နောက်ခြောက်လအတွင်းမှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း အဖြေမရရင်တောင်မှ တိုးတက်မှုတော့ အများကြီးရနိုင်တယ်
တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး အတွက်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဒုတိယအစည်း အဝေးကို
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မေ ၂၄
ရက်မှ ၂၉ ရက်အထိ ခြောက်ရက်ကြာကျင်းပခဲ့သည်။ ထိုသို့
ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု
ပင်လုံဒုတိယအစည်းအဝေးမှ ရရှိလာသည့် ရလဒ်များနှင့်စပ်လျဉ်း၍
တက်ရောက်လာသူတချို့ကို မေးမြန်းဖြစ်ခဲ့သည်။
ဦးကျော်ဝင်း(စာရေးဆရာ)
ကျွန်တော်တို့ အစမူလမျှော်မှန်းချက်ကတော့ UPDJC ကချထားတဲ့ အချက်တွေကြည့်ပြီး တော်တော်များများ မျှော်လင့်ထားတာပါ။ ဒါပေမယ့် မျှော်လင့်သလောက်ကြီးတော့ ဖြစ်မလာပါဘူး။ လုံးဝမအောင်မြင်တာတော့ လည်း မဟုတ်ပါဘူး။ အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ ရာခိုင်နှုန်းအရ ၇ဝ ရာခိုင်နှုန်းလောက် အောင်မြင်ပါတယ်။ ပြီးတော့ ဒါက အဆုံးသတ်ညီလာခံလည်း မဟုတ်သေးပါဘူး။ နောက်ထပ် ထပ်လုပ်ရဦးမှာပါ။ ရေရှည်ကိုကြည့်မယ်ဆိုရင် မဆိုးပါဘူး။ နောက်တစ်ချက် ထည့်စဉ်းစားရမှာက ကျွန်တော်တို့ မမွေးခင်ကတည်းကဖြစ်နေတဲ့ပြည်တွင်းစစ်က တစ်ခါတည်းတော့ ဘယ်လိုမှမပြီးနိုင်ပါဘူး။ အဲဒီတော့ ဒီလောက်ရတာ မဆိုးဘူးလို့ထင်ပါတယ်။
ဖြားတန်ခွန်ဥက္ကာ
ဒီကနေ့အစည်းအဝေးကတော့ နိုင်ငံရေးလုပ်ငန်းစဉ် ရှေ့တစ်ဆင့်တိုးနိုင် ခဲ့တယ်ဆိုတာကို သက်သေပြနေတာပါပဲ။ နိဂုံးချုပ်လိုက်ရင်တော့ ညီညွတ်ရေး ကို တစ်ဖက်ကထိန်းနိုင်တယ်။ တစ်ဖက်ကလည်း NCA အကောင်အထည်ဖော် တာကို ရှေ့တစ်လှမ်းတိုးနိုင်တယ်။ ဒါအင်မတန်ကောင်းတဲ့ လုပ်ငန်းစဉ်ပါ။ ကျွန်တော်တို့ ၂ဝ၁၅ တုန်းကဆိုရင်NCA လက်မှတ်ထိုးနိုင်တယ်ဆိုပေမယ့် အားလုံးမပါလာတော့ ညီညွတ်ရေးကို တစ်စုံတစ်ရာ ထိခိုက်တယ်။ ထိခိုက်ခံပြီး ကျွန်တော်တို့က NCA ထိုးလိုက်ရတယ်။ ညီညွတ်ရေးကတော့ ခြောက်ဖွဲ့လောက် ပဲ့ထွက်သွားတာပါ။ ဒါပေမယ့် ဒီတစ်ခေါက်ကျတော့ ကျွန်တော်တို့ ညီညွတ်ရေးလည်း မထိခိုက်ဘူး။ အစုအဖွဲ့တွေအနေနဲ့လည်း တညီတညွတ် တည်း တက်လှမ်းနိုင်တဲ့အတွက် အောင်မြင်တိုးတက်မှုလို့ ပြောနိုင်ပါတယ်။ စုပေါင်းဆောင်ရွက်၊ စုပေါင်းအောင်မြင်တဲ့လုပ်ငန်းစဉ်ပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုတာ စုပေါင်းဆောင်ရွက်ရမယ့်လုပ်ငန်းပါ။ အစုအဖွဲ့တွေအားလုံးလည်း တော်ကြပါတယ်။ ကျွန်တော့်မိန့်ခွန်းမှာ ပါသလိုပဲ အထူးသဖြင့် တပ်မတော်အစု အဖွဲ့က သဘောထားတော်တော်ကို ပြောင်းလာပါတယ်။ အခါတိုင်းအထိမခံတဲ့ ပြဿနာတွေ၊ ဆွေးနွေးမခံတဲ့ ကိစ္စရပ်တွေကို ထဲထဲဝင်ဝင် စိတ်ရှည်ရှည်နဲ့ ပါဝင်လာတာကိုတွေ့ရတဲ့အတွက် ဂုဏ်ပြုမှတ်တင်းတင်ကြော
