မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်
ကိုရပ်စဲပြီးငြိမ်းချမ်းရေး တည်ဆောက်ဖို့ရည်ရွယ်တဲ့ မြန်မာအစိုးရ၊
မြန်မာ့တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင်သူပုန် အဖွဲ့မျိုးစုံအကြား
စီစဉ်ထားတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ် အရ ဒုတိယအကြိမ်မြောက်
တွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့အပါတ်က နေပြည်တော်မှာ
ကျင်းပပြီးစီးသွားပါပြီ။ စေ့စပ် သေချာစွာ ညှိနှိုင်းဆွေးနွေးကြတဲ့
ဒီဆွေးနွေးပွဲမှာ သိသာ ထင်ရှားတဲ့ အောင်နိုင်သူကတော့ တရုတ်ပါပဲ။
ဆွေးနွေးပွဲ မစခင် မြန်မာအာဏာပိုင်များက အပြင်းအထန် တောင်းဆိုထားတာ ရှိပါတယ်။ နိုင်ငံမြောက်ပိုင်း ပဋိပက္ခများ ပြွန်းတီးရာ ဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် ခုနစ်ဖွဲ့ ထဲက သုံးဖွဲ့နဲ့ မဆွေးနွေးဘူး ဆိုတာပါ။ ဒီသုံးဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ပြီးနောက်မှ လက်နက်စွဲကိုင်လာ ကြတဲ့အတွက် ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးညီလာခံကို ဖိတ်ကြားခံရတဲ့ အဖွဲ့ များဟာလည်း အဓိကကျတဲ့ နိုင်ငံရေးပြသနာများကို မဆွေးနွေးမီမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လို့ ခေါ်တဲ့ အသေးစိတ် သဘောတူညီချက်ကို လက်မှတ် ထိုးရမယ်လို့လဲ တောင်းဆိုပါတယ်။
ဒါပေမယ့်လည်း တရုတ်ဟာNCA ကို တစ်ဖွဲ့ မှလက်မှတ်မထိုးထားတဲ့မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ လုံးက ကိုယ်စားလှယ်တွေကို သူတို့နဲ့ နီးရာ ယူနန်မြို့တော် ခွင်းမင် ကနေ နေပြည်တော်ကို စင်းလုံးငှါး လေယာဉ်တစ်စင်းနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်များကို လက်လွန်ပြီးသား ကိစ္စတစ်ခု အဖြစ် လက်ခံလိုက်ရအောင် ထိထိရောက်ရောက် လုပ်နိုင်ခဲ့ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘေဂျင်းက ထုတ်မပြောပေမယ့် ပါဝင်စေချင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်များကို လက်ခံလိုက်ရတာပါ။
ဘေဂျင်း ဟာမြောက်ပိုင်းအဖွဲ့တွေကို NCA မှာ လက်မှတ် ထိုးစေဖို့ ဖိအားပေးလိမ့်မယ်လို့ အနောက်နိုင်ငံများမှ စောင့် ကြည့်လေ့လာသူ အချို့က ခပ်ပိန်းပိန်းအမြင်နဲ့ ယုံကြည်ကြ ပါတယ်။ ဒီလိုမဟုတ်ပဲ တရုတ်ရဲ့ မဟာမိတ်တွေကို ဆွေးနွေးပွဲတွေမှာ ကြိုတင်စည်းကမ်း သတ်မှတ်မထားပဲ ပါဝင်စေဖို့ တရုတ်ရဲ့ ဖိအားပေးမှုဟာ မြန်မာအစိုးရ အပေါ် ဦးတည်ထားတယ် ဆိုတာကို မရိပ်မိကြပါဘူး။
တရုတ်ရဲ့ လက်ရင်းမဟာမိတ် 'ဝ' အဖွဲ့ (UWSA) ဦးဆောင် တဲ့ ခုနစ်ဖွဲ့ဟာ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ် လက်မှတ်မထိုးခင် ဆွေးနွေးဖို့သာ စိတ်ဝင်စားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖေါ်ပြပြီးဖြစ်ပါတယ်။
၁၉၄၇ဖေဖေါ်ဝါရီ ၁၂ရက်မှာ မြန်မာအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း ကချင်၊ ချင်း ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကနေ မြန်မာ့လွတ်လပ်ရေးအတွက် လမ်းထွင်ပေးနိုင်ခဲ့တဲ့ ပင်လုံညီလာခံ အမည်ကိုယူထားတဲ့ ၂၁ရာစုပင်လုံ တွေ့ဆုံဆွေးနွေးပွဲဟာ မရေမရာ နဲ့ ပြီးဆုံးခဲ့တာ အံဩစရာတော့ မဟုတ်ပါဘူး။
