နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော် က NRPC ရုံးမှာ တွေ့ဆုံနေစဉ်။ Photo: Myanmar State Counsellor Office/ Facebook |
ကိုယ်စားလှယ်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်က NRPC ရုံးမှာ ဒီနေ့မနက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့က KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီနီးပါးကြာတွေ့ဆုံခဲ့ပါတယ်။
အစိုးရဖက်က လက်မှတ်မထိုးရသေးတဲ့ KIA ၊ TNLA ၊ MNDAA၊ AA စတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေအပြင် မိုင်းလား၊ ၀ တပ်ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေကို အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ရှင်းပြကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အကောင်းဖက်ကို ဦးတည်နေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
ဒါ့အပြင် NCA မှာ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာနိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီးနောက် ALPနဲ့ ABSDF က ကိုယ်စားလှယ်တွေဟာ ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေး ဖမ်းဆီးခံရတဲ့ကိစ္စ၊ ALP က တပ်ဖွဲ့ဝင်တွေဖမ်းဆီးတရားစွဲ ဆိုခံထား ရတာတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ နေပြည်တော်က သင်္ဂဟဟိုတယ် မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ဖက်က KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ ၊ ABSDF ဥက္ကဌ ဦးသံခဲ၊ ALP က ခိုင်စိုးနိုင်အောင်၊ RCSS က ဦးခွန်ဆိုင်းတို့ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်က ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့ပါတယ်။
RFA Burmese
Comments
Post a Comment