ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇ ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင်
ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။ ယခုဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် နိုင်ငံတကာလေ့လာရေး မဟာဗျူဟာဌာနမှ ဦးနေယံဦး၏ မြန်မာ့နိုင်ငံရေးအပေါ် သုတေသနပြု သုံးသပ်ရေးသားထားသော ဆောင်းပါး ဖြစ်သည်။ (ဦးနေယံဦး၏ A Call for a Third Political Party in Myanmar ကို ဆောင်းဦးကိုကိုက ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ ကျင်းပခဲ့သည့် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲသည် မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါ။ အာဏာရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ စွမ်းဆောင်ရည် မပြည့်ဝမှုနှင့် ဒီမိုကရေစီ မဆန်သည့် အုပ်ချုပ်မှုတို့သည် နောက်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အာဏာထပ်မရအောင် ကာကွယ်နိုင်ရန် အလို့ငှာ အခြားသော တတိယအင်အားစု နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာနိုင်သည့် အခြေအနေကို ဖန်တီးသလို ဖြစ်နေသည်။ ရာစုနှစ် ထက်ဝက်ကျော်ကြာ တပ်မတော်အုပ်ချုပ်မှု နှစ်ရပ်ဆက်တိုက် အုပ်ချုပ်ခံခဲ့ရပြီးနောက် ၂၀၁၀ နှောင်းပိုင်း ကာလတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်အဆင့် လွှမ်းခြုံယှဉ်ပြိုင်နိုင်သည့် ပါတီကြီး နှစ်ခုသာ ရှိပါသည်။ ပထမတစ်ခုမှာ အာဏာကြီးမားလှသည့် ယခင်တပ်မတော်အရာရှိများ (အငြိမ်းစား) စွာဖြင့် ဖွဲ့စည်းထားသည့် USDP ပါတီ ဖြစ်သည်။ USDP ပါတီသည် ယခင်အစိုးရ ငါးနှစ်တာကာလက အာဏာရရှိခဲ့သည့် ပါတီဖြစ်သည်။ ဒုတိယမှာ စစ်အာဏာရှင်များက ၁၅ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ချထားခဲ့သည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီအိုင်ကွန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ ဖြစ်သည်။ NLD ပါတီသည် နှစ်ပေါင်း ၂၅ အတွင်း ပထမဦးဆုံးအကြိမ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရကာ အာဏာရရှိလာခဲ့ သည်။ NLD သည် လွှတ်တော်နှစ်ရပ်စလုံးတွင် အမတ်နေရာ အများစု ရရှိကာ လွယ်လင့်တကူပင် အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော်ငြားလည်း ဒေါ်အောင်ဆန်းစုကြည်၏ ယောက်ျားနှင့် ကလေးများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့အား မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာရန် ဟန့်တားထားသည်။ ထို့ကြောင့် သူသည် ဝန်ကြီးချုပ်ရာထူးနှင့် အလားသဏ္ဌာန်တူသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို အသစ်ဖန်တီးခဲ့ပြီး ယင်းရာထူးကို ရယူခဲ့သည်။ သူ၏ လူယုံတော် ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်။ သို့သော်ငြားလည်း မူဝါဒ ချမှတ်ရန် (သို့မဟုတ်) နိုင်ငံတော်ခေါင်းဆောင်ကဲ့သို့ ပြုမူရန် ရှိလာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတထက်ပင် သြဇာအာဏာ ပိုကြီးပါသည်။ သူကိုယ်တိုင်ပင် ‘သမ္မတအထက်တွင် ရှိနေမည်’ ဟု ပြောကြားဖူးပါသည်။ ယင်းအခြေအနေသည် ရေရှည်ရပ်တည်နိုင်စွမ်း ရှိမည်တော့ မဟုတ်ပါ။ မြန်မာပြည်သူများသည် ရွေးကောက်ပွဲတွင် မဲပေးသည့်အခါက NLD အပေါ် ယုံကြည်မှု အပြည့်အဝ ရှိခဲ့ပါသည်။ မြို့ပြအထက်တန်းလွှာများ၊ တတ်သိပညာရှင်များနှင့် လူလတ်တန်းစားများ အားလုံးက NLD သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်နေသည့် တပ်မတော်၏ လွှမ်းမိုးမှုကို အဆုံးသတ်စေပြီး လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်သစ် စတင်မည့် တကယ့်အပြောင်းအလဲများကို လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ခေါင်းဆောင်မှု အသစ်အောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တိုးတက်လာလိမ့်မည် ဖြစ်ပြီး အစိုးရ၏ အင်စတီကျူးရှင်းများသည်လည်း နိုင်ငံကို ခေတ်မီအောင် ဆောင်ရွက်ရာ၌ ကောင်းစွာ အလုပ်လုပ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ယခုအခါတွင် နိုင်ငံရေးဖြစ်စဉ်တွေကို အလေးထား သတိပြုမိကြသော လူအများစု၌ ရွေးကောက်ပွဲအပေါ် ထားရှိသော မျှော်လင့်ချက်များ မပြည့်ဝဘူးဆိုသည့် ခံစားချက်မျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်။ NLD က ထိန်းချုပ်ထားသည့် အစိုးရအဖွဲ့နှင့် လွှတ်တော်သည် သိသာထင်ရှားသည့် တိုးတက်မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပါ။ ပြည်သူများ၏ အပြောင်းအလဲကို ဖော်ဆောင်ရန် တောင်းဆိုသည့် အသံများကို နားထောင်ဖို့ ငြင်းဆန်နေစဉ်မှာပင် NLD သည် တပ်မတော်နှင့် ထိတွေ့ညှိနှိုင်းကာ နိုင်ငံကို အုပ်ချုပ်နေရသည်။ ၁၉၈၈ တွင် NLD နှင့်အတူ ဒီမိုကရေစီ ရရှိရေးအတွက် ကြာရှည်စွာ တိုက်ပွဲဝင်ခဲ့ရသည့် ‘၈၈ မျိုးဆက်’ ကျောင်းသားအုပ်စု ခေါင်းဆောင်များသည် ယခုအခါတွင် ၎င်းတို့၏ ယခင်ရဲဘော်ရဲဘက် ဖြစ်ခဲ့သော အာဏာရပါတီက ၎င်းတို့အား ဖယ်ကြဉ်ထားသည်ဟု ခံစားနေကြရသည်။ အရပ်ဘက် လူ့အဖွဲ့အစည်းများ (CSOs) ၏ ခေါင်းဆောင်များက အစိုးရသစ်အောက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ နေရာမှာလည်း ကျဉ်းမြောင်းလာလျက် ရှိသည်ဟု စောဒက တက်ကြသည်။ NLD လွှမ်းမိုးထားသည့် ပြည်ထောင်စုလွှတ်တော်နှင့် အလုပ်လုပ်ရသည်မှာလည်း အခက်အခဲ ကြီးကြီးမားမား ရှိနေပါသည်။ အချို့သော အစိုးရအရာရှိများက CSOs များသည် အပြုသဘောမဆောင်သည့် ဝေဖန်မှုများကို ပြုလုပ်နေကြသည်ဟု ထင်နေသောကြောင့် CSOs များကို ပြဿနာ မီးထွန်းရှာသူများအဖြစ် ရှုမြင်ကြသည်။ အရာရှိများက CSOs များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်အောင် ဆောင်ကြဉ်းရာ၌ အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို အသိအမှတ်ပြုရန် ပျက်ကွက်နေကြသည်။ ထို့အတူပင် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ အကြားတွင် ငွေကြေးဆိုင်ရာ မတည်ငြိမ်မှုဆီ ဦးတည်သွားစေသည့် NLD က ချမှတ်သော စီးပွားရေးမူဝါဒသည် မြန်မာနိုင်ငံ၏ စီးပွားရေးအပေါ် နက်နက်ရှိုင်းရှိုင်း အကျိုးသက်ရောက်မှုများ ရှိနေသည်။ နိုင်ငံ၏ အရေးအကြီးဆုံးသော စီးပွားရေး အင်စတီကျူးရှင်းများ ဖြစ်သည့် ဗဟိုဘဏ်၊ ကုန်သွယ်ရေး ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှာ ခိုင်မာအားကောင်းခြင်း မရှိဘူးဟု ဘဏ္ဍာရေးနယ်ပယ်ရှိ ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။ (ဦးနေယံဦး၏ A Call for a Third Political Party in Myanmar ကို ဆောင်းဦးကိုကိုက ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။) NLD အစိုးရ၏ နိုင်ငံခြားရေးမူဝါဒသည် အောင်မြင်မှုများစွာ ရရှိနေစဉ်မှာပင် ယင်းအောင်မြင်မှုမှာ သေချာရေရာမှုတော့ မရှိပါ။ အချို့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးတည်းကပင် အရာရာ ဆုံးဖြတ်ချက် ချနေသည့် NLD ၏ မူဝါဒ ချမှတ်သည့် နည်းလမ်းအပေါ် စိုးရိမ်မှုများ ရှိနေပါသည်။ ထို့အပြင် ပါတီ၏ ဗဟိုဦးစီးစနစ်ဖြင့် တည်ဆောက်ထားပုံကလည်း လေ့လာသုံးသပ်သူများကို စိုးရိမ်စေပါသည်။ လက်ရှိ ရွေးကောက်ပွဲစနစ်အရ နိုင်ငံအဝန်း မဲဆွယ်စည်းရုံးမှုများ လုပ်နိုင်စွမ်းရှိသည့် တတိယ အင်အားစု နိုင်ငံရေးပါတီ ပေါ်ထွန်းလာဖို့တွင် အကြောင်းပြချက် နှစ်ရပ် လိုအပ်ပါသည်။ ပထမတစ်ခုမှာ ဒီမိုကရေစီနှင့် အာဏာပိုင်စနစ် နှစ်ခုအကြား ကွဲပြားခြားနားချက်သည် မြန်မာနိုင်ငံရေး ယဉ်ကျေးမှုတွင် အမြစ်တွယ်နေပြီ ဖြစ်သည်။ ယင်းနိုင်ငံရေး ယဉ်ကျေးမှုသည် အချို့သော မဲဆန္ဒရှင်များအား (အမျိုးသားရေးဝါဒီများ) USDP နှင့် တစ်သားတည်း ဖြစ်အောင် တွန်းအားပေးနေသလို ဖြစ်နေသည်။ အခြားတစ်ဖက်တွင်မူ NLD သည် ရှုပ်ထွေးလွန်းသည့် ဒီမိုကရေစီ လှုပ်ရှားမှု (တချို့က အစီအစဉ်ကျသည့် လှုပ်ရှားမှု မဟုတ်ဟု ဆိုကြသည်) ၏ ခေါင်းဆောင်မှု နေရာတွင် ရှိနေသည်။ သို့သော်ငြားလည်း နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ၊ တတ်သိပညာရှင်များနှင့် လူလတ်တန်းစားများသည် NLD ၏ ဒီမိုကရက်တစ် မဆန်သည့် သဘောသဘာဝအပေါ် ဘဝင်မကျမှုများ ရှိနေသည်။ “Lady (ဒေါ်အောင်ဆန်းစုကြည်) ၏ ခွဲဝေလွှဲပြောင်းပေးခြင်း မရှိသည့် အာဏာနှင့်အတူ ပါတီ၏ လွန်ကဲစွာ ဗဟိုဦးစီးစနစ် ကျင့်သုံးမှုနှင့် ကျွမ်းကျင်ပညာရှင်များ၏ သဘောထား အမြင်များကို ပါတီခေါင်းဆောင်များက နားထောင်လိုခြင်း မရှိမှုသည် ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် စီးပွားရေး တိုးတက်မှုကို ပိတ်ဆို့ ဟန့်တားထားသလို ဖြစ်နေသည့် အကျပ်အတည်းတစ်ခုဆီသို့ ဦးတည်သွားစေပါသည်။ မဲဆန္ဒရှင်များသည် ၂၀၂၀ တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အခြားသော