တရုတ် ဟာ ရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ကို ကစားနေပါတယ်။
ဒေသတွင်းမှာ အစဉ်အလာအရ အကြီးမားဆုံး မူးယစ်ဆေး ကုန်ကူးတဲ့ လက်နက်ကိုင်အဖွဲ့ UWSA ကို ပြန်လည်အသက်သွင်းပေးခြင်းဟာ ဒီကစားကွက်ရဲ့ တစ်စိပ်တဒေသပါ။ မကြာသေးမီ နှစ်များအတွင်း ဒီလက်နက်အင်အား များပြား တောင့်တင်းလှတဲ့ အဖွဲ့ဟာ သတင်းဋ္ဌာနများနဲ့ ပိုမိုရင်းနှီးစွာဆက်ဆံလာပါတယ်။
သူတို့ရဲ့ လှို့ဝှက်မြို့တော် ပန်ဆန်းကို နိုင်ငံခြားဂျာနယ်လစ် များကို လာရောက်လည်ပတ်ခွင့် ပြုတဲ့အထိပင် ဖြစ်ပါတယ်။
ကုန်ခဲ့တဲ့နှစ်များမှာ UWSA ဟာ အဓိကအားဖြင့်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ တိုင်းရင်းသားတပ်ဖွဲ့များနဲ့ မြောက်များစွာ သော ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ ပါတယ်။ ထိုင်းနယ်စပ်မှာ ကာလကြာရှည်ကတည်းက လှုပ်ရှားနေကြတဲ့ အဖွဲ့များလည်း ပါဝင်ပါတယ်။
တရုတ်ဟာ တိုက်ရိုက်သော်လည်းကောင်း သူ့ရဲ့ မဟာမိတ် UWSA မှတဆင့်သော်လည်းကောင်း မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သူဟာ အရေးအပါဆုံး တိုင်းတပါး ပါဝင် ဆောင်ရွက်သူ ဖြစ်တယ်ဆိုတာ ပြသခဲ့ပါတယ်။
ဥရောပ သမဂ္ဂ၊ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ အမေရိကန်ပြည်ထောင်စု တို့ပါဝင်တဲ့ အနောက်နိုင်ငံများက ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ရေး၊ ပဋိပက္ခများရဲ့ နူးညံသိမ်မွေ့မှု၊ လုပ်နိုင်စွမ်း တိုးမြင့်တည်ဆောက်ရေး ခေါင်းစဉ်များနဲ့ နှီးနှောဖလှည် ပွဲတွေ၊ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများဖြစ်တဲ့ မြောက်အိုင်ယာလန်၊ ကမ္ဘောဒီးယား၊ တောင်အာဖရိက နိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ အကုန်အကျခံ စေလွှတ်နေချိန်မှာ တရုတ်ကတော့ သူ့ ဖဲချပ်ကို ပိုမို ပိရိသိမ်မွေ့စွာ ကစားနေခဲ့ပါတယ်။
နေပြည်တော်နဲ့ ပန်ဆန်း အုပ်စု တွေကြား အချိန်ပိုကြာကြာ စကားပြောရလေ၊ တရုတ် ရဲ့ အခန်းကဏ္ဍ ဟာပိုကြီးမားလာလေပါပဲ။
မြန်မာရဲ့ ရှည်ကြာလှပြီဖြစ်တဲ့ ပြည်တွင်းစစ် ချက်ချင်းရပ်စဲရေးဟာ တရုတ်ရဲ့ မဟာဗျူဟာ အကျိုးစီးပွားထဲမှာ ဘယ်လို နည်းနဲ့မှ မပါဝင်ပါဘူး။ ဒီအစား ရှည်ကြာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်မှသာ မြန်မာအာဏာပိုင်တွေကို အလျော့ပေးမှုနဲ့ အသာစီးယူမှုအကြား စုန်ဆန် ပြေးလွှားနေရအောင် တရုတ် ပြည်အတွက် ဒိုင်လူကြီးနေရာက နေနိုင်၊ ဖိအားပေးနိုင် ပါလိမ့်မယ်။ ဘေဂျင်း မက်မောနေတဲ့ အနောက်ဘက် ရခိုင်ပြည်နယ်ကနေ အိန္ဒိယ သမုဒ္ဒရာ သို့ ချဉ်းကပ်လမ်း အတွက်အခွင့်အရေး ကိုပြောနိုင်ပါလိမ့်မယ်။
မြန်မာ အစိုးရ မြန်မာတပ်မတော် နဲ့ ရင်းနှီးစွာ ဆက်ဆံနေတဲ့
တချိန်တည်းမှာ တရုတ် ဟာ UWSA ကိုခေတ်မီဆန်းပြားတဲ့
လက်နက်များထောက်ပံ့ပေးနေပါတယ်။ ထိုလက်နက်များထဲမှ
အချို့အဝက်ဟာ ကိုးကန့်ဒေသ က MNDA ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ SSA မြောက်ပိုင်း တိုကိုခွဲဝေပေးထားပါတယ်။ သူတိုထက်လျော့နည်းတဲ့အရေအတွက်ကိုတော့ KIA ကရပါတယ်။
အုပ်စုငယ်လေးဖြစ်တဲ့ ရခိုင်တပ်မတော် AA ဟာလည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ စွန်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ် လည်းအလားတူပါပဲ။
