မထသဖျက်သိမ်းစဉ်ကရရှိသည့် ငွေကျပ် ၅ ဘီလီယံဖြင့် အများပိုင်ကျောင်းကားကုမ္ပဏီ ထူထောင်မည်ဟု ဦးဖြိုးမင်းသိန်းပြော
မထသစနစ်ကို ဖျက်သိမ်းစဉ်က လွှဲပြောင်းရယူခဲ့သည့် ငွေကြေးဖြင့်
အများပိုင်ကျောင်းကားကုမ္ပဏီတခုကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ထူထောင်ရန်ပြင်ဆင်နေကြောင်း
ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ပြုလုပ်ခဲ့သည့် ဟွန်ဒိုင်းကျောင်းကားများပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ''မထသစနစ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် ၅ ဘီလီယံခန့် ကျွန်တော်တို့ လွှဲပြောင်းရယူခဲ့တာရှိပါတယ်။ ဒီငွေတွေနဲ့ ကျောင်းသားတွေရဲ့ ရပ်တည်မှုအတွက်၊ ကျောင်း သွားတဲ့အခါမှာ လွယ်ကူချောမွေ့စေဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်''ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ကျောင်းသား ကလေးသူငယ်များကို ကူညီဖေးမရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ကာ အစိုးရက ရှယ်ယာအများဆုံးပါဝင်မည့် အများပိုင်ကျောင်းကားကုမ္ပဏီကို Golden Hand ဟု အမည်ပေးထားပြီး မကြာခင်ကာလတွင် မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
၂၀၁၇ ပညာသင်နှစ်အစပိုင်းတွင် ကျောင်းကားစနစ်ကိစ္စနှင့်ပတ်သက်၍ တိုင်းပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာများ၊ မိဘဆရာအသင်းဝင်များနှင့် ကျောင်းကားဖယ်ရီမောင်းသူတို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ကျောင်းကားများကို ကျောင်းများက ၀ယ်ယူရန် အခက်အခဲရှိသည်ဟု တင်ပြမှုများ ရှိခဲ့ခြင်းကြောင့် အစိုးရကဦးစီးသည့် အများပိုင်ကျောင်ကားကုမ္ပဏီ ထူထောင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၃ မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၇၄၆ ကျောင်းရှိကာ ကျောင်းသား၊ ကျောင်းသူဦးရေ ၁ သန်းကျော် ပညာသင်ကြားနေကြောင်း သိရသည်။

Comments
Post a Comment