"ကျွန်တော်တို့ရှေ့က ပြေးချင်ပေမယ့် နောက်ကနေ ဆောင့်ဆွဲနေတဲ့ကိစ္စတွေရှိနေတယ်"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မာင် ပြောကြား....
-----------------
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့က စေလွှတ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၅ရက် မွန်းလွဲပိုင်းက
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "ကျွန်တော်တို့ရှေ့က ပြေးချင်ပေမယ့် နောက်ကနေ ဆောင့်ဆွဲနေတဲ့ကိစ္စတွေရှိနေတယ်"ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှုများသည် အပြန်အလှန်ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းနေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေပြီးအုပ်ချုပ်ရေးမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်သည့်အဆင့်ပင် မရောက်နိုင်သေးကြောင်း၊ ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းရာတွင် တင်းကျပ်လွန်းသည့် (Restrict) ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ခြင်း (Liberalization) ဆောင်ရွက်ရမည်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုကိုလည်း လျှော့နည်းသွားအောင် (Decentralize) ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
"ဝန်ကြီးဆိုတာ Political Post ပါ။ နိုင်ငံရေးရှုထောင့်ကပဲ စဉ်းစားပါတယ်။ Liberalization လုပ်ရမယ့် အချိန်မှာ ဘယ်ဥပဒေတွေကို ဖြေလျှော့ရမယ်ဆိုတာ အတွင်းဝန်တွေက ရဲရဲတင်းတင်းပြောရမယ်။ ပြင်တာက လွှတ်တော်က လုပ်မှာပါ။ Restrict ဖြစ်နေတာတွေ အများကြီးပါ။ Law တွေကိုလုပ်ဖို့ စဉ်းစားရမယ့်အချိန်တန်နေပါပြီ။ Decentralize အဆင့်ကိုလည်း လပ်ရပါမယ်။ ဒီအဆင့်ကို မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ Liberalization အဆင့်ကနေကို မတက်ဘူး ဖြစ်နေပါတယ်။ ဗဟိုဦးစီးစနစ်လျှော့ချဖို့ အချိန်တန်ပါပြီ။ ရလာတဲ့လုပ်ပိုင်ခွင့်တွေကိုမစွန့်လွှတ်ချင်ကြဘူးလား။ ရလာတဲ့အခွင့်အရေးတွေကို ဒီအချိန်မှာ ယစ်မူးရမယ့်အချိန် မဟုတ်ဘူး။ ပြည်သူ့အကျိုးကို ဆောင်ရွက်စေချင်ပါတယ်။ ပြည်သူ့အခွန်နဲ့ လစာစားနေတာ ပြည်သူ့အတွက်လုပ်ရမယ့်အခါ ရဲရဲတင်းတင်းတော့ လုပ်ချိန်တန်ပါပြီ။ လုပ်သင့်သည့်အကြံပြုချက်တွေပေးဖို့ လိုအပ်နေပြီထင်ပါတယ်" ဟု အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများအား ဝန်ကြီးချုပ်က ပြောကြားသည်။
အမြဲတမ်းအတွင်းဝန်များသည် အရည်အချင်းပြည့်မီသူများဖြစ်ပြီး ဝန်ကြီးဌာနများ၏ အရေးကြီးသော Key Player များဟု မှတ်ယူပါကြောင်း၊ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းမည်ဆိုပါက ပြည်သူအတွက် ဖြေလျှော့သင့်သည်များကို ဖြေလျှော့၍ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်းကိစ္စများကို အမြဲတမ်းအတွင်းဝန်များက ပို၍သိရှိမည်ဖြစ်ပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
"ပြည်သူတွေကြားကို ဆင်းဖို့လိုပါတယ်။ အရင်တုန်းကအတိုင်းပဲ မှိန်းမနေပါနဲ့။ ကျွန်တော်တို့ရှေ့က ပြေးချင်ပေမယ့် နောက်ကနေ ဆောင့်ဆွဲနေတဲ့ကိစ္စတွေရှိနေတယ်။ စီမံခန့်ခွဲရေးပြဿနာတွေရှိတယ်။ ဒါတွေကို အမှန်အတိုင်း မတင်ပြရင် မှန်ကန်တဲ့ဆုံးဖြတ်ချက် မချနိုင်ပါဘူး။ ပြည်သူ့အတွက် လုပ်တဲ့အခါ ရဲရဲတင်းတင်းတင်ပြမှ အဆင်ပြေနိုင်ပါမယ်" ဟု ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဒေါက်တာရဲလွင်၊ ဒေါက်တာစိုးသန်း၊ ဦးဇာနည်အောင်၊ ဦးမျိုးသစ်၊ ဦးစိုင်းကျော်ဇောနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယအမြဲတန်းအတွင်းဝန် ဦးနေဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအော်ကျော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦး၊ မန္တလေးတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးကြကြောင်း သိရသည်။
ST
Comments
Post a Comment