င်း ပြောကြားလိုက် ရတာ ဖြစ်ပါတယ်။
ဒေါက်တာ လျန်မှုန်းဆာခေါင်း
ဒီနေ့ နောက်ဆုံးနေ့အစည်းအဝေးမှာ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အချက်ပေါင်း ၃၇ ချက်ကို လက်မှတ်ရေးထိုးနိုင်တဲ့ အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ထင်ထားသလောက် ဖြစ်မလာတာတွေလည်းရှိတယ်။ ဥပမာ နိုင်ငံရေးကဏ္ဍမှာဆိုရင် UPDJC က အတည်ပြုထားတာက ၂၁ ချက် ဖြစ်ပါတယ်။ ဒီညီလာခံမှာတော့ ၁၂ ချက်ပဲ သဘောတူနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ အင်မတန်မှအရေးကြီးတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်တဲ့အခါ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်တွေ မရနိုင်တဲ့အပြင် တပ်မတော်ဘက်ကလိုလားတဲ့ ပြည်ထောင်စု အတွင်းမှာ အမြဲတမ်းအတူတကွနေထိုင်ရမယ်။ ပြည်ထောင်စုကနေခွဲမထွက် ရဘူးဆိုတာတွေလည်း မပါလာဘူး။ ဒါပေမယ့် ရှေ့ဆက်လုပ်စရာအများကြီးရှိ နေတဲ့အတွက် စိတ်ဓာတ်လည်းမကျပါဘူး။ အားလည်းမလျှော့ပါဘူး။ တကယ် ငြိမ်းချမ်းတဲ့ပြည်ထောင်စုကြီး တည်ထောင်ဖို့ ဆက်လက်ကြိုးစားရမှာပါ။ လုံခြုံရေးကဏ္ဍကတော့ ဒီအဆင့်မှာ မဆွေးနွေးသေးဘူးလို့ အရင်ကတည်းက သဘောတူထားတာပါ။ ဒါကြောင့် သဘောတူညီချက်တွေ ပါမလာသေးတာပါ။ ဒါပေမယ့် ဒီညီလာခံကြီးက အများကြီးအောင်မြင်ပါတယ်။
ပဒိုမန်းငြိမ်းမောင်
တွေ့ဆုံဆွေးနွေးခွင့်ရတယ်လေ။ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခွင့်ရတာကိုက တိုးတက်မှုလို့ကျွန်တော်တို့ က ခံယူထားတယ်။ သဘောကွဲလွဲတာက သဘောကွဲလွဲတဲ့အလျောက်၊ သဘောတူညီတာလည်း သဘောတူညီတဲ့ အလျောက် တွေ့ဆုံဆွေးနွေးခွင့်ရတာကိုက ကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ ပဋိပက္ခဖြစ်ခဲ့တဲ့တိုင်းပြည် ဖြစ်တာကြောင့်ပါ။ ဒီလိုပဋိပက္ခဖြစ်ခဲ့တဲ့အင်အားစုတွေက စားပွဲဝိုင်းမှာ ငြိမ်းငြိမ်း ချမ်းချမ်းအေးအေးဆေးဆေးနဲ့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ တန်းတူရည်တူရှိမှုနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြတယ်။ အဲဒါဟာ အင်မတန်ကောင်းမွန်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ယုံကြည် တာကတော့ ဆွေးနွေးဖြေရှင်းခွင့်ရမယ်ဆိုတာက ငြိမ်းချမ်းရေးကတစ်နေ့မှာ ရမယ်ဆိုတာ ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့က တရားဝင်တွေ့ဆုံဆွေးနွေးခွင့် တွေရနေပါပြီ။ ညီလာခံမှာ ကျွန်တော်တို့အခုလိုတွေ့ဆုံမယ်။ မီဒီယာတွေက လည်း ဝေဖန်အကြံပြုမယ်၊ ထောက်ပြမယ်၊ အဲလိုဆိုရင် ငြိမ်းချမ်းရေးက ရကိုရ မယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်။
