"ပြည်သူ့အစိုးရဆိုတာ ပြည်သူကဝေဖန်ခွင့်ရှိရမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်ဆို"
နေပြည်တော် ဇူလိုင် ၂၇ ။ ။ ပြည်သူ့အစိုးရဆိုတာ ပြည်သူကဝေဖန်ခွင့်ရှိရမှာဖြစ်ပြီး သုံးသပ်ဝေဖန်မှုတွေကို မှန်မှန်ကန်ကန်သတ္တိရှိရှိ ရင်ဆိုင်ရဲရမှာဖြစ်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။
"ကျွန်မတို့ ပြည်သူ့အစိုးရဆိုတာ သုံးသပ်ဝေဖန်မှုကို မှန်မှန်ကန်ကန် သတ္တိရှိရှိနဲ့ ရင်ဆိုင်ရဲရမယ်။ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ အစိုးရကို ပြည်သူက ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ပြည်သူက ဝေဖန်တယ်ဆိုတာလည်း အားလုံးက အပြုသဘောနဲ့ ဝေဖန်တာ မဟုတ်ပါဘူး။ ဒါလည်း ဒီမိုကရေစီစနစ်မှာ ရင်ဆိုင်ရမယ့် ကိစ္စတစ်ခုပါပဲ။ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ရမယ်ဆိုတာ ပထမဦးဆုံး သုံးသပ်နိုင်ရမှာပေါ့။ ဒီဝေဖန်ချက်တွေဟာ မှန်လား၊ မမှန်ဘူးလား။ ကျွန်မ ခဏခဏ ပြောပါတယ်။ ဝေဖန်တဲ့အခါမှာ ဝေဖန်ချက်တွေက မှန်တယ်ဆိုလို့ရှိရင် ကိုယ့်ကို ကိုယ် ပြုပြင်ပြောင်းလဲရမယ်။ မမှန်ဘူးဆိုရင်လည်း စိတ်ဆိုးနေစရာမလိုဘူး။ မစဉ်းစားယုံဘဲ၊ ဘေးဖယ် ထားလိုက်ရုံပေါ့။ "လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန တစ်နှစ်ပြည့်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
ပြည်သူတွေရဲ့ အထင်အမြင်တွေ၊ ပြည်သူတွေရဲ့ အယူအဆတွေကို အလေးထားရမှာဟာ အစိုးရတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူတွေဆီက မဲလိုချင်တုန်းကတော့ မဲပေးပါဆိုပြီးတောင်းခံပြီး မဲဆွယ်ပြီးတော့ အမျိုးမျိုးစည်းရုံးပြီးတော့ အစိုးရဖြစ်တဲ့အခါကျရင် ပြည်သူတွေရဲ့ ဆန္ဒတွေကို လစ်လျူရှုတယ်ဆိုတာဟာ အစိုးရကောင်းတွေ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်မဟုတ်ကြပါဘူးလို့လည်းသူကဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က" နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းကို ကျွန်မတို့ ဖောက်တဲ့နေရာမှာ အများမကြိုက်ကိုပဲ လိုက်လို့ မဖြစ်ပါဘူး။ အများအကြိုက်ဟာ မှန်သလား မမှန်ဘူးလားဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရမယ်။ သုံးသပ်ချက်ပေါ်မှာ ရဲရဲဝင့်ဝင့်လုပ်နိုင်ရမယ်။ အများက အချိန်တစ်ခဏအတွင်းမှာ လိုချင်တဲ့ကိစ္စက နိုင်ငံအတွက် ရေရှည်မကောင်းဘူး ဆိုလို့ရှိရင် ကျွန်မတို့အနေနဲ့ မကောင်းလို့ မလုပ်သင့်ဘူးဆိုတဲ့ ဘက်မှာ ရပ်တည်ရဲရမယ်။ အများကြိုက်လို့ တစ်ခဏကာလလေးအတွင်းမှာ တိုက်တွန်းနေလို့ တိုက်တွန်းတာ မှန်သမျှလုပ်နေမယ်ဆိုရင် ကျွန်မတို့ နိုင်ငံဟာ လမ်းလွဲသွားနိုင်တယ်။ အဲ့ဒီတော့ ဒါဟာတော့ကျွန်မတို့ အစိုးရအတွက် ကျွန်မတို့ နိုင်ငံအတွက် မျှော်မှန်းချက်တွေပါ။ မှန်မှန်ကန်ကန်နဲ့ ပြည်သူပြည်သူတွေနဲ့ လက်တွဲပြီးတော့ လုပ်သွားဖို့ တိုးတက်အောင်လို့ ကျွန်မတို့ အားလုံးဝိုင်းပြီးတော့ ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။"လို့ပြောပါတယ်။
"အဲ့ဒီလို လုပ်တဲ့နေရာမှာ ကျွန်မတို့ အစိုးရကနေပြီးတော့ စံပြဖြစ်ဖို့ လိုပါတယ်။နောက်အစိုးရထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာလည်း အားလုံးက ခြောက်ပစ်ကင်း သဲလင်းစင် မဖြစ်နိုင်ပါဘူး။ တစ်ယောက်ချင်းတောင် ခြောက်ပြစ်ကင်း သဲလင်းစင် မဖြစ်နိုင်ပါဘူး။အားလုံးဟာ ကိုယ့်ရဲ့ အားနည်းချက်တွေ အားသာချက်တွေရှိပါတယ်။ ဒါပေမယ့် ဒီထဲကကို ကျွန်မတို့ဟာ နိုင်ငံအကျိုးအတွက် ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းအဆတွေကို အားလုံးထုတ်ပြီးတော့ သုံးနိုင်တဲ့အရည်အချင်းတော့ လုပ်ယူရပါမယ်။ လေ့ကျင့်ယူရမှာဖြစ်ပါတယ်။"လို့ဆက်ပြောပါတယ်။
အတိုင်ပင်ခံရုံးထူထောင်ရတဲ့အကြောင်းအရင်းကရွေးကောက်ပွဲမတိုင်ခင်ကာလကပြည်သူကိုတင်ပြခဲ့တဲ့မူဝါဒတွေအကောက်အထည်ဖော်ဖို့အတွက်ဖြစ်ပါတယ်။
ဘယ်လိုမူဝါဒတွေချမှတ်ခဲ့သလဲဆိုတော့ကျမတိုနိုင်ငံအမျိုးသားရင်ကြားစေ့ရေးရအောင်လုပ်မယ်၊့ငြိမ်းချမ်းရေးရအောင်လုပ်မယ်၊တရားဥပဒေစိုးမိုးရေးကိုဦးထိပ်ထားမယ်၊ပြည်သူတွေရဲ့ဘဝတိုးတက်အောင်ကြိုးစားသွားမယ်ဆိုတာတွေကိုအကောင်အထည်ဖော်နိုင်ဖို့အဓိကထားပြီးအတိုင်ပင်ခံရုံးကိုတည်ထောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။
Author/Photo - ချိုဇင်မာဝင့်

Comments
Post a Comment