ပါတီတစ်ခုကို ရွေးချယ်ဖို့ ထိုက်တန်ပါသည်။ တတိယအင်အားစု နိုင်ငံရေးပါတီသည် မြန်မာနိုင်ငံတွင် NLD က ဆောင်ရွက်နေသည့် ဒီမိုကရေစီစနစ် ရှင်သန်စေရေး အစီအစဉ် ဖြစ်ထွန်းလာစေရန် (ပြောင်းလဲခြင်း သိပ်မရှိသည့် NLD ၏ နေရာကို ရယူကာ) ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ရပါလိမ့်မည်။ ဒုတိယမှာ မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော်နေသည့် သမ္မတစနစ် ဒီမိုကရေစီ၏ အနှစ်သာရမှာ မဏ္ဍိုင်သုံးခုအကြား အပြန်အလှန် ထိန်းကျောင်းခြင်းပင် ဖြစ်သည်။ NLD သည် လွှတ်တော်နှင့် အုပ်ချုပ်ရေး နှစ်ခုစလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထိုအတွက်ကြောင့် အချို့သော လေ့လာသုံးသပ်သူများက NLD လွှတ်တော်သည် အုပ်ချုပ်ရေး၏ အလိုအတိုင်းနှင့် ၎င်းတို့၏ အဆိုများအတိုင်းသာ လိုက်ပါဆောင်ရွက်နေသည့် ရော်ဘာတံဆိပ်တုံးထု လွှတ်တော်မျှသာ ဖြစ်သည်ဟု ဆိုကြသည်။ NLD မှ ငယ်ရွယ်သော လွှတ်တော်အမတ်များသည် အစိုးရ၏ ပုံရိပ်ကို ထိခိုက်စေသည့် ခက်ခဲသည့် မေးခွန်းများ မမေးရန်နှင့် အဆိုများ တင်သွင်းခြင်း မပြုလုပ်ရန် ၎င်းတို့ထက် အတွေ့အကြုံ ရင့်ကျက်သည့် လွှတ်တော်အမတ်များ၏ သတိပေးတားမြစ်မှုကို ခံရသည်ဟု ပြည်တွင်းသတင်းစာများက ဖော်ပြကြသည်။ မြန်မာနိုင်ငံရှိ အပြန်အလှန် ထိန်းကျောင်းခြင်း စနစ်သည် ကောင်းစွာ အလုပ်လုပ်ခြင်း မရှိသည်မှာ ဝမ်းနည်းဖွယ်ပင် ဖြစ်သည်။ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းလာစေရန် တတိယ နိုင်ငံရေးအင်အားစုပါတီ လိုအပ်ပါသည်။ ယင်းပါတီသည် လွှတ်တော်တွင် အားကောင်းသည့် အတိုက်အခံပါတီအဖြစ် ကောင်းစွာ အလုပ်လုပ်နိုင်ရမည် ဖြစ်ပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့၏ စစ်မှန်သော အာဏာခွဲဝေ ကျင့်သုံးသည့် နည်းလမ်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ NLD ၏ ဒီမိုကရက်တစ် မဆန်သည့် သဘောသဘာဝနှင့် USDP ၏ အာဏာရှင်စနစ်အပေါ် တိမ်းညွတ်မှုတို့သည် ဒီမိုကရေစီ အင်အားစုများကို တတိယ အင်အားစု နိုင်ငံရေးပါတီ ဖန်တီးခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်ရာ အခြေအနေသို့ တွန်းပို့သလို ဖြစ်နေသည်။ သို့သော်ငြားလည်း NLD ၏ အမှားမျိုး ထပ်မံကျူးလွန်မှု မရှိစေရန် တတိယအင်အားစု ပါတီသည် အောက်ပါ အကြံပြုချက်များကို အလေးထား သုံးသပ်သင့်ပါသည်။ ပထမတစ်ခုမှ ပါတီသည် နိုင်ငံအဝန်း မဲဆွယ်စည်းရုံးမှုကို ဆောင်ရွက်နိုင်လောက်အောင် ကြီးမားသင့်ပါသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် ပါတီပေါင်း ၉၀ ကျော် မှတ်ပုံတင်ခဲ့သော်လည်း ၎င်းင်းတို့ထဲမှ အများစုသည် ဒေသအဆင့်နှင့် တိုင်းရင်းသားမျိုးနွယ်စု ပါတီများသာ ဖြစ်သည်။ ၎င်းတို့သည် ငွေကြေးအင်အားနှင့် အဖွဲ့အစည်း စွမ်းဆောင်ရည်တို့အရ NLD နှင့် USDP တို့ကို ပြိုင်ဆိုင်၍ မရနိုင်ပါ။ ထို့ကြောင့် တတိယ အင်အားစုပါတီသည် နောက်ထပ် သေးငယ်ပြီး ပေါ့ပေါ့ဆဆ ဆောင်ရွက်သည့် ပါတီမျိုး မဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ဒုတိယမှာ ပါတီအသစ်၏ မူဝါဒများသည် အားလုံးကို လွှမ်းခြုံပြီး ရှင်းလင်းတိကျသင့်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများသည် နိုင်ငံရေး ရပ်တည်ချက် ရှင်းလင်းစွာ မရှိသည့်အပြင် ပါတီခေါင်းဆောင် (သို့မဟုတ်) ပါတီခေါင်းဆောင်အဖွဲ့ကို ဝန်းရံကာ တည်ထောင်ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ ယင်းအစဉ်အလာကို ဖောက်ထွက်ရန် တတိယ အင်အားစုပါတီသည် ပါတီ၏ သဘောထား ကြေညာစာတမ်းတွင် ၎င်းတို့၏ နိုင်ငံရေး ယုံကြည်ချက်များနှင့် အခြေခံမူများကို ဖော်ပြပေးသင့်ပါသည်။ ၎င်းတို့၏ စီးပွားရေးမူဝါဒက ဘာလဲ၊ တိုင်းရင်းသားမျိုးနွယ်စု အရေးကိစ္စ အပေါ်မှာ ဘယ်လိုရပ်တည်ချက်မျိုး ရှိသလဲ။ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ကို ဘယ်လိုအားပေးမလဲ၊ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကို ကျဉ်းမြောင်းအောင် ဘယ်လိုဆောင်ရွက်သွားမလဲ အစရှိသည်တို့ ဖြစ်သည်။ အဓိက ဆိုလိုရင်းမှာ ပေါ်ထွန်းလာမည့် တတိယ အင်အားစု နိုင်ငံရေးပါတီသည် နိုင်ငံရေး ယုံကြည်ချက်များနှင့် သဘောတရားရေးရာများကို အခြေခံကာ ဖွဲ့စည်းသင့်ပါသည်။ မည်သူက ပါတီခေါင်းဆောင် ဖြစ်သည် ဆိုခြင်းထက် ပြဿနာများနှင့် မူဝါဒရေးရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ရေး အတွက်သာ အလေးထား ဆောင်ရွက်သင့်ပါသည်။ ပါတီခေါင်းဆောင်များသည် ပါတီတာဝန် ထမ်းဆောင်ပြီးနောက် အနားယူသွားကြသည်သာ ဖြစ်သော်လည်း ပါတီ၏ ရည်ရွယ်ချက်နှင့် မူဝါဒ လမ်းစဉ်ကတော့ ယခင်အတိုင်းပင် ရှိနေမည် ဖြစ်သည်။ တတိယမှာ ခိုင်ခံသည့် ဒီမိုကရက်တစ်ပါတီ တစ်ရပ် တည်ဆောက်ခြင်းသည် အရေးကြီးပါသည်။ ပါတီကို ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် နည်းလမ်းဖြင့် တည်ဆောက်သင့်ပြီး ဒီမိုကရက်တစ် အလေ့အထများဖြင့်သာ အလုပ်လုပ်သင့်ပါသည်။ ဆုံးဖြတ်ချက်များသည် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့မဟုတ်) ပါတီခေါင်းဆောင်အဖွဲ့ထံမှ လာရမည် မဟုတ်ပါ။ ထိုသို့မှ မဟုတ်လျှင် ‘အရေးကိစ္စတိုင်း၏ ဥက္ကဋ္ဌ’ က အာဏာနည်းလမ်းဖြင့် ပါတီကို ထိန်းချုပ်လိမ့်မည် ဖြစ်သည်။ ပြင်ပကျွမ်းကျင်ပညာရှင်များသည် ပါတီက ကျွမ်းကျင်မှု မရှိသည့် ဘာသာရပ်များတွင် အကြံပေး ဆွေးနွေးမှုများကို ပြုလုပ်သင့်ပါသည်။ သာမန်ပါတီဝင်အား အဆိုများ တင်သွင်းနိုင်ခွင့်နှင့် အရေးကြီးမေးခွန်းများ မေးပိုင်ခွင့် ပေးသင့်ပြီး ပါတီ၏ မူဝါဒနှင့် ခေါင်းဆောင်မှုကို ဝေဖန်ရန် တိုက်တွန်းအားပေးသင့်ပါသည်။ အချုပ်ဆိုရလျှင် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည့် ဒီမိုကရက်တစ်ပါတီအား ဖန်တီးခြင်းသည် ပါတီကိုယ်တိုင် ရွေးကောက်ပွဲ အောင်နိုင်ခြင်းကဲ့သို့ အရေးကြီးပါသည်။ နောက်ဆုံးနှင့် အရေးအကြီးဆုံးမှာ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စိတ်အားထက်သန်သည့် မျိုးဆက်သစ် ပါတီဝင်များကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါသည်။ နိုင်ငံရေး အကျဉ်းသားများ၊ ကျောင်းသားအရေး လှုပ်ရှားတက်ကြွသူများနှင့် နိုင်ငံရေးသမားဟောင်းကြီးများသာ နိုင်ငံရေး ဆောင်ရွက်ကြသည် ဆိုသည့် မှားယွင်းသော အယူအဆမျိုး မြန်မာနိုင်ငံတွင် ရှိပါသည်။ ယင်းသို့ ယူဆရသည်မှာလည်း ၎င်းတို့သည် အတွေ့အကြုံများ ရှိပြီး အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည် ဆိုသည့် အမြင်များကြောင့် ဖြစ်ပါသည်။ ယင်းစဉ်းစားချက်မှာ တစ်စုံတစ်ရာ အတိုင်းအတာထိတော့ မှန်ကန်မှု ရှိပါသည်။ သို့သော် ဒီထက်ပို၍ ကျယ်ပြန့်သော စဉ်းစားချက်မျိုး ရှိဖို့တော့ လိုအပ်ပါသည်။ ပို၍အရေးကြီးသည်မှာ နိုင်ငံ၌ ကြုံတွေ့နေရသည့် အရေးကြီးကိစ္စရပ်များနှင့် သက်ဆိုင်သော ဗဟုသုတများ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် သဘောပေါက် နားလည်မှု၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံနိုင်စွမ်းနှင့် ဒီမိုကရေစီကို မြှင့်တင်သည့် အခြားသော အကြောင်းအရာများကဲ့သို့သော နိုင်ငံရေးနှင့် ပတ်သက်သည့် ကျွမ်းကျင်မှု အရည်အချင်းများကို ပြုစုပျိုးထောင်ခြင်း ဖြစ်သည်။ ခေတ်သစ်အတွက် စိတ်ကူးသစ်များ (တချို့က သွေးသစ်ဟု ဆိုကြသည်) လိုအပ်ပါသည်။ ထို့ကြောင့် တတိယအင်အားစု နိုင်ငံရေးပါတီသည် လူငယ်ပညာတတ်များ၊ တတ်သိပညာရှင်များနှင့် နိုင်ငံရေးဘာသာရပ်ကို လေ့လာလိုက်စားသည့် ကျောင်းသူ၊ ကျောင်းသားများကို ဆွဲဆောင်နိုင်သည့် ပတ်ဝန်းကျင်မျိုး ဖန်တီးရမည် ဖြစ်သည်။ နိုင်ငံအတွက် သူတို့ ထမ်းဆောင်သည့် တာဝန်မှာ အရေးကြီးပြီး ထိုက်တန်သည့် ဆုလာဘ်မျိုးလည်း ရပါလိမ့်မည်ဆိုသည့် ကတိကဝတ်မျိုးတော့ သူတို့ လိုအပ်ပါသည်။ နိဂုံးချုပ်အနေဖြင့် တတိယအင်အားစု နိုင်ငံရေးပါတီသည် NLD နှင့် USDP တို့၏ ဆောင်ရွက်ချက်များကို အပြန်အလှန် ထိန်းကျောင်းမှု ပြုလုပ်ခြင်းဖြင့် နိုင်ငံသားများအား စစ်မှန်သည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဆောင်ကြဉ်းပေးမည် ဆိုသည့် ကတိကဝတ်ကို တည်ရမည် ဖြစ်သည်။ တတိယ နိုင်ငံရေးအင်အားစု ပါတီတွင် ရှင်းလင်းတိကျသည့် နိုင်ငံရေး ယုံကြည်ချက်များနှင့် သဘောတရားများအပေါ် အခြေခံသော အနာဂတ်အမြင်မျိုး ရှိနေဖို့ အရေးကြီး ပါသည်။ ယင်းအနာဂတ်အမြင်သည် ခိုင်မာသည့် ဒီမိုကရက်တစ်ပါတီ အင်စတီကျူးရှင်းများကို တည်ဆောက်သွားမည် ဖြစ်ပြီး ပြည်သူများအတွက် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်သည့် မျိုးဆက်သစ် နိုင်ငံရေးသမားများ စုဆောင်းမွေးမြူခြင်းကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်။ အချုပ်ဆိုရလျှင် ‘ပြည်သူ့အတွက် အစိုးရ’ လိုအပ်နေပြီ ဖြစ်သည်။

Comments
Post a Comment