အမေစု ၊ အန်တီစု ၊ အဖွားစု ၊ လူထုခေါင်းဆောင် ၊ ဒီမိုကရေစီခေါင်းဆောင် စသဖြင့်ပြည်သူလူထုကချစ်ခင် မြတ်နိုး အားကိုးမှုနဲ့အတူ တန်ဘိုးထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ပေးမှလှုပ်ရှားတတ်တဲ့ တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ အထာကျနေပြီဖြစ်တဲ့ အာဏာရှင်အုပ်စုကတော့ စုကြည်တဲ့ ။ အသက်ငယ်မယ်ထင် ရတဲ့ စစ်ဗိုလ်ချုပ်တွေပါးစပ်ကတော့ ဒေါ်စုကြည် တဲ့ ။ အာဏာရှင်ဆိုသူများဟာ ပြည်သူနဲ့တစ်သား တည်းဖြစ်ဖို့ ဝေးလို့ ပြည်သူ့ဆန္ဒကိုလစ်လှူရှုတဲ့နေရာမှာ လူထု ခေါင်းဆောင်ရဲ့နံမည်အပေါ်မှာတောင် အဲ့ဒီလိုမခန့်လေးစား လုပ်ပြခဲ့ကြတယ် ပြည်သူပိုမုန်းတာပေါ့ သူတို့ခေတ်သတင်းစာ တွေသက်သေရှိပါတယ် ။
ဒီနေ့ဒီဆောင်းပါးကိုကျွန်မရေးနေတဲ့ နေ့စွဲက ၁၉.၆.၂၀၁၇ ။ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၇၂နှစ်ပြည့် မွေးနေ့ပေါ့ ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ NLD ပါတီဝင်တွေနဲ့ အတူပြည်သူ တွေပါဝင်ဆင်နွှဲ နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အသက်၇၂ နှစ်ပြည့်မွေးနေ့ ။ ကိုယ့်နည်း ကိုယ့်ဟန်ကိုယ့်အစီ အစဉ်နဲ့ကျင်း ပပေးနေကြတဲ့ လူထုခေါင်းဆောင်ရဲ့မွေးနေ့ပွဲဟာ ကိုယ့်ခေါင်းဆောင်အပေါ်မှာထားတဲ့ပြည်သူလူထုရဲ့သဘော ထားပါပဲ ။ ယနေ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်မှာ ပြည်သူကဘယ် လောက်တန်ဘိုးထားသလဲဆိုတဲ့ မှတ်ကျောက်ပါ ။ ကျွန်မတစ်သက် နိုင်ငံတော်ကိုဦးဆောင်သွားခဲ့ကြသူတွေအများကြီးထဲမှာ ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့မွေးနေ့ကိုမှ ပြည်သူတွေပါဝင်ဆင်နွှဲတယ် ဆိုတာမကြားဖူးခဲ့ပါဘူး ။ မွေးနေ့လုပ်ပေးဖို့ ဝေးလို့ မွေးနေ့ ကိုတောင် မသိခဲ့ကြသလို သိအောင်လည်းမကြိုးစားခဲ့ကြပါဘူး ။ ချစ်မှ မချစ်ခဲ့ ကြပဲကိုး ။
ဇွန်လ ၁၉ ရက်နေ့ရောက်တိုင်းတစ်နိုင်ငံလုံးက တိုးတိုးတိတ် တိတ်တစ်မျိုး၊ ကျယ်ကျယ်လောင်လောင်တစ် မျိုးကိုယ့်ခေါင်းဆောင်ရဲ့ မွေးနေ့ပွဲကို ကျင်းပလာခဲ့ကြတာပါ ။ အခုလိုတက်ကြွစွာကြည်နူး စွာမွေးနေ့ဆုတောင်း တွေ ၊ မွေးနေ့အထိမ်းအမှတ်အလှူဒါနတွေ ၊ မွေးနေ့မှာကျင်းပကြတဲ့ သစ်ပင်စိုက်ပွဲတွေ နဲ့လူထုရဲ့ချစ်ခြင်းကိုခံ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ တစ်ချိန်ကတော့ မြန်မာ့သမိုင်းထဲက အမည်နာမလေးတစ်ခုထက်မပိုခဲ့ပါ ဘူး ။ တစ်ပါတီစနစ် အာဏာရှင်တွေလက်ထက်လူဖြစ်လာခဲ့ရတဲ့ ကျွန်မတို့အသိထဲမှာ သိခဲ့ရသလောက်ဗဟုသု တနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုပုံဖော်ရရင် အာဇာနည် ၉ ဦးထဲက အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်းရဲ့ကျန်ရစ်သူမိသားစုဝင် သမီးကလေးတစ်ဦးဆိုတာထက် မပို ခဲ့ပါဘူး ။
မြန်မာ့သမိုင်းကိုလေ့လာကြည့်ရင် မြန်မာဘုရင်တွေဟာ အတော် အာဏာမက်တာပါ။ တိုင်းပြည်ကောင်းကျိုးထက် သူတို့ထီးနန်း တည်မြဲရေး သူတို့ရဲ့ဘုန်းတန်ခိုးတွေရဲ့အာဏာစက်ကျယ်ပြန့်ရေး တွေကို ပိုပြီးအာရုံစိုက်ခဲ့ တာတွေ့ရပါလိမ့်မယ် ။ ကိုယ့်အစွမ်း ကိုယ့်အရည်အချင်းထက် ဗေဒင်ကိုပိုအားကိုးတဲ့မြန်မာရှင်ဘုရင်တွေ နားအ ခါးဆုံးစကားကတော့ ပုဏ္ဍားဖြူ ပုဏ္ဍားညိုတွေရဲ့မင်းလောင်း ပေါ်နေတယ်ဆိုတဲ့ အတိတ်နိမိတ်ပါပဲ ။
အဲဒီလိုဗေဒင်ကျမ်းဂန်ကပြောပြီဆိုရင် ဟုတ်ဟုတ် မဟုတ်ဟုတ် ယတြာတွေချေပါလေရော ။ အခုခေတ်စကားနဲ့ ပြောရရင်တော့ ခပ်ကြောင်ကြောင်လုပ်ရပ်တွေပါ ။ သတ္တိကောင်းတဲ့ နေရာမှာတော့ ကိုယ့်မယားဖြစ်ပါစေ ကိုယ့် ညီအကိုမောင်နှမအရင်းဖြစ်နေပါစေ ထီးနန်းလုလိမ့်မယ်လို့သံသယရှိပြီဆိုရင်သတ်ပစ်လိုက်ဖို့ လက်မနှေးတဲ့သူ တွေပါပဲ ။ “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံနဲ့” ဆိုတဲ့တစ်ကိုယ်ကောင်းစကားတွေ ။ “ ကျူပင်ခုတ် ကျူငုတ် တောင်မချန်နဲ့” ဆိုတဲ့ ရက်စက်ခြင်းတွေ ။“ ကြောက်ရင်လွဲ ရဲရင် မင်းဖြစ် ” ဆိုတဲ့ လက်နှက်အားကိုးနဲ့ အာဏာ လုခြင်းစကားပုံတွေကို ကြည့်ခြင်းအားဖြင့် ခေတ်အဆက်ဆက် အာဏာမက်ခဲ့ကြတယ် ဆိုတာ သိနိုင်ပါတယ် ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ လုပ်ကြံမှုကြီးရဲ့အဓိကတရားခံ ဂဠုန်ဦးစောဟာလည်း ရှေးမြန်မာနန်းတွင်းထဲကရှင်ဘုရင်တွေအတိုင်း အာဏာကိုဦးထိပ်ထား ခဲ့သူ ဆိုပါတော့ ။ ပညာအရည်အချင်းအားဖြင့် ၆ တန်းလောက်ပဲ ရှိပေမယ့် ကိုလိုပညာရေးစနစ်ရဲ့ ၆ တန်းကအရာရောက်ခဲ့တယ် လေ။ အင်္ဂလိပ်လို ကျွမ်းကျင်ရုံမက ဦးစောရဲ့လေ့လာအားထုတ်မှု ကောင်းတဲ့အတွက် ဂျပန်လိုလည်းပြောတတ်တယ် ။ ဦးစောကို ချီးကျူးရမယ့်အချက်က တခြားနိုင်ငံရေးသမားတွေလို ကောလိပ်မ တက်ဖူးသူ တက္ကသိုလ်ကိုခြေ မချဖူးသူ ဘိလပ်ပြန်ပညာတတ် တစ်ယောက်လည်း မဟုတ်ခဲ့ပဲနဲ့ နန်းရင်းဝန်ဆိုတဲ့ရာထူးကို သူပိုင်ဆိုင်ခဲ့တယ် ။
