ယခုတလော စာချုပ်တခုခေတ်စားနေသည်။ မေတ္တာဖြင့်ပေးကမ်းခြင်းစာချုပ်တဲ့။ အမေက သားကိုပေးသည်။ အစ်ကိုက ညီကိုပေးသည်။ ဦးလေးက တူကိုပေးသည်။ ခယ်မက ခဲအိုကိုပေးသည်။ မြန်မာသည် မေတ္တာဖြင့် ပေးကမ်းရာတွင် နံပါတ်(၁) စွဲတော့မည်။ ကမ္ဘာပေါ်တွင် လှူဒါန်းပေးကမ်းမှု အရက်ရောဆုံးနိုင်ငံတွင် မြန်မာ သည် နံပါတ်(၁)ချိတ်ခဲ့ဖူးသည်ဆိုသကိုး။ ယခုဟာက ထိုသို့ဟုတ်မည်မထင်။ ကျွန်တော့်အသိ အခွန်ဦးစီး တယောက်ရှိသည်။ သူသည် နိုင်ငံ့ဝန်ထမ်းအဖြစ် အခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း အလွန် ကြွယ်ဝချမ်းသာလာသည်။ သူသည် တပ်မတော်မှ ဗိုလ်ကြီးရာထူးဖြင့် အနားယူခဲ့ပြီး ဤရာထူးသို့ ကူးပြောင်း ရောက်ရှိလာသူ ဖြစ်သည်။
တိုတိုပြောရလျှင် သူသည် ၀င်ငွေရလမ်းမဖော်ပြနိုင်သောနည်းဖြင့် ချမ်းသာလာ၏။ ချမ်းသာလာသောအခါ လူ့သဘာဝအတိုင်း သူရှာဖွေစုဆောင်းခဲ့သော ငွေမည်းများ၏နောင်ရေးကို စိုးရိမ်လာ၏။ ထို့ကြောင့် သူ၏တပည့်ဖြစ်သူကို အလုပ်မှထွက်ခိုင်းကာ လက်ဖက်ရည်ဆိုင်တဆိုင် အရင်းအနှီး မ,တည်ဖွင့် လှစ်ပေးသည်။ ထိုလက်ဖက်ရည်ဆိုင်သည် နေရာမကောင်းခြင်း၊ ဖျော်ဆရာကောင်းကောင်း မရှိခြင်း၊ စားဖွယ်စုံ မရခြင်း စသည့်အကြောင်းများကြောင့် သိပ်မရောင်းရ။ ကျီးနှင့်ဖုတ်ဖုတ်သာရှိသည်။ သို့သော် ကျွန်တော့် သူငယ်ချင်းကား အပြုံးမပျက်ဘဲ သူ့ဆိုင်ကို ဆက်ထွက်စေသည်။ သူ့တပည့်ကျော်အား တပတ်တခါ သူ့ထံသို့ လာစေပြီး လိုအပ်သောငွေကြေးကို လာယူစေသည်။ သူ့လက်ဖက်ရည်ဆိုင်သည် သိပ်မရောင်းရသော်လည်း ဂြိုဟ်တုစလောင်း၊ တီဗွီနှစ်လုံး၊ အသံချဲ့စက်၊ ရေခဲသေတ္တာ၊ ဂက်စ်မီးဖို၊ ဂက်စ်အိုးများအားလုံး ပြည့်ပြည့်စုံစုံ ထားပေးသည်။ လိုရင်းက ဤလက်ဖက်ရည်ဆိုင်မှဝင်ငွေများရကာ မြတ်စွန်းနေပါသည်ဟု သက်ဆိုင်ရာသို့ သတင်းလွှင့်ရန်သာဖြစ်သည်။ မြတ်သည်ဖြစ်စေ မမြတ်သည်ဖြစ်စေ သက်ဆိုင်ရာသို့ တင်ပြစရာဝင်ငွေရရာရ ကြောင်း လုပ်ငန်းတခုပြနိုင်ဖို့ အဓိကဖြစ်သည်။ သို့မှသာ အခွန်ဦးစီးမှူးရာထူးဖြင့် မတရားရယူထားသောဝင်ငွေ များကို စာရင်းပျောက်အင်းပျောက် ငွေမည်းကို ငွေဖြူလုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အနှီပုဂ္ဂိုလ်သည် အိမ် တလုံးကို