ဦးအောင်နိုင်ဦး
ပထမပင်လုံမှာ ဆွေးနွေးပွဲအဆင့်နဲ့ပဲပြီးသွားတယ်။ ဆုံးဖြတ်ချက်မချ နိုင်ခဲ့ဘူး။ အခုဒုတိယအကြိမ်ပင်လုံမှာ ဆုံးဖြတ်ချက်မဖြစ်မနေချရတော့မယ့် အနေအထားဖြစ်တယ်။ တကယ်သဘောတူရတော့မယ်ဆိုရင် အကြိတ်အနယ် ဆွေးနွေးကြရတော့မယ်။ အကြိတ်အနယ်ဆွေးနွေးကြတဲ့အတွက် ဘက်ပေါင်းစုံ က ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးဟာ တွေ့ဆုံဆွေးနွေးပွဲမှာ တကယ်အပေး အယူလုပ်ရတော့မယ့်အချိန် ဖြစ်လာတယ်။ ဒါကြောင့်မို့ အခက်အခဲတွေ အများကြီးကြုံရမယ်။ ရှေ့မတိုးနောက်မဆုတ်နိုင်တာတွေ ကြုံရမယ်။ တစ်ယောက်နဲ့တစ်ယောက် အမုန်းပွားရတာတွေလည်း ကြုံနိုင်တယ်။ ဒါတွေ အားလုံးကို ကျော်လွှားပြီးတော့ ဆုံးဖြတ်ချက်တွေရဲ့အများစုကို ရနိုင်တဲ့အတွက် ဒါဟာအရေးကြီးတဲ့အောင်မြင်မှုလို့ ထင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နောက်တစ်ဆင့် တိုးသွားလိမ့်မယ် လို့ ထင်တယ်။
အရေးကြီးတဲ့အချက်က ဘက်ပေါင်းစုံကဆွေးနွေးတဲ့လူအားလုံးဟာ အားနည်းချက်တွေလည်း ရှိတယ်။ အားသာချက်တွေလည်းရှိတယ်။ ဘယ်လို ပြင်ဆင်ရမလဲဆိုတဲ့အရေးကြီးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ရသွားတယ်လို့နားလည်တယ်။ ဒီအတွေ့အကြုံတွေပေါ်မှာ အခြေခံပြီးတော့ နောက်ခြောက်လမှာ ဒီနှစ်မကုန်ခင်မှာ လုပ်မယ့် (၂၁)ရာစုပင်လုံအတွက်ကို ပြင်ဆင်သွားဖို့လိုတယ်။ များများပြောဖို့လိုတယ်။ များများပြင်ဖို့လိုတယ်။ လိုအပ်တဲ့ကိစ္စတွေကိုလည်း ရဲရဲတင်းတင်းလုပ်ဖို့လိုတယ်။ အဲဒီလိုဆိုရင် နောက်တစ်ဆင့်က အများကြီးတိုးသွားလိမ့်မယ်လို့ မြင်တယ်။
ပင်လုံလို့ပြောတဲ့အတွက် တိုင်းရင်းသားတွေဘက်ကလည်း (၄၇) ပင်လုံ ကို ပြန်ညွှန်းတာတွေလည်းရှိတယ်။ NCA ထိုးထားတဲ့တိုင်းရင်းသားတွေအနေ နဲ့က ဒို့တာဝန်အရေးသုံးပါးကို သဘောတူညီပြီးသားဖြစ်တယ်။ အစိုးရဘက်က လည်း ဒီမှာသဘောတူပြီးသားတွေကို ခွဲထွက်ရေးဆိုတဲ့စကားကို ဘာလို့မထည့် ချင်တာလဲဆိုတာ အစိုးရဘက်က စဉ်းစားတာလည်းမမှားဘူး။ တိုင်းရင်းသားတွေ ဘက်ကလည်း စိုးရိမ်တာတွေရှိတယ်။ ဒီစိုးရိမ်စိတ်တွေကို ထိပ်တိုက်တွေ့ရတဲ့ သဘောပါ။ နှောင့်နှေးတာ၊ ကြန့်ကြာတာ၊ အကြိတ်အနယ်ဆွေးနွေးရတာတွေ အပြန်အလှန်ဖြစ်လာတဲ့ သဘောပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမြဲတမ်း မှတ်ထားရမှာက ဘယ်လိုမှထင်မထားတာတွေလည်း ဖြစ်လာနိုင်သလို မျှော်လင့်ထားတာတွေလည်း မဖြစ်လာတာတွေရှိလာနိုင်တယ်။ ပထမဆုံး ခြေလှမ်းဖြစ်တဲ့အတွက် အားလုံးက ဖြတ်ကျော်နိုင်လို့ ဝမ်းသာပါတယ်။ ၄၁ ချက်မှာ မပြီးသေးတာလည်း ဆက်ဆွေးနွေးရမှာဖြစ်သလို နောက်ထပ် လူမှုရေး၊ နိုင်ငံရေးအားလုံးမှာပါလာမယ့်အချက်တွေက အများကြီးရှိတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒါတွေဟာ ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲရေးမှာ အရေးပါတဲ့ အခြေခံအချက်တွေဖြစ်လာမှာဖြစ်တဲ့အတွက် အကြိတ် အနယ်ဆွေးနွေးကြရတာ ဖြစ်တယ်။ ဒီအတွက်ဘယ်သူ့ကိုမှ အပြစ်မတင်သင့်ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရဲ့ အရေးပါတဲ့ မဖြစ်မနေ ဖြတ်သန်းရမယ့် လုပ်ငန်းစဉ်တစ်ခု၊ ခြေလှမ်းတစ်ရပ် ဖြစ်တယ်ဆိုတာကို နားလည်ဖို့လိုတယ်။
အဓိကကတော့ များများပြောဖို့ပါပဲ။ ပြောရမယ့်ကိစ္စတွေမှာ ဆက်သွယ် ရေးမှာ နည်းနည်းအောက်နေတာတွေ၊ လွဲနေတာလေးတွေလည်းရှိတယ်။ မြောက်ပိုင်းနဲ့ကတော့ အဓိကက ဘက်ပေါင်းစုံမှာ ကြိုတင်သတ်မှတ်ချက်တွေ ဖြစ်နေတော့ ဆွေးနွေးပွဲဖြစ်ဖို့ခက်တာပေါ့။ ဆွေးနွေးပွဲဖြစ်နိုင်တဲ့အထိ ကန့်သတ်ချက်လေးတွေလျှော့ချပေးဖို့လိုတယ်။ အခုခုနစ်ဖွဲ့ရောက်လာတယ်။ တရုတ်က ကြိုးစားပြီးခေါ်လာတယ်။ ဒီလိုခေါ်လာတဲ့အတွက် လွယ်လွယ်ကူကူ ခေါ် လာရတာမဟုတ်ဘူး။ တရုတ်လည်းဘက်ပေါင်းစုံက အပြစ်အပြောခံရတယ်။ တရုတ်ဘက်က ဒီလိုခေါ်လာတာကိုလည်း သေသေချာချာအစိုးရနဲ့ တွေ့နိုင် အောင် လုပ်သွားတာလည်းတွေ့ရတယ်။ တရုတ်ကလည်း ဝိုင်းကူတယ်။ ဒီက လည်း တိုးတက်မှုရှိတယ်။ အတွေ့အကြုံတွေပေါ်မူတည်ပြီးမှ ဆက်ပြီးတော့ ပြင်ဆင်မယ်။ ဆွေးနွေးသွားမယ်ဆိုရင်တော့ နောက်ခြောက်လအတွင်းမှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း အဖြေမရရင်တောင်မှ တိုးတက်မှုတော့ အများကြီးရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။
စောမြရာဇာလင်း
ဒီနေ့အစည်းအဝေးက အရင်အစည်းအဝေးတွေထက် ထူးခြားမှုရှိပါတယ်။ မြန်မာ့သမိုင်းမှာ တစ်ခါမှမရေးဆွဲနိုင်ခဲ့ဖူးတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူ ၃၇ ချက်ကို ရရှိခဲ့တဲ့ညီလာခံဖြစ်ပါတယ်။ ဒီညီလာခံဟာ ငြိမ်းချမ်းရေး ကိုသွားဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့အတွက် ပထမဆုံးခြေလှမ်းဆိုရင် လည်း မမှားပါဘူး။ ဒါပေမယ့် ဒီခြေလှမ်းကိုစခဲ့တာကတော့ အရင်အစိုးရ လက်ထက်က စခဲ့တာဖြစ်ပေမယ့် ဆုံးဖြတ်ချက်တွေကတော့ အဲဒီအချိန်က မရခဲ့ပါဘူး။ ဒီကနေ့မှာတော့ ဆုံးဖြတ်ချက်တွေ ရလာတာဆိုလို့ရှိရင် အဆင့်တစ်ဆင့်ကိုတော့ ကျွန်မတို့ရောက်တယ်။ ရှေ့ကိုဆက်သွားတဲ့အခါမှာ လည်း ကျောသားရင်သားမခွဲခြားဘဲ တိုင်းပြည်အတွင်းမှာ ဆူကြုံနိမ့်မြင့်မရှိ သွားဖို့လိုအပ်နေပါသေးတယ်။ ဒီထက်သဘောထားကြီးကြီးနဲ့ သွားဖို့လိုအပ်ပါ သေးတယ်။ ရခိုင်ပြည်နဲ့ ရှမ်းပြည်မှာ မရသေးတာတွေလည်း ရအောင်လုပ်ပေးဖို့ အများကြီးလိုအပ်ပါသေးတယ်။
အေဝမ်းစိုး၊ နိုင်လင်းကြည်

Comments
Post a Comment