၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ပါဝင်မည့် ကျောင်းသားနိုင်ငံရေး အင်အားစုများက နိုင်ငံရေးပါတီ တည်ထောင်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ ပါတီ၏ ခေါင်းဆောင်ကို ပြည်သူကသာ ရွေးချယ်သွားစေမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးမင်းဇေယျက ပြောကြားသည်။
ကျွန်တော်တို့ အနေနဲ့ ပါတီ ထူထောင်မယ်ဆိုရင် ခေါင်းဆောင်ကို ကျွန်တော်လည်း ရွေးလို့မရဘူး။ ခင်ဗျားတို့လည်း ရွေးလို့မရဘူး။ ပြည်သူက ရွေးချယ်လိမ့်မယ်။ အလုပ်က ရွေးချယ်လိမ့်မယ်။ ပြည်သူကို ချပြမှာပါ” ဟု ၎င်းက ထပ်မံပြောဆိုသည်။
လတ်တလောတွင်
အဆိုပါ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ကျောင်းသားနိုင်ငံရေး အင်အားစုများ တွေ့ဆုံဆွေးနွေးလျက်ရှိပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ဇန်နဝါရီ ၁၄ ရက်က ငါးကြိမ်မြောက် ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲအပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးခြင်း နောက်ဆုံးအကြိမ်အဖြစ် ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖိုရမ်ကျင်းပနိုင်ရန် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကျောင်းသားနိုင်ငံရေး အင်အားစုများထံမှ သိရသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက “ခန့်မှန်းချက်က မတ်လ သို့မဟုတ် ဇွန်လမှာ တစ်နိုင်ငံလုံး၊ တစ်ပြည်လုံးကို ဖိုရမ်ခေါ်ဖို့ လုပ်နေတယ်။ အဲတော့ နိုင်ငံရေးပါတီတစ်ရပ်ကို သဘောထား တိုက်ဆိုင်သူတွေ ထူထောင်ကြပြီ ဆိုရင်တောင်မှ ကျွန်တော်ထင်တယ် ၂၀၁၈ လောက်မှပဲ ဖြစ်လိမ့်မယ်” ဟု ပြောဆိုခဲ့ သည်။ လက်ရှိတွင် ကျောင်းသားနိုင်ငံရေး အင်အားစုများမှ နိုင်ငံရေး အယူအဆများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖလှယ်နေကြပြီး နိုင်ငံရေးပါတီ ထူထောင်မည့် ကိစ္စရပ်များကိုမူ အခြေအနေအရ အသေးစိတ် ထုတ်ဖော်မပြောနိုင်သေးကြောင်း ကိုမြအေးက မီဒီယာနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။ ငါးကြိမ်မြောက် ဆွေးနွေးခဲ့ကြသည့် ရလဒ်များကို ကြည့်ပါက ကျောင်းသားအင်အားစုများ အနေနှင့် နိုင်ငံရေးပါတီ ထောင်မည့်အပေါ် ဆန္ဒရှိသူများ ရှိသကဲ့သို့ အားလုံး ပါဝင်နိုင်သည့် အခြေအနေ ပေါ်ပေါက်မှသာ ထူထောင်သင့်သည် ဆိုသူများလည်း ရှိနေကြောင်း၊ သို့သော်လည်း တိုင်းပြည်အတွက် နိုင်ငံရေးပါတီသစ်တစ်ရပ် လိုအပ်ခြင်း၊ မလိုအပ်ခြင်း မေးမြန်းမှုတွင်မူ လိုအပ်ကြောင်း ဖြေကြားသဘောတူသူ များပြားကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့်ဖိုရမ်မှ တစ်ဆင့် မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးတွင် ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၆ ကျောင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက်များ၊ နိုင်ငံရေး အင်အားစုများနှင့် အခြားသော ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများ စုပေါင်း၍ မြန်မာနိုင်ငံတွင် အမှန်တကယ် ပြည်သူလူထု ကိုယ်စားပြုနိုင်မည့် နိုင်ငံရေးပါတီတစ်ရပ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးက ဆိုသည်။

Comments
Post a Comment