ANP ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်နေ့ကကျင်းပစဉ်
Photo: Min Thein Aung/RFA
မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ နိုင်ငံသားဖြစ်မှု ဆိုင်ရာ
အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေရဲ့ သဘောထားကို အစိုးရကို
တင်ပြတောင်းဆိုနိုင်ဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်အမျိုးသားပါတီ ANP ရဲ့
ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြ ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်စလင်တွေကို နိုင်ငံသားပေးဖို့ အကြံပြုချက်တွေအပေါ် ရခိုင်ပြည်သူတွေက သဘောမတူတာကြောင့် ဒီကိစ္စကို ထည့်သွင်းဆွေးနွေးကြတာလို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။
"ကိုဖီအာနန် အစီရင်ခံစာထဲမှာပါတဲ့အချက်တွေ ဖွံ့ဖြိုးတိုးတက်ရေးပေးနေရင် ကျနော်တို့ လက်မခံနိုင်စရာ အကြောင်းမရှိဘူး၊ ဒါပေမဲ့ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ထိပါးလာမယ် တရားမဝင် ခိုးဝင်လာတဲ့လူတိုင်းလူတိုင်းကို နိုင်ငံသားအခွင့်အရေးပေးရမယ်ဆိုတဲ့ အသံအကျယ်ကြီးနဲ့ ကျနော်တို့ကို ဖိအားပေးနေတာတွေကို ကျနော်တို့ ရခိုင်ပြည်သူတွေက လက်မခံနိုင်တဲ့ကိစ္စတွေအပေါ်မှာ ကျနော်တို့ပါတီအနေနဲ့ အစိုးရကို နိုင်ငံရေးအနှစ်သာရကြီးကြီးနဲ့ ကျနော်တို့ ဘယ်လိုတင်ပြတောင်းဆိုမလဲ၊ ဒီကိစ္စတွေကို ဗဟိုကော်မတီကဆုံးဖြစ်တာ ပိုပြီးတော့သင့်တော်မယ်လို့ ယူဆတဲ့အတွက် ဒီကိစ္စတွေလည်း ပါပါတယ်ခင်ဗျ"
တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့သူတွေထဲမှာ ရှစ်ဆယ်ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေး ငယ်တွေ၊ သက်ကြီးရွယ်အိုတွေဖြစ်နေပြီး သတင်းတွေထွက်ပေါ်နေတဲ့ လူဦးရေငါးသိန်း ဆိုတဲ့အရေအတွက် ကို မြေပြင်အချက်အလက်တွေအရ လက်မခံနိုင်ဘူးဆိုတာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်မွတ်စလင်တွေက လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ပုံရိပ်ကိုပေါ်လွင်အောင် စနစ်တကျအကောင်အထည်ဖော်နေ တာဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ကိုကမ္ဘာ့နိုင်ငံတွေအထိသိရှိအောင် ကြိုးပမ်းဆောင်ရွက်မယ့်အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသားပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ဒီနေ့ကနေ မနက်ဖြန်အထိ နှစ်ရက်တာ ကျင်းပနေတာဖြစ်ပါတယ်။
ဒီနေ့အစည်းအဝေးမှာ ပါတီကနေအနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့ နုတ်ထွက်ခွင့် တင်ပြထားတဲ့ကိစ္စ အပါအဝင် ပါတီညီလာခံ ကျင်းပနိုင်ရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီနေ့ဆွေးနွေးချက်တွေကို မနက်ဖြန်မှာ ဆက်လက်ကျင်းပမယ့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆက် လက် ဆွေးနွေးအတည်ပြုမှာဖြစ်ပြီး ကြေငြာချက်တစ်စောင်ကို ထုန်ပြန်သွားမယ်လို့လည်း ပါတီရဲ့အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကပြောပါတယ်။

Comments
Post a Comment