လက်နက်စွဲကိုင်ပုန်ကန်နေကြတဲ့ သူပုန်များရဲ့ ၈၀ ရာနှုန်း ရှိတယ်လို့ အချို့ကခန့်မှန်းထားတဲ့ ဒီခုနစ်ဖွဲ့ နဲ့ တရုတ်ရဲ့ ဆက်နွယ်မှုဟာ အခြားတိုင်းတပါးနိုင်ငံများက မယှဉ်နိုင်တဲ့ အနေအထား တရုတ်ကို ရထားစေပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နီးစပ်တဲ့ ရင်းမြစ်များက အလေးအနက် ပြောတာကတော့ တရုတ်ရဲ့ မြန်မာအပေါ်စိတ်ဝင်စားမှုဟာ အစိုးရနဲ့ လူမျိုးစု သူပုန်များအကြား ငြိမ်ချမ်းရေးတည်ဆောက်နိုင်မှုထက် ပိုတယ် လို့ဆိုပါတယ်။
" ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာဟာ တရုတ်ရဲ့ လက်နက်ကိရိယာ တခုသာ ဖြစ်ပြီး၊ ရည်မှန်းချက် ပန်းတိုင်မဟုတ်ဘူးလို့ အဆက်အသွယ်ကောင်းတဲ့ လေ့လာသူ တစ်ဦးကပြောပါတယ်။ ပါဝင်ဆွေးနွေးသူအဖြစ် နေရာဝင်ယူထားခြင်းက ၊ ၂၀၁၁ခုနှစ်က အစပြုခဲ့တဲ့ စစ်တပိုင်းအစိုးရရဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံများအပေါ် တံခါးပြန် ဖွင့်ခြင်းကြောင့် ဆုံးရှုံးခဲ့ရတဲ့ တရုတ်ရဲ့ ဩဇာအချို့တဝက် ကို ပြန်ရနိုင်ပါတယ်။
မြန်မာပြည်မြောက်ပိုင်းကဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်တည်ဆောက်မှုကို ရွှေ့ဆိုင်းထားဖို့ ၂၀၁၁ စက်တင်ဘာမှာ မြန်မာအစိုးရက ဆုံးဖြတ်တော့ ဘေဂျင်းဟာ အံ့ဩ ဒေါသထွက်ခဲ့ရတယ် ဆိုပါတယ်။ အမေရိကန် သမ္မတအိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် စသူများ အပါအဝင် အနောက်နိုင်ငံများ က ခေါင်းဆောင်များ မြန်မာပြည်ကို လူသိရှင်ကြား လာရောက်ကြတဲ့အခါ တရုတ်ဟာ စိုးရိမ်ကြောင့်ကျစွာ စောင့်ကြည့်နေခဲ့ရပါတယ်။
အခုတခါ၊ အရွေးကောက်ခံ အောင်ဆန်းစုကြည်အစိုးရ ကို မြန်မာပြည် အနောက်ပိုင်းက မူစလင်များ ဖြစ်တဲ့ ဘင်္ဂလီများအပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြိး အနောက်နိုင်ငံများက ဝေဖန်ပြစ်တင် တုန့်ပြန်လာကြပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စကို အရေးဆိုဖို့ ကြိုးပမ်းမှုများကို တရုတ်က ပိတ်ဆို့ပယ်ချ ခဲ့ပါတယ်။
ယခင် စစ်အစိုးရလက်ထက် အမေရိကန်နဲ့ ဥရောပက မြန်မာအပေါ် အပြင်းအထန် ပိတ်ဆို့ခဲ့စဉ် ကာလ ကလိုပဲ၊ ယခုအခါမှာလည်း တရုတ်ဟာ မြန်မာရဲ့ အဓိက သံတမန်မဟာမိတ်ပုံ ဖမ်းနိုင်ခဲ့ပါတယ်။
ဘေဂျင်းဟာ သူ့ရဲ့ပျောက်ဆုံးသွားတဲ့ ဩဇာလွှမ်းမိုးမှုကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတဆင့် ပြန်လည်ရယူဖို့ လောင်းကြေး ထပ်လိုက်ခြင်းကို သူ့ရဲ့ ပိုမိုကျယ်ဝန်းတဲ့ပထဝီ နိုင်ငံရေးရှုထောင့်ကနေ ကြည့်သင့်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ ရေအားလျပ်စစ်လုပ်ငန်းများ၊ သတ္ထုတူးဖေါ်ရေး လုပ်ငန်းများနဲ့ အခြားကုန်သွယ်ရေး ဆိုင်ရာ အကျိုးစီးပွားများဟာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့မဟာဗျူ ဟာအရ ဦးစားပေး
မှု မဟုတ်ပါဘူး။
" အိန္ဒိယ သမုဒ္ဒရာ သို့ထွက်ရာလမ်း " ကတော့ အဓိကပါပဲ လို့ အခွင့်အလမ်းကောင်းရထားတဲ့ မြန်မာလေ့လာသူတဦးကပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်ကိုမျက်နှာပြု ထားတဲ့ အနောက်ဘက်ရခိုင်ပြည်နယ်က ကျောက်ဖြူမှာ ရေနက် ဆိပ်ကမ်းဆောက်ဖို့ မနှစ်က စာချုပ်ချုပ်နိုင်ခဲ့တဲ့ တရုတ် CITIC အုပ်စု ကော်ပိုရေးရှင်းကို သူကထောက်ပြပြောဆို တာပါ။.
ပါကစ္စတန် က ဂွါဒါ၊ ဘင်္ဂလားဒေ့ရှ် က စစ်တကောင်း နဲ့ သီရိလင်္ကာက ကိုလံဘို မြို့ များမှာ အလားတူ ဆိပ်ကမ်းစီမံကိန်းများမှာ တရုတ် ပါဝင်ပါတ်သက်နေတာ ကြာပါပြီ။ လေ့လာသူများ ပြောကြတာကတော့ ဒီဆိပ်ကမ်းအားလုံးမှာ ကျောက်ဖြူ က အရေးပါဆုံးဖြစ်ပါတယ်။
တရုတ် အနောက်တောင်ပိုင်း ကစက်မှုဒေသများနဲ့ အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်ဆက်လမ်းပေးထားလို့ပါပဲ။
နောက်တကြိမ် ၂၁ရာစု ပင်လုံအစည်းအဝေးဟာ ဘယ်အချိန်မှာ ကျင်းပဖြစ်မယ်ဆိုတာ မသေချာပါဘူး။ အနောက်တိုင်း အစိုးရများနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများဟာ အများကြီး ဘေးဖယ် ပုတ်ထုတ်ခံထားရချိန်မှာ တရုတ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိကနေရာကို ရှင်းရှင်းလင်းလင်း ဝင်ယူထားနိုင်ပါတယ်။
နိုင်ငံရဲ့ သံတမန်ရေးရာ နဲ့ ဗျူ ဟာမြောက်ဆက်ဆံရေးများကို တရုတ်အပေါ် အလွန်အမင်းမှီခိုအားထားနေရတဲ့ အနေအထားကနေ လမ်းခွဲထွက်လိုတဲ့ဆန္ဒ ရှိကြောင်း ပြတ်ပြတ် သားသား ပြောထားတဲ့ မြန်မာရဲ့ အမျိုးသားစိတ် အလွန်ပြင်းထန်တဲ့ တပ်မတော်ဟာ အခုခြေတလှမ်း နောက်ဆုတ်လိုက် ရတာ သံသယ ရှိစရာမလိုပါဘူး။
မြန်မာလူမျိုးစု ပဋိပက္ခအပေါ် အနောက်နိုင်ငံများရဲ့အစီအစဉ် မရှိ ကြုံရာကျပမ်း ချဉ်းကပ်မှုရယ်၊ တရုပ်ရဲ နှိုင်းယှဉ်မှုအရ အင်အား သာလွန်မှုရယ်ကို ထောက်ရှုကြည့်လျင်၊ နေပြည်တော်မှာ ရွေးစရာလမ်း မရှိပါဘူး။မြန်မာပြည်ရဲ့ ကုန်းတွင်းပိုင်း လူမျိုးစု ဒေသတွေမှာ ငြိမ်းချမ်းရေး ရဖို့အတွက် အလဲအထပ် အနေနဲ့ တရုတ် တောင်းဆိုထားတဲ့ စီးပွားရေးနဲ့ ဗျူဟာရေး လိုက်လျောမှုတွေကို ထည့်သွင်းစဉ်းစား ရတော့မှာ ဖြစ်ပါ တယ်။
ဘာတေးလစ်တနာ ၏ ဆောင်းပါးကို ဘာသာပြန်ပါသည်။
(မူရင်းဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်)
China captures Myanmar’s peace process
By BERTIL LINTNER
NAYPYITAW, JUNE 3, 2017 1:23 PM

Comments
Post a Comment