မိတ်ဆွေတို့
ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်ကောင်းစားရေးအတွက် မနားမနေ အလုပ်လုပ်ခဲ့တဲ့ စံပြလူထုခေါင်းဆောင်၊ တဖြည်းဖြည်းဇရာထောင်းလာပေမဲ့လည်း သူ့အသက်အရွယ်ကိုမငဲ့ဘဲ တိုင်းပြည်ကောင်းစားရေးအတွက် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေကရည်ရွယ်ချက်ရှိရှိလုပ်ထားတဲ့
အခက်အခဲအကြပ်အတည်းတွေကြားထဲမှာ ဆက်ပြီးတော့ ကြိုးစားလုပ်နေတဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းမျိုးအသက်ရှင် ကျန်းမာနေခိုက်မှာ ပြည်တွင်းပြည်ပက ကျွန်တော်တို့အားလုံးက သူ့ကို လေးစားပြီး ထောက်ခံအားပေးကြဘို့၊ ဖြစ်နိုင်ရင်တော့ သူနဲ့အတူ လက်တွဲကြိုးပမ်းကြဘို့ ကောင်းပါတယ်။ တဦးချင်း တဖွဲ့ချင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေ၊ မူဝါဒတွေနဲ့ လုပ်ရပ်တွေကို မထောက်ခံဘဲ နေပိုင်ခွင့်ရှိပါတယ်။ ကိုယ်နဲ့ အယူအဆမတူလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေ၊ မူဝါဒတွေ၊ လုပ်ရပ်တွေနဲ့ အားနည်းချက်တွေကို ကျိုးကြောင်းဆီလျော်စွာ ဝေဘန်ထောက်ပြပိုင်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ မတိုက်ခိုက် မပုတ်ခတ်ကြဘို့ ကျွန်တော့်အနေနဲ့ အနူးအညွတ်တိုက်တွန်းလိုပါတယ်။ (ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်ပါ။)

Comments
Post a Comment