ပြည်သူတို့ရဲ့
လွတ်လပ်ခွင့်များကို နှစ်ပေါင်းများစွာ ရိုက်ချိုးဖျက်ဆီးခဲ့ကြသော အဓမ္မဝါဒကို
ဖယ်ရှားအောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ အစိုးရအား တိုင်းပြည်ရဲ့ ဆိုးရွားလှသော စီးပွားရေး
အခြေအနေများက
အနားယူရန်အတွက် တစက္ကန့်ပင် အနားပေးလိုဟန် မရှိဘဲ ၎င်းရဲ့ ကိစ္စများကို
ဖြေရှင်းပေးပါရန် အလိုက်ကမ်းဆိုး မသိစွာ တစာစာ တောင်းဆိုနေပါတယ်။ သို့အတွက်
ဒေါ်အောင်ဆန်းစုကြည်မှ သူမရဲ့ ကျွမ်းကျင်မှု နိုင်ငံရေး အတွေ့အကြုံများကို ကောင်းစွာ
အသုံးချပြီး သမိုင်းပေး တာဝန်ကြီးကို ကျေပြွန်စွာ ဆက်လက် ထမ်းရွက်ရန်
ရုန်းကန်လှုပ်ရှားနေရပြီ ဖြစ်ပါတယ်။
တဖက်တွင်လည်း
တိုင်းပြည်ရဲ့ သမိုင်းက တောင်းဆိုလာသော ဖြစ်ပေါ် တိုးတက်မှု လမ်းကြောင်းတွင်
နေရာဖယ်မပေးလိုကြဘဲ ကန့်လန့်တိုက်နေမှုများကို ဖယ်ထုတ်၍ ကျားကုတ်ကျားခဲ ရှေ့သို့
ချီတက်ရမယ့် တာဝန်ကြီးကလည်း ရှိနေပြန်ပါသေးတယ်။
သို့အတွက်
သူမ ဆင်နွှဲရဦးမည့် တော်လှန်ရေးကြီးအတွက် လိုအပ်နေသည်များကို နိုင်ငံခြားရှိ
စီးပွားရေးတွင် သြဇာတိက္ကမ ရှိလှသော Bloomberg မဂ္ဂဇင်းကြီးရဲ့ အယ်ဒီတာတစ်ဦးမှ
တခုတ်တရ လုပ်ကာ ထောက်ပြလာသည့် အရေးကို မိမိအနေဖြင့် မခန့်လေးစား မလုပ်ဝံ့ဘဲ
မိမိတို့ ပြည်သူ့ အစိုးရအား "ပညာရှိ၊ သတိဖြစ်ခဲ" စကားပုံအရ
ထောက်ပြသင့်သည်ဟု ယူဆသဖြင့် ပြန်လည် ဖော်ပြမှသာ တာဝန် ကျေမည်ဟု ယူဆမိပါတယ်။
=============================================
အရင်အစိုးရ
လက်ထက်က ချမှတ်ခဲ့သည့် ဘတ်ဂျက် ခွဲဝေမှုအောက်တွင် ရုန်းကန် လှုပ်ရှားနေရသည့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ အစိုးရအနေဖြင့် ယခုအချိန်အထိ ဦးစားပေး လုပ်ရန်ရှိသည့်
စီးပွားရေး အစီအမံများနှင့် မူဝါဒများက ရေရေရာရာတော့ ထွက်ပေါ်မလာသေးပေ။
သို့သော်
တိုင်းပြည်လူထု၏ မျှော်လင့်ချက်များက မိုးထိ မြင့်နေပြီး ဖြေရှင်းရန် ရှိနေသည့်
အခြေခံ ပြသနာများကလည်း တိုက်ရိုက် အချိုးကျ နေသည့်အလား မိုးထိ မြင်မားနေဆဲ
ဖြစ်တဲ့အတွက် အမြန် ပြုလုပ်ရန်တော့ လိုနေပါတယ်။
မရေမရာ
ဖြစ်နေသော မြေယာ ပိုင်ဆိုင်ခွင့်မှသည် သဘာဝ သယံဇာတများကို စစ်တပ်နှင့် လူမျိုးစု
လက်နက်ကိုင်များက လုယက်ယူငင် နေကြသဖြင့် ယိုဖိတ်နေသော တိုင်းပြည်၏ ဘဏ္ဍာသွေးများကို
ပိတ်ဆို့ရန်အထိ ဖြေရှင်းရန် ကျန်နေသေး၏။ အကုန်လုံး တထိုင်တည်း
မဖြေရှင်းနိုင်သေးသော်လည်း သွက်သွက်လက်လက် လှုပ်ရှားနိုင်ဖို့တော့ လိုပါတယ်။
စီးပွားရေးမှာ
အစိုးရ ချုပ်ကိုင်နေမှုများက ရှိနေဆဲပင်။ အတော်များများကို အလွယ်တကူ
ဖယ်ရှားပေးလိုက်ခြင်းဖြင့် အတော်ကို ခရီးပေါက်နိုင်ပါတယ်။ ဥပမာဆိုက လယ်သမားများအား
၎င်းတို့ စိုက်ပျိုးလိုသည်များကို စိုက်ပျိုးခွင့် ပေးရန်နဲ့ စိုက်ပျိုးစရိတ် ချေးငွေများ
ထုတ်ချေးခွင့်ကို ဘဏ်များအပေါ် ကန့်သတ်ထားမှုများကိုလည်း ပယ်ဖျက်ပေးသင့်ပါတယ်။
ကြီးမားကျယ်ပြန့်စွာ
ပိုင်ဆိုင်ထားတဲ့ အစိုးရပိုင်လုပ်ငန်း အတော်များများကို ပုဂ္ဂလိက ပေးရန် စတင်
စာရင်းပြုသင့် နေပါပြီ။ ရရှိထားတဲ့ ဘတ်ဂျက်တွေထဲက အမြန်ဆုံး သိသာမယ့် နေရာတွေကို
ဦးစားပေး သုံးစွဲသင့်ပါတယ်။
တက္ကသိုလ်
ပညာရေးထက် အခြေခံပညာရေးကို ပိုမို ဦးစားပေးသင့်ပြီး ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများတွင် တိုးတက်မှုများ ပြသရန် လိုနေပါတယ်။ နေရာ အကွက်အကွင်း ကောင်းလှသော
မိမိတို့ တိုင်းပြည်တွင် ငယ်ရွယ်ပြီး သန်မာသည့် လူငယ်များ အများအပြား ရှိနေပြီး
လုပ်ခကို နိုင်ငံခြား တိုင်းပြည်များနှင့် ယှဉ်ပြိုင်နိုင်သည့် အနေအထား
ရှိနေသဖြင့် တန်ဘိုးနည်း ပိုကုန့်များ ထုတ်လုပ်ရန် စက်မှုလုပ်ငန်းများ
ထူထောင်ရေးအတွက် အကောင်းဆုံး အနေအထားမှာ ရှိနေတာကို အခွင့်အရေးယူ အသုံးချရမှာ
ဖြစ်ပါတယ်။
ခေတ်မီပြီး
ကုန်ထုတ်စွမ်းအားကို အထောက်အကူပြုမယ့် အလုပ်သမား အင်အားစုကြီး ပေါ်ပေါက်ရေးအတွက်
ကလေးများကို စာသင်ခန်းထဲမှာ တတ်နိုင်သမျှ ရှိနေအောင် ဖန်တီးပေးရမှာဖြစ်ပြီး
ကျောင်းမှ အခြေအနေအရ ထွက်ခွာလာသူများကိုလည်း အသက်မွေးဝမ်းကျောင်း ပညာများ
သင်ကြားပေးရမှာ ဖြစ်ပါတယ်။
ဒီအတွက်
အစိုးရသစ်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနဲ့ ကျွမ်းကျင်မှုများကို
ရနိုင်သမျှ ကြိုဆို လက်ခံရမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ဘဏ်များ ဝင်ရောက်လာမှုကို
ကြိုဆိုရမှာဖြစ်ပြီး ပြည်တွင်းရှိ အမျိုးသား စက်မှုလုပ်ငန်းများ ထွန်းကားရေးအတွက်
အသေးစားနဲ့ အလတ်စား လုပ်ငန်းများ ထူထောင်ရေးမှာ လိုအပ်နေတဲ့
လုပ်ငန်းရှင်ငယ်လေးများကို ငွေထုတ်ချေးခွင့် ပြုသင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှ
ယခင် အစိုးရ လက်ထက်က ရှိခဲ့တဲ့ ကျွမ်းကျင်တဲ့ ပညာတတ် အမှုထမ်းများကို တတ်နိုင်သမျှ
အုပ်ချုပ်ရေးပိုင်းတွင် ဆက်လက်ထားရှိဖို့ ရည်ရွယ်ထားပြီး ဖြစ်တယ်လို့
ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပက ပြန်ရောက်လာတဲ့ မြန်မာများရဲ့
ကျွမ်းကျင်မှုကို အမိအရ အသုံးချတတ်ဖို့ အစီအမံတွေ ပြုလုပ်ရန် ရှိနေပါတယ်။
အမေရိကန်က
မြန်မာအပေါ် ပိတ်ဆို့ထားဆဲဖြစ်တဲ့ စီးပွားရေး ဒဏ်ခတ်မှုများကို အပြီးအပိုင်
ဖယ်ရှားပေးရန် အလေးအနက် တောင်းဆိုသင့်ပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြတဲ့
အမေရိကန် လုပ်ငန်းရှင်များကို ဈေးကွက်ထဲ ရောက်ပြီးနေတဲ့ ဂျပန်၊ ကိုရီးယား၊
ထိုင်း၊ စင်္ကာပူနိုင်ငံတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်လာနိုင်အောင် ဖိတ်ခေါ်ရမှာ
ဖြစ်ပါတယ်။
အခုလို
အားလုံးကို လုပ်ပေးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အကူအညီတွေ အများကြီး
လိုနေပါတယ်။
===================================================
ဒါတွေအပြင်
ဒေါ်အောင်ဆန်းစုကြည်မှ ယုံကြည်စွာ တာဝန်ပေးခံသူများအနေနဲ့လည်း ယုံကြည်မှုနဲ့
ထိုက်တန်ကြောင်း ပြသရန် လိုနေပါတယ်။ အာရုံလွန်ပြီး ဆုံးဖြတ်ချက်တွေ အလောသုံးဆယ်
ချနေတာတွေကိုလည်း တွေ့နေရပါတယ်။ မကြာမီက ဝန်ကြီးတစ်ပါးက အရင်အစိုးရ
ဝန်ကြီးများနဲ့အပြိုင် ပျက်လုံး ထုတ်လာတာမျိုးတွေပါ တွေ့လာရပါတယ်။ လုပ်စရာ
ရှိတာကို ရဲရဲနဲ့ မှန်မှန်ကန်ကန် လုပ်နိုင်ကိုင်နိုင်မယ့် လူတွေ အများကြီး
လိုနေပါတယ်။ မလုပ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ကူညီသည့်အနေဖြင့် ထွက်ပေးဖို့သာ
ရှိပါတယ်။
ကိုယ့်နေရာ
ကိုယ်ယူကာ ကိုယ့်တာဝန်နှင့်ကိုယ် လှုပ်ရှားရတော့မယ့် အချိန် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှ နေရာတကာ Micromanage လုပ်ပေးရန် မျှော်လင့်ပြီး နို့သက်ခံ
စို့မနေသင့်ပေ။ သူမ ခင်းပေးသည့် လမ်းအတိုင်း တစ်စိတ်တစ်ဝမ်းတည်း လျှောက်လှမ်းရင်းက
မိမိတို့ မှန်သည် ထင်သည်များကို ရဲဝံ့စွာ တင်ပြရန်လည်း သတ္တိရှိဖို့ လိုပါတယ်။
ကမ္ဘာကျော်
နရသိန် ထောင်ကြီးတွင် စံမြန်းရန် လားလားမှပင် လက်မတွန့်ခဲ့သူများအဖို့
ဒီကိစ္စမျိုးလောက်က ပြောနေစရာပင် လိုမည် မထင်ပေ။
အနှစ် ၃၀
လုံးလုံး ၎င်းတို့ဘက်မှ ရဲရဲတောက် အနစ်နာခံကာ မိခင်တစ်ယောက်လို ရပ်တည်ပေးခဲ့ရှာသည့်
ဒေါ်အောင်ဆန်းစုကြည်ကို မကူညီတဲ့အပြင် အတွင်းမှနေ၍ ဝန်ထုပ်ဝန်ပိုးဖြစ်အောင်
လုပ်မယ့်လူများနှင့် အရေးကိစ္စများကို သူမ နောက်ကျောတွင် တစ်လုံးတစ်စည်းတည်း
ရပ်တည်နေကြသော တိုင်းပြည်ကောင်းကျိုးကို လိုလားသည့် ပြည်သူတစ်ရပ်လုံးက ခါးသီးစွာ
ဆန့်ကျင်ကြမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည်
မိမိတို့အားလုံးထက် ပညာဉာဏ် အမျှော်အမြင်ကအစ နေရာတကာတွင် ကြီးရင့်သာလွန်နေသည်မှာ
မှန်သော်လည်း သူလည်းလေ လောကီ လူသားပေမို့ မိမိတို့ အားလုံးမှ ပြောသင့်သည်များကို
လိုသည်ဖြစ်စေ၊ မလိုသည် ဖြစ်စေ၊ အားလုံးက အပြုသဘောနဲ့ ထောက်ပြကြဖို့
အချိန်ရောက်နေပါပြီ။ ဤသို့ အပြုသဘောနဲ့ ထောက်ပြသည် မှန်သမျှကို ကျန်သူများကလည်း
သဘောပေါက် လက်ခံပေးဖို့လည်း လိုပါတယ်။ သူသိပါတယ်၊ တတ်ပါတယ် ပြောနေသူများက ကူညီရာ
မကျတဲ့အပြင် ဒုက္ခရောက်အောင် အကျိုးလိုလို့ ညောင်ရေသွန်းနေသူများ ဖြစ်တယ်လို့
ယူဆပါတယ်။
Photographer:
Lauren DeCicca
HSW
May 20 ·
Comments
Post a Comment