သူ့အမေနာမည်ဖြင့် ၀ယ်လိုက်၏။ ထို့နောက် နှစ်အနည်းငယ်ကြာသောအခါ သူ့မိခင်က သူ့အား ထိုအိမ်ကိုအခမဲ့မေတ္တာဖြင့် ပေးကမ်းပါသည်ဟုဆိုကာ စာချုပ်စာတမ်းတခု ကောက်လုပ်လိုက်လေသည်။ လာဘ်စားထားသောငွေများနှင့် ၀ယ်ထားသောအိမ်တလုံးသည် ဤနည်းဖြင့် အမည်ပေါက်ဖြစ်သွားလေပြီ။ သက်ဆိုင်ရာမှလာစစ်လျှင် ၀ယ်သူမရှိသဖြင့် ပြုတ်မတတ်ဖြစ်နေသော လက်ဖက်ရည်ဆိုင်သည် ပဲရစ်မြို့လယ် ကောင်မှ ရတနာဆိုင်ကြီးသဖွယ် ၀င်ငွေကောင်းနေကြောင်း လီဆယ်ထွက်ဆိုမည်ဖြစ်သည်။ အိမ်ကတော့ အမွေရသလိုလို၊ မေတ္တာဖြင့် ပေးကမ်းခံရသလိုလိုလုပ်ချလိုက်မည်ဖြစ်သည်။
နောက်တယောက်လည်း အခွန်ဌာနမှပင် ဖြစ်သည်။ တပ်မှလာသူပင် ဖြစ်သည်။
ပြည်မြို့ဇာတိဖြစ်သည်။ ဘာတွေ ဘယ်လောက်ရသည်တော့မသိ၊ သူ့ပုံမှန်ဝင်ငွေကို
ဖုံးကွယ်ချင်သောအခါ စီးပွားရေးလုပ်ငန်းတခု ဟန်ပြလုပ်သည့်အနေဖြင့်
ဂျာနယ်တစောင်ထုတ်ဝေမည်ဆိုလာ၏။ ထိုသို့ဖြင့် ဂျာနယ်တစောင်ထွက်လာသည်။
ကျွန်တော့်ကို စာမူတောင်းသဖြင့် ရေးပေးလိုက်သည် ။ အယ်ဒီတာမှာလည်း
တပ်မှထွက်လာသော ကဗျာရူး စာရူးတယောက် ဖြစ်သည်။ သူတို့လုပ်ကိုင်နေသည်ကို
မြင်သည်နှင့် ဤဂျာနယ်သည် သက်ဆိုးရှည်မည့်ဂျာနယ် မဟုတ်။
မကြာမီပြုတ်တော့မည့်ဂျာနယ်ဆိုတာ ကျွန်တော်ရိပ်မိသည်။ သို့သော်
မျက်နှာနာရမည့်သူဖြစ်သဖြင့် သုံးလေးလ ကျွန်တော် စာမူရေးပေးလိုက်သည်။
ထုတ်ဝေသူငွေရှင် တပ်မတော်အငြိမ်းစားအခွန်ဦးစီးသည် စာပေ၀ါသနာပါသူမဟုတ်။
သူ့ကိုယ်စား ငွေကိုင်လုပ်နေသော သူ့ညီအရင်းဖြစ်သူသည်
ပြည်မြို့မှပင်ဖြစ်သော်လည်း စာပေနှင့်ဝေးပုံမှာ
ကိုယ့်မြို့မှစာရေးဆရာဖြစ်သော ကျွန်တော့်နာမည်ကိုပင် ကြားဖူးသူမဟုတ်။
ဖတ်ဖူးဖို့ကား ဝေလာဝေး။ အယ်ဒီတာချုပ်မှာလည်း အယ်ဒီတာလုပ်ဖူးသူမဟုတ်။
တပ်ထွက်အချင်းချင်းမို့ ဆွဲခန့်ခြင်းဖြစ်သည်။ ထုတ်ဝေသူ၏ရည်ရွယ်ချက်မှာ
ဖွင့်မပြောလည်း သိသာသည်။ ငွေမည်းများကို ဖြူဖို့ ၀င်ငွေရလမ်းရ ပေါက်တခုကို
ဖော်ပြခြင်းဖြစ်သည်။ ငွေဝင်လမ်းတခုကိုပြဖို့ အစိုးရကိုလိမ်ချင်သည်ဆိုလျှင်
စာအုပ်ထုတ်ဝေရေး လုပ်ငန်းသည် အကောင်းဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်
စောင်ရေတထောင်မကုန်သော ဂျာနယ်တစောင်သည် ၀င်ငွေကောင်းကြောင်း
အမြတ်ကောင်းကြောင်းပြချင်လျှင် စောင်ရေတသောင်းရောင်းရပါသည် ဟုပြောလည်း
(အတွင်းလူများမှလွဲ၍) မည်သူကမျှ သိမည်မဟုတ်၍ ဖြစ်သည်။ ဤနည်းဖြင့်
စာပေလောက၀ယ် ရှုံးသော်လည်း ပန်းပန်နေသော မဂ္ဂဇင်းများ၊ ဘယ်သူမှမဖတ်သော်လည်း
ပုံမှန်ထွက်နေနိုင်သော ဂျာနယ်များကို တွေ့မြင်နိုင်ကြမည်ဖြစ်သည်။ တလက်စတည်း
ဆက်စပ်စဉ်းစားသောအခါ မမြတ်သော်လည်း လုပ်နေသော လုပ်ငန်းများစွာ
မြန်မာနိုင်ငံတွင်ရှိနေကြောင်း သတိထားမိလာမည်ဖြစ်သည်။
လစဉ်ဆိုင်ခန်းငှားရမ်းခပင် တလ လျှင် သိန်းနှစ်ဆယ်၊ သုံးဆယ်ပေး၍
လုပ်နေနိုင်သော ပါချည်ပါချဲ့ အလုပ်ကလေးပေါင်းများစွာ၊ ဆိုင်ခန်းပေါင်း
များစွာသည် အမြတ်အစွန်းရရှိရေးကို မူတည်၍ လုပ်နေသည်ထက်၊
ငွေမည်းကိုငွေဖြူပြစရာ (လာဘ်စားထား သော၊ ခိုးထားသောငွေများကို
တရားဝင်အမြတ်ငွေအဖြစ် ပြစရာ) အလုပ်တခုရှိလျှင် ပြီးရောသဘောနှင့် ရောင်း
နေ၀ယ်နေ၊ လုပ်ငန်းလည်ပတ်နေကြတာတွေများလားဟု တွေးတောမိပါသည်။
ဒေါ်အောင်ဆန်းစုကြည်က နောက်တက်လာမည့် အစိုးရသည် သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ရ မည်။ အဂတိလိုက်စားမှုများဖြစ်လာလျှင် မိမိပါတီဝင်ပင်ဖြစ်စေကာမူ ထောင်ဝင်စာလိုက်တွေ့ရုံကလွဲ၍ အရေး မယူဘဲ နေမည်မဟုတ်ဟူသော သဘောမျိုးပြောသွားသောအခါ ယခင်အစိုးရအဆက်ဆက်လက်ထက်က ခိုးခဲ့၊ ၀ှက်ခဲ့၊ လာဘ်စားခဲ့ကြသူများ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ သူတို့ကံကောင်းသည်မှာ အစိုးရသစ် သည် နိုင်ငံတကာမှာလို ရွေးကောက်ပွဲ ပြီးပြီးချင်း ချက်ချင်းရောက်မလာ၊ သုံးလလောက်ကြာမှ လွှတ်တော် အသစ်ခေါ်မည်၊ အစိုးရဖွဲ့မည်၊ အာဏာလွှဲမည်ဆိုသဖြင့် သူတို့၏ ခိုးရာပါပစ္စည်းများ၊ လာဘ်စားထားသော ငွေထုပ်များကို ဖျောက်စရာ၊ ဖွက်စရာ အချိန်သုံးလရသွားခြင်းဖြစ်သည်။ NLD နိုင်ပြီး နောက်တနေ့တွင် စာရင်း စစ်နှင့် ချက်ချင်းဝင်စစ်လျှင် စားထားဝါးထားသော မြေပေါ်မြေအောက်ပစ္စည်းများအားလုံး ခိုးရာပါနှင့်တကွ ပက်ပင်းမိမည်ဖြစ်သည်။ ယခုတော့ နောက်ဆုံးသုံးလ သူခိုးဘ၀အဖြစ် အချိန်ရလိုက်သောကြောင့် အသက်ရှူ ပေါက်ချောင်သွားပြီး အားရအောင် မခိုးရသေးသူများကလည်း နေ့ဆိုင်းညဆိုင်းနှင့်ပို၍ ခိုးကြပြီး၊ ခိုးထားပြီးသား လူအများစုကလည်း ငွေမည်းများကိုဖျောက်ဖျက်ဖို့ အစွမ်းကုန် လုပ်လာကြတော့သည်။ ထိုအထဲတွင် စင်ကာပူ တွင် ကွန်ဒိုတိုက်ခန်းများ ၀ယ်ယူထားကြခြင်းလည်း ပါဝင်သည်။ တတ်နိုင်သူများက နယူးယောက်၊ လန်ဒန်၊ ဆစ်ဒနီတို့တွင် အိမ်များ၊ မြေများ ၀ယ်ထားကြသည်။ အချို့က စိန်များ၊ ပတ္တမြားများ၊ နီလာများကို ၀ယ်စုကြ သည်။ အချို့က တပည့်တပန်းများနာမည်ဖြင့် အိမ်ခြံမြေများဝယ်ကြသည်။ ၀ယ်ပြီးပြီးချင်းပင် ထိုတပည့်များက မေတ္တာဖြင့် ပေးကမ်းခြင်းဟူသောခေါင်းစဉ်ဖြင့် ဆရာအား ပြန်လည် ပေးအပ်သောစာချုပ်များကို ချုပ်ပေးကြရ သည်။ ထီဆိုင်များနှင့်ပေါင်းကာ သိန်းထောင်ချီသောထီဆုကြီးများ အမြတ်ပေးကာဝယ်ကြ၏။ ထို့နောက် ထီ ပေါက်၍ တိုက်ဆောက်ကြသည့်သဖွယ် လုပ်ကြပြန်၏။ ကျွန်တော့်အသိ မြို့နယ် ထွေ/အုပ်မှ အရာရှိတဦးဆို လျှင် သူတာဝန်ထမ်းဆောင်ချိန်အတွင်း ဟိုနယ်မြေသည်နယ်မြေမှရယူထားသော မြေကွက်ပင် စုစုပေါင်း ၃၇ ကွက်တိတိ သူ့လက်ထဲတွင်ရှိသည်ဟူ၏။ ထွေ/အုပ်ဟူသောအာဏာကို အသုံးပြုကာ မြေကွက်များကို ကိုယ် ကျိုးအတွက် နာမည်အမျိုးမျိုးဖြင့် ရယူထားခဲ့ခြင်းဖြစ်သည်။ ထိုသူသည် ခရိုင်အဆင့်အရာရှိတဦးသာ ရှိပါသေး သည်။ တိုင်းအဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဆိုလျှင်တော့ မည်မျှချမ်းသာကြွယ်ဝမည်ကို မှန်းဆ နိုင်ပါသည်။ ယခုတလောပေါ်ထွက်လာသော အခွန်ဦးစီးရုံးမှစာရေးကြီးအား လာဘ်ငွေသိန်းပေါင်း ၁၃၀၀ ယူမှုဖြင့် စစ်ဆေးနေသည့်သတင်းကို ကြားသောအခါ လူမသိသော၊ အဖြစ်အပျက်များ သိန်းနှင့်ချီရှိနေမည်ဟု နားလည်နိုင်ပါသည်။ ဤအဖြစ်အပျက်မျိုးသည် အခွန်ဦးစီးဌာနတခုသာမဟုတ် တရားသူကြီးများ၊ ဥပဒေအရာရှိ များ၊ ရဲအရာရှိကြီးများ၊ စည်ပင်အရာရှိများ၊ စီမံကိန်းများကို ကိုင်တွယ်ခွင့်ပြုစီမံရသူများ၊ ဌာနဆိုင်ရာအရာရှိကြီး များအားလုံး နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခြင်းဟု ပြောနိုင်ပါသည်။ မြန်မာနိုင်ငံဆင်းရဲသည့် အဓိက အကြောင်းမှာ ကြီးမားသောအကျင့်ပျက်ခြစားမှုကြောင့်ပင် ဖြစ်ပါသည်။ လာဘ်ပေးလာဘ်ယူမှုကို စစ်ဆေးရေး တခုလို နောက်တက်လာသည့် အစိုးရက ဆောင်ရွက်ပါမှသာ အကျင့်ပျက်ခြစားမှုများကို ဟန့်တားနိုင်မည်ဟု ဝေဖန်သူများက ဝေဖန်ကြပါသည်။
ထိုအချက်သည် မှန်ပေ၏။ မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့မှနယ်ထိန်း အားလုံးနီးပါးသည် လောင်းကစားဒိုင်များနှင့် ပတ်သက်မှုရှိနေကြသည်။ လောင်းကစားဒိုင်များ၊ သစ်မှောင်ခိုများ၊ ဥပဒေနှင့်မလွတ်ကင်းသော စီးပွားရေးလုပ် ငန်းလုပ်ကိုင်နေသူများ၏ တရားမ၀င်ပေးကမ်းမှုကို ရယူနေကြပါသည်။ ထို့ကြောင့် ထိုဒုစရိုက်လုပ်ငန်းများသည် မည်သည့်အခါမှ လုံးဝကင်းစင်သွားမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။
ယခင်က ဌာနဆိုင်ရာများ၊ အဂတိလိုက်စားသူများသည် စသုံးလုံး (ခေါ်) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (Bureau of Special Investigation) ကို ထိတ်လန့်ကြသည်။ ဌာနတခုတွင် B.S.I ၀င်ပြီဆိုသည်နှင့်တုန်လှုပ် ကြသည်။ ထိုသို့ ထိတ်လန့်ကြအောင်လည်း စသုံးလုံးသည် သမ္မတတိုက်ရိုက်အုပ်ချုပ်ကွပ်ကဲမှုအောက်တွင် ရှိသည်။ မည်သည့်ဝန်ကြီးဌာနကိုမဆို စုံစမ်းစစ်ဆေးခွင့်ရှိသည်။ မည်သည့်ရာထူးကြီးသူကိုမဆို စုံစမ်းမေးမြန်း ခွင့်ရှိသည်။ တွေ့ရှိချက်ကို သမ္မတအားတင်ပြပြီး အရေးယူမှုကို ချက်ချင်းဆောင်ရွက်သည်။ ထို့ကြောင့် မဆလ ခေတ်တွင် လာဘ်စားမှု၊ အဂတိလိုက်စားမှုအချို့ရှိသော်လည်း ယခုခေတ်ကဲ့သို့ ရုပ်ပျက်ဆင်းပျက် လွန်လွန်ကဲ ကဲ အကျင့်ပျက်ခြစားမှုများမရှိခဲ့ပေ။
သို့သော် ၁၉၈၈ မှစကာ တပ်မတော်ထောက်လှမ်းရေး၏အာဏာစက်၊ လွန်မင်းစွာချဲ့ထွင်လာခြင်း၏ ရလဒ် အဖြစ် သမ္မတကွပ်ကဲမှုအောက်တွင် တိုက်ရိုက်တည်ရှိခဲ့သော စသုံးလုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီး၏ လက် အောက်သို့ ပို့ပစ်လိုက်သည်။ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးအောက်တွင် ရဲတပ်ဖွဲ့ရော၊ စသုံးလုံးရောအတူရော ၍ တည်ရှိသွားသည်ဖြစ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ကြီး၏အာဏာမှာ ကျဆင်းသွားခဲ့ပြီး ရဲနှင့် စသုံးလုံးမှာ အတူတူလိုဖြစ်သွားခဲ့သည်။ ၁၉၈၈ နောက်ပိုင်းတွင် စသုံးလုံး (B.S.I) ဖော်ထုတ်သဖြင့် ပေါ်ပေါက် လာသော အဂတိလိုက်စားမှုများ ပြစရာအမှုကြီးတမှုမှ မရှိတော့ပေ။ ဗိုလ်ချုပ်ခင်ညွန့်ကို ပြုတ်ကျစေခဲ့သော နာမည်ကျော် မူဆယ်နယ်စပ် လာဘ်စားမှုကြီးများမှာ သူတို့အချင်းချင်းအဝေမတည့်သဖြင့် စစ်တိုင်းမှူးများ ထံတိုင်ကြားရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခင်က အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် မူလနေရာက ပါဝင်ခဲ့သော စသုံးလုံးအဖွဲ့မှာ ယခုအခါအသက်မရှိတော့သော စက္ကူကျားတကောင် ဖြစ်နေချေပေပြီ။ နောက် တက်လာသော အစိုးရသည် စင်ကာပူကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး (Anti Corruption Unit) ကို ထိထိရောက်ရောက် ဖွဲ့စည်းချင်သည်ဆိုလျှင် ပြည်ထဲရေးလက်အောက်ခံ BSI အစား သမ္မတကတိုက်ရိုက်အုပ် ချုပ်သော ယခင်ပုံစံကို ပြန်လည်ထူထောင်ရမည်ဖြစ်သည်။ စင်ကာပူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့သည် မသင်္ကာသော လူပုဂ္ဂိုလ်အားလုံးကို အတားအဆီးမရှိ စာရင်းစစ်ဆေးခွင့်အာဏာ၊ ငွေပေးငွေယူအလွှဲ အပြောင်း၊ အ၀င်အထွက်များ ကြည့်ရှုခွင့်အာဏာ၊ တရားစွဲပိုင်ခွင့်အာဏာရှိသကဲ့သို့ အသစ်တက်လာမည့် အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့သည် လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိဖို့လိုအပ်မည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံသည် အစိုးရဟောင်းနှင့် အစိုးရအသစ်ကြားတွင် စပ်ကူးမပ်ကူးကာလအဖြစ် အာဏာ လစ်ဟာမှုကြီး (Power Vacuum) ဖြစ်နေပေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အားနည်းချက်ကြောင့် ရွေးကောက်ပွဲကျင်းပသောနေ့နှင့် အာဏာလွှဲပြောင်းမှုကို မလိုအပ်ဘဲ အနည်းဆုံးရက်ပေါင်းကိုးဆယ်ခွာထား မှု၏ ဘေးထွက်ဆိုးကျိုးများအဖြစ် အဂတိလိုက်စားသော အစိုးရအရာရှိများ မသမာမှုပြုလုပ်ရန် ရက်ကိုးဆယ် သတ်မှတ်ခွင့်ပြုပေးလိုက်သလိုရှိသည်။ ထိုရက်ကိုးဆယ်အတွင်း ဖားကန့်ကျောက်တွင်းတွင် ဝေသာလီပြည် ဘီလူးစီးသလို ကျောက်များကို လောဘဇောတိုက်ကာ အငမ်းမရတူးဖော်ကြသည်။ ၀င်လာထွက်လာ အသုံးပြု လာသော စက်ယန္တရားများ၊ ယာဉ်များမှာ တာဝန်ရှိဝန်ကြီး ဌာနပင်မသိဘဲ ၀င်တူးနေကြောင်း ပေါ်လာကြသည်။ ဖားကန့်ဒေသသို့ ယာဉ်ယန္တရားများ တင်သွင်းလာမှုမှာ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုမိန့်ဖြင့် သွင်းခဲ့ခြင်း ဟုတ်မဟုတ် ကွင်းဆင်းစစ်ဆေးမည့်အပြင် ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ယာဉ်ယန္တရား များ တင်သွင်းခွင့်ကိုလည်း ခတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထား သည်။ အံ့သြစရာကောင်းသည်မှာ အစိုးရသက်တမ်းငါးနှစ်အတွင်း ထိုသို့ ပွင့်လင်းမြင်သာသော အရေးယူ ဆောင်ရွက်မှု ဘာတခုမှမရှိခဲ့ဘဲ Global Witness အပါအ၀င် NLD နှင့်အတိုက်အခံများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်သူများက ထောက်ပြဝေဖန်လာကာမှ ဤသို့ စုံစမ်းစစ်ဆေးမည်ဟူသော အသံလေးမဖြစ်စလောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဤကိစ္စသည် ရွှေသမင်ဘယ်ကထွက်သည်ဟု ရေဆုံးရေဖျားခုံရုံးဖွဲ့ပြီး လိုက်ရမည့်ကိစ္စ ဖြစ်သည်။ ထိုကိစ္စ များအား သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ စီးပွားကူးသန်းဝန်ကြီးဌာန၀န်ကြီးတို့ တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်။ မည်သူ့ကိုမည်မျှဖြင့် လုပ်ကွက်ပါမစ်ချထားပေးခဲ့သည်။ ဘယ်လုပ်ကွက် သည် ဘယ်ကုမ္ပဏီတွေပိုင်သည်။ ဘယ်လောက်ထုတ်လုပ်၍ နိုင်ငံတော်သို့ ဘယ်လောက်အခွန်ဆောင်သည်။ နိုင်ငံခြားသားများ ပါဝင်ပတ်သက်မှုမည်မျှရှိသည်။ ခွင့်ပြုပမာဏထက် ပိုလုပ်သည်မလုပ်သည်။ စည်းကမ်း သတ်မှတ်ချက်များကို မည်သို့ဖောက်ဖျက်သည် စသည်တို့ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရမည်ဖြစ် သည်။ ကျောက်စိမ်းမှရသော အကျိုးအမြတ်ကို ရယူခံစားနေသူများတွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ ပါဝင်နေပါကလည်း ထင်ထင်ရှားရှားထုတ်ဖော်ဖြေရှင်းရမည်ဖြစ်သည်။ လက်နက်ကိုင်တပ်ဖွဲ့၏ ခေါင်းဆောင် အချို့သည် မိမိကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်သယံဇာတများလောင်မီးကျစေပြီး ပြည်တွင်းစစ်ကို ရှည်ကြာ စေမည်ဆိုပါက မဖြစ်သင့်သောကိစ္စဖြစ်သည်။ နိုင်ငံတော်၏သယံဇာတများသည် လူတစုအတွက်မဟုတ် မြန်မာ နိုင်ငံသားအားလုံးနှင့်ဆိုင်သော ဘုံအကျိုးစီးပွာဖြစ်သည်။ မည်သူတွေသည် ထိုကျောက်စိမ်းလုပ်ငန်းမှ သဘာဝ မကျသော ၀င်ငွေများရသွားသည်ကို စုံစမ်းစစ်ဆေးရေးဝင်ရမည်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံဝယ် အချို့က ခရိုနီများ၏ဘေးအန္တရာယ်ကို လူတွေက ထောက်ပြဝေဖန်နေကြသည်။ ခရိုနီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၀င်ရောက်စည်းရုံးပူးပေါင်းနေသည်ဟု ပြောကြသည်။ လွှတ်တော်အမတ်စွမ်းရည်မြင့်သင်တန်းကို နေပြည်တော်ရှိ ဦးတေဇပိုင် ရွှေစံအိမ်ဟိုတယ်တွင် ပို့ချခဲ့တာလည်း ဝေဖန်မှုကရှိလာသည်။ ကျွန်တော့်အမြင်ပြောရလျှင် ခရိုနီများသည် ကိုင်တွယ်တတ်လျှင် တိုင်းပြည်အတွက် ပြဿနာမဟုတ်ပေ။ မြန်မာနိုင်ငံတွင် ထိတ်ထိတ်ကြဲခရိုနီများမှာ ဆယ်ဦးပင်ရှိသည်မဟုတ်။ သူတို့၏ စီးပွားရေး လုပ်ငန်းများ၊ ၀င်ငွေများ၊ ပိုင်ဆိုင်မှုများကို အချိန်မရွေးစစ်ဆေးလို့ရသည်။ ဥပဒေနှင့်အညီ ထိုက်သင့်သော ၀င်ငွေခွန်၊ ကုန်သွယ်ခွန်များ ကောက်ခံ၍ရသည်။ ထွက်ပြေးမည့်သူများမဟုတ်။ စာရင်းပျောက် အင်းပျောက် မဟုတ်။ ကိုယ့်ဘက်ကသာ လာဘ်မစားဘဲ ကိုင်တတ်တွယ်တတ်လျှင် ထိုသူများထံမှ နိုင်ငံတော်ဘဏ္ဍာထဲသို့ အခွန်ငွေများ ရလာနိုင်စရာရှိသည်။
ခရိုနီထက်ဆိုးသောသူများမှာ ၁၉၈၈ မှစကာ ယခု ၂၀၁၆ နှစ်ဆန်းချိန်အထိ ဌာနဆိုင်ရာများတွင် လစာဝင်ငွေ နှင့်မမျှအောင် ချမ်းသာခဲ့ကြသော၊ လာဘ်စားခဲ့ကြသော၊ နိုင်ငံဘဏ္ဍာကိုခိုးခဲ့ကြသော ၀န်ထမ်းများဖြစ်သည်။ ၀န်ထမ်းများဟုဆိုရာတွင် ၀န်ကြီးအဆင့်မှစကာ အောက်ဘက်လက်ထောက်၊ မန်နေဂျာ၊ စာရေးကြီးအထိ၊ တရားသူကြီးမှစကာ ရှေ့ဖတ်စာရေးအထိ ပါဝင်ပါသည်။ အနားယူသွားသူ၊ အလုပ်ထွက်သွားသူများလည်း ပါဝင်ပါသည်။ ထိုသူများသည် နယ်ပယ်အသီးသီးတွင် မတရားရှာဖွေစုဆောင်းထားသောငွေမည်းများကို ယခု အခါမြန်နှုန်းတင်၍ အမျိုးမျိုးကဲ့ခြင်း၊ ၀ှက်ခြင်း၊ အမည်ပြောင်းခြင်း၊ မေတ္တာဖြင့်ပေးကမ်းသယောင် စာချုပ်ချုပ် ခြင်း၊ ပြည်ပသို့ပို့ထားခြင်း၊ အခြားသူနာမည်ဖြင့် လွှဲပြောင်းခြင်း၊ စီးပွားရေးလုