နဲ့ ကျွန်မတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေကြတဲ့ ကျွန်မတို့အနေနဲ့ နားလည်မှုရှိရှိ၊ ယုံကြည်မှု ရှိရှိ အပြန်အလှန် ညှိနှိုင်းပူးပေါင်းသွားကြမယ်ဆိုရင် ကျွန်မတို့ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အဆုံးတိုင် ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ယခု NCA လက်မှတ်ရေးထိုးပြီး (၂)နှစ်ပြည့် အခါသမာယကို ရောက်ရှိခဲ့ပါပြီ။ နောက်ပြန်ဆုတ်ဖို့ရာ မရှိပါဘူး။ ရှေ့ကို ရောက်အောင်၊ ခရီးပေါက်အောင် ဆက်ပြီး လျှောက်လှမ်းဖို့ပဲ ရှိပါတယ်။ ဒီကြားထဲမှာ အခက်အခဲ အမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံ ကြုံတွေ့လာရင်လည်း အပြန်အလှန်ရိုင်းပင်း စာနာမှုနဲ့ ဖေးမကူညီကြပါလို့ ကျွန်မ အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဘယ်တော့ရောက် မလဲဆိုတာ ကျွန်မတို့အားလုံးအပေါ်မှာပဲ မူတည်နေပါတယ်။ သမိုင်းက ပေးအပ်လာတဲ့ အခွင့်အရေးကို ကျွန်မတို့ ထိထိမိမိ မှန်မှန်ကန်ကန် မဆုပ်ကိုင်နိုင်လို့၊ ပြည်သူ တွေဟာ မိမိတို့ မျှော်လင့်ချက်တွေ ပြည့်ဖို့ရာ ပင်ပန်းကြီးစွာ ဆက်လက်စောင့်ဆိုင်းရခြင်း မဖြစ်ပါစေချင်ပါဘူး။ ဒီကနေ့အခမ်းအနားက ရှေ့လာမယ့် ငြိမ်းချမ်းရေးခရီးအတွက် အားသစ်၊ အင်သစ်၊ ခွန်အားအသစ်တွေနဲ့ ခြေလှမ်းသစ်တွေ ညီညာစွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ မေမေချစ်တဲ့ သား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း "ယခု NCA လက်မှတ်ထိုးပြီး နှစ်နှစ်ပြည့်အခါသမယကို ရောက်ရှိခဲ့ပါပြီ။ နောက်ပြန်ဆုတ်ဖို့ရာမရှိပါဘူး။ ရှေ့သို့ရောက်အောင် ခရီးပေါက်အောင် ဆက်ပြီးလျှောက်လှမ်းဖို့ပဲ ရှိပါတယ်။ ဒီကြားထဲမှာ အခက်အခဲ အမျိုးမျိုး စိန်ခေါ်မှု အဖုံဖုံ ကြုံတွေ့လာရင်လည်း အပြန်အလှန် ရိုင်းပင်းစာနာမှုနဲ့ ဖေးမကူညီကြပါစို့လို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုကြီး ဘယ်တော့ရမလဲဆိုတာ ကျွန်မတို့ အားလုံးအပေါ်မှာပဲ မူတည်နေပါတယ်။ သမိုင်းက ပေးအပ်လာတဲ့ အခွင့်အရေးကို ကျွန်မတို့ ထိထိမိမိ မှန်မှန်ကန်ကန် မဆုပ်ကိုင်နိုင်လို့ ပြည်သူတွေဟာ မိမိတို့ မျှော်လင့်ချက်တွေ ပြည့်ဖို့ရာ ပင်ပန်းကြီးစွာ ဆက်လက်စောင့်ဆိုင်းရခြင်းမျိုး မဖြစ်စေချင်ပါဘူး။ ဒီကနေ့ အခမ်းအနားက ရှေ့လာမယ့် ငြိမ်းချမ်းရေးခရီးအတွက် အားသစ်အင်သစ် ခွန်အားသစ်တွေ နဲ့ ခြေလှမ်းသစ်တွေ ညီညာစွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်ပါတယ်" ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ သံတမန်များ တက်ရောက်လျက်ရှိသည်။ အဆိုပါ နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ MICC - 1 ၌ အောက်တိုဘာ ၁၅ရက် နံနက် ၁၀နာရီမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ မိန့်ခွန်းပြောကြားခဲ့သည်။ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ တို့မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ Source: 7day တစ်ကြိမ်ဆိုရင် တိုက်ဆိုင်တာလို့ သဘောထားလို့ရတယ် နှစ်ကြိမ်ဆိုရင် မှားတာလို့ ခွင့်လွှတ်ပေးလို့ရတယ် သုံးကြိမ်ဆိုရင် တမင်လုပ်တာလား သံသယဝင်လာစေတယ် လေးကြိမ်၊ ငါးကြိမ် အကြိမ်ကြိမ်ဆိုရင်တော့ ဒါသက်သက် ရည်ရွယ်ချက်ရှိရှိ ယုတ်မာတာ တပ်မတော်က အစိုးရလက်အောက်ခံမဟုတ်လို့ အစိုးရပုံ မဖော်ပြဘူး ပြောရအောင်ကလည်း ဦးသိန်းစိန်တုန်းက လည်ပင်းဖက်မတတ် ပလူးနေတဲ့ပုံတွေ မမြင်ချင်အဆုံး ဖော်ပြခဲ့ဖူးတာပဲ။ ခုမှ ဘာလို့ အမေစု အစိုးရပုံ သူတို့ပေ့မှာ မဖော်ပြရဲရတာလဲ လိုက်ကျသွားမှာ စိုးရိမ်လို့လား၊ ဖွတ်တွေအပေါ် သစ္စာဖောက်လို့ သတ်မှတ်ခံရမှာ မဝံ့ရဲလို့လား တပ်မတော်ဆိုတာ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဆိုရင် ကိုယ့်စကားနဲ့ အညီ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရင် နဝတ ၊ နအဖ စစ်အာဏာရှင်တွေ လက်ထက်က ဒေါ်အောင်ဆန်းစုကြည် အမည်၊ ဓါတ်ပုံ မသုံးရဆိုတဲ့ အမေစုကို ဖင်တုန်အောင်ကြောက်တဲ့ ဘောင်းဘီချွတ် ချိတ်ထမိန်ဝတ်တွေရဲ့ ရူးကြောင်ကြောင် အဆုံးအမ မူဝါဒမျိုးတွေကနေ ရုန်းထွက်လွတ်မြောက်ပြီး ပြည်သူတွေ စိတ်ချမ်းသာအောင် အတူတွဲ လုပ်ဆောင်နေတဲ့ မှတ်တမ်းတွေလောက်တော့ ဖော်ပြသင့်ပါတယ် ခင်ဗျားတို့ နေ့စဉ် မျိုဆို့နေတာတွေ ဖွတ်တွေဆီက တပြားမှ မပါဘူး။ ပြည်သူ့အခွန်ကို အစိုးရဆီက အခန့်သား လက်ဖြန့်တောင်းပြီး သူတောင်းစားက ထမင်းဝလို့ ဟိုသင်းထတောင်တဲ့ သောက်ချိုးမျိုးတွေ လူစောက်မြင်ကတ်အောင် ခဏခဏ မချိုးပြပါနဲ့ .. ယုတ်မာတယ်ဆိုတာ တော်ရုံပဲကောင်းပါတယ်ဗျာ ... ZN.H

Comments
Post a Comment