အစားအစာ တစ်ခုဘယ်လောက်ကောင်းပါတယ်ပြောပြော စားဖူးသူမှ သူ့အရသာသိသလိုပေါ့ ။ အာဏာရဲ့ အရသာဆိုတာ မျိုးကလည်း ခံစားဖူးသူမှသာ လက်မလွတ်ချင်တာသဘာဝကျပါတယ် ။ ထီးနန်းစည်းစိမ် ဆိုတာ လည်းရှင်ဘုရင်မှ သိတာကိုး ။ နန်းရင်းဝန်လုပ်ခဲ့ ဖူးတဲ့ဂဠုန်ဦးစော က နန်းရင်းဝန်နေရာပြန်လို ချင်တယ် ။ ကိုလို နီခေတ်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်း မှုကာလမှာမြန်မာနိုင်ငံသားတွေဟာ သခင်အောင်ဆန်းရဲ့ဦးဆောင် မှုနောက်မှာအံ့သြစရာကောင်းလွန်းစွာညီညွတ်နေကြတယ် ။ အခုဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မတို့အားကိုး သလိုမျိုးပေါ့ ။ ဒါကြောင့် အင်္ဂလိပ်ကိုလိုနီအစိုးရက ဗိုလ်ချုပ်အောင်ဆန်းကို နန်းရင်းဝန်နေရာပေးထားရတယ် ။ အောင်ဆန်းမရှိရင် ဘုရင်ခံက နန်းရင်းဝန်နေရာ ငါ့ကိုပေးမှာပဲဆိုတဲ့ ဦးစောရဲ့ပညာမဲ့တဲ့အတွေး အခေါ်ကြောင့် မြန်မာ့သမိုင်းမှာ ၀မ်းနည်းစရာကောင်းလွန်းစွာ အာဇာနည်နေ့ဆိုတာပေါ်လာခဲ့ရပါတယ် ။
ကျောင်းမှာ မြန်မာ့သမိုင်းသင်တဲ့အခါ အာဇာနည်နေ့အကြောင်း ရောက်ရင် ကျဆုံးခဲ့ရတဲ့အာဇာနည် ၉ ဦးအ ကြောင်းကိုလည်းသင်ရ ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျန်ရစ်သူမိသားစုစာရင်းမှာ ဇနီးဒေါ်ခင်ကြည် ၊ သား အောင်ဆန်းဦး ၊ သမီးအောင်ဆန်းစုကြည် ဆိုပြီးမှတ်ထားမိပါတယ် ။ ပိုပြီးအမှတ်ထားမိတာက ဗိုလ်ချုပ်အောင် ဆန်းရဲ့သူ့သားသမီးတွေကို ပေးတဲ့ခပ်ဆန်းဆန်းနံမည်လေးတွေကိုပါ ။ သားအကြီးဆုံးလေးက အောင်ဆန်းဦ ။ ခြံထဲကရေကန်လေးထဲမှာ ရေနှစ်ပြီးကွယ်လွန်သွားရှာသူ ဒုတိယသားလေးကိုတော့ အောင်ဆန်းလင်း ၊ အငယ် ဆုံးနဲ့ တစ်ဦးတည်းသော သမီးလေးကျ တော့ အောင်ဆန်းစုကြည် တဲ့ ။ အနောက်နိုင်ငံတွေမှာက ဖခင်ရဲ့မျိုးရိုး နံမည်ကို အနောက်မှာထည့်တဲ့ ထုံးစံနဲ့ပြောင်းပြန်ဖြစ်နေ တဲ့ ကိုယ့်ဗိုလ်ချုပ်ရဲ့စိတ်ကူးကို သဘောကျမိတာလည်း တစ်ကြောင်း ပေါ့ ။အောင်ဆန်းစုကြည် ဆိုတဲ့နံမည်တစ်ခု ကျွန်မတို့ရင်ထဲမှာနေရာ ရတာကတော့ ဒီလောက်ပါပဲ ။
သူ့ပုံစံဘယ်လိုရှိလဲ အခုသူဘာလုပ်နေလဲ သူဘယ်လိုလူမျိုးလဲ ဆိုတဲ့အထိကျွန်မတို့စိတ်မ၀င်စားခဲ့ဘူး ။ စိတ်ဝင်စားရလောက်အောင် လည်းသူ့အထုတ္တပတ္တိတွေက ကျွန်မတို့လက်လှမ်းမှီတဲ့နေရာတွေ ဆီမှာရှိမနေဘူး ။ ဒါပေမယ့် ဆိုင်းမဆင့် ဗုံမဆင့် တစ်နိုင်ငံလုံး ရဲ့အသဲနှလုံးတွေကို ဒေါ်အောင်ဆန်းစုကြည် သိမ်းပိုက်မိသွားတာ ကတော့ ၁၉၈၈ သြဂုတ်လ ၂၄ ရက်နေ့ပါပဲ ။ ရွှေတိဂုံစေတီတော် အနောက်ဖက်မုဒ်ကနေ သိန်းနဲ့ချီတဲ့ လူပင်လယ်ကြီးကို ပထမဦးဆုံး စကားထွက်ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သွေးကို ကျွန်မတို့ ပြည်သူတွေအားကိုးခဲ့ကြပါတယ်။ တစ်နိုင်ငံလုံးအားကိုးရာမဲ့ခဲ့ကြ တာနှစ်ပေါင်း ၂၆နှစ်တောင်ကြာခဲ့ပြီလေ ။ သူ့ဖခင်ဗိုလ်ချုပ်အသက် ပေးပြီးရယူပေးခဲ့တဲ့ လွတ်လပ်တဲ့မြန်မာနိုင်ငံတော်ကြီးအထဲက မြန်မာနိုင်ငံသားတွေရဲ့ဘ၀က လွတ်လပ်မှုတွေဆုံးရှုံးနေတာကိုး ။
ကျွန်မအသက် ၂၀ ကျော် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ နီးပါးက ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲက တစ်ပိုင်းတစ်စ ။ ကျွန်မကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင် နားနဲ့ဆတ်ဆတ်ကြားခဲ့ရတဲ့ အမေစုရဲ့ပြည်သူကိုပြောတဲ့ ကတိစကား ။
“ကျွန်မ ကိုပြောကြတယ် မြန်မာနိုင်ငံအကြောင်းဘယ့်လောက် သိလို့လဲတဲ့ ကျွန်မသိလွန်းလို့ခက်နေတာပါ ။ ကျွန်မနိုင်ငံခြားမှာ အကြာကြီးနေခဲ့တယ် ဆိုတာလည်းမှန်ပါတယ် ။ နိုင်ငံခြားသား နဲ့အိမ်ထောင်ကျတယ်ဆိုတာ လည်းမှန်ပါတယ် ဒီအချက်လေး နဲ့ကျွန်မဟာမြန်မာနိုင်ငံကို မချစ်တော့ဘူးဆိုတာတော့ လုံးဝ မဟုတ်ပါဘူး ။ တကယ်တော့ ကျွန်မ မြန်မာ့ နိုင်ငံရေးနဲ့ခပ်ကင်းကင်း နေချင်တာပါ ဒါပေမယ့် ဘယ်လိုလုပ်မလဲမြန်မာပြည်သူတွေရဲ့ ဒုက္ခ တွေကို ကျွန်မမျက်နှာမလွှဲနိုင်ဘူး ဖေဖေအသက်ပေးပြီး ထမ်းဆောင်ခဲ့ တဲ့ မပြီးသေးတဲ့နိုင်ငံတာဝန်တွေကို ကျွန်မဆက်ပြီးတာဝန်ယူရပါ လိမ့်မယ် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေး ဒုတိယလွတ်လပ်ရေး တွေအတွက် ကျွန်မ ပြည်သူတွေနဲ့အတူပါဝင်ပါ့မယ် စည်းကမ်းရှိပါ ညီညွတ်ကြပါ ” တဲ့ ။
သူကတိတည်ခဲ့တယ် ဒီနေ့ ဒီအချိန်ထိပြည်သူနဲ့အတူ သူချီတက်နေခဲ့တယ် ။ စစ်တပ်ကြီးတစ်ခုလုံးကိုကြော ထောက်နောက်ခံရထားတဲ့ အာဏာရှင်တွေရဲ့အနှစ် ၂၀ နီးပါးအကျဉ်းသားဘ၀ ကိုမတုန်မလှုပ်သူရင်ဆိုင်ခဲ့ တယ် ။ သန်း ၆၀ သော မြန်မာပြည်သူလူထုတွေရဲ့အသိုက်အမြုံတွေသာယာစေဖို့အတွက် သူအသိုက်ကို သူအ ပျက်ခံခဲ့တယ် ။ သူ့အပေါ်သိပ်တာဝန်ကျေပြီး အင်မတန်ချစ်မြတ်နိုးခဲ့တဲ့ ခင်ပွန်းနဲ့သေကွဲကွဲခဲ့ရတယ် ။ ၀မ်းနဲ့ လွယ်မွေးခဲ့ရတဲ့ သားလူမမယ်လေး ၂ ဦးနဲ့ရှင်ကွဲကွဲခဲ့ရတာ ဒီနေ့အထိပါပဲ ။ သူ့သတ္တိကို တကမ္ဘာလုံးက အံ့သြ တုန်လှုပ်သွားခဲ့ကြတယ် ။ မြန်မာပြည်က သံမဏိနှင်းဆီ ။ Iron Lady လို့ခေါ်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာသတ္တိကောင်းပါတယ် ဒါပေမယ့်သူ့နောက်မှာသူအမိန့်ပေးရင်တသွေမတိမ်းလိုက်နာတဲ့ အင်္ဂလိပ်စစ်တပ်ရှိတယ် ။ လေဒီဒိုင်ယာနာ နံမည်ကျော်ပါတယ် ဒါပေမယ့်စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခဲ့ဘူး ။ မာသာထရီဇာ အကြင်နာကြီးပါတယ် ဒါပေမယ့်ခိုကိုးရာမဲ့ ဒုက္ခသည်တွေအတွက် သီးသန့်ပါ ။
ကျွန်မတို့ရဲ့ပြည်ထောင်စုမိခင်ကြီးကတော့ သူတို့နဲ့ခြားနားပါတယ် ။ မြန်မာ့တပ်မတော်ကြီးဟာ ၂၀၀၈ အခြေခံဥပဒေအရ လူထုခေါင်းဆောင်မပိုင်ပါဘူး ။ သူ့ရဲ့စိတ်ခံစားမှုတွေထက် တိုင်းပြည်နဲ့ပြည်သူတွေအရေး ကိုဦးစားပေးနေရပါတယ် ။ သူ့အကြင်နာတွေဟာ ဒုက္ခဖြစ်သူရော မဖြစ်သူရော အတူရှိနေတဲ့မြန်မာနိုင်ငံထဲက သန်း ၆၀ သောပြည်သူတွေအားလုံးအတွက် တစ်ရောင်ထဲပါပဲ ။ မြန်မာပြည်ကြီးရဲ့ကယ်တင်ရှင်သံမဏိနှင်းဆီ ဆက်လက်မာကြောနိုင်ပါစေ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပေါင်းများစွာကိုအ သက်ရှည် ကျမ်းမာစွာ ဖြတ်သန်းနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့လိုက်ရပါတယ် ။ ။
ဂျေလှသင်
Firstweekly ဂျာနယ်
Vol 6 , No 288
.
Credit.... J HlaThin
Martin Swe
.
ပြန်လည်မျှဝေပေးပါတယ်။
လေးစားလျှက်
မင်းခနိုင်
ကမ္ဘာကို ကိုင်လှုပ်ခဲ့တယ်ဆိုတဲ့နေရာမှာ ထိတ်လန့်တုန်လှုပ် သွားအောင်လုပ်ခဲ့တာမျိုးမဟုတ်ပါဘူး ။ ကမ္ဘာကြီးပေါ်က နှလုံးသား ရှိသူ လူသားတွေရဲ့မေတ္တာဂရုဏာတွေ သနားကြင်နာခြင်းတွေအား ကျ အတုယူခြင်းတွေကို မိန်းမသားတစ်ဦးတည်းဆီမှာ စုပြုံကျ ရောက်စေလိုက်တဲ့ လှုပ်ခတ်မှုမျိုးပါ အဲဒီမိန်းမသားကတော့မြန်မာ ပြည်ကဒေါ်အောင်ဆန်းစုကြည်။အရှေ့တောင်အာရှရဲ့ တစ်ဦး တည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည်။ ကျွန်မတို့ရဲ့ပြည်ထောင်စုမိခင်ကြီးအမေစု ။ ကမ္ဘာကသိတဲ့The Lady သို့မဟုတ် သံမဏိနှင်းဆီ။

Comments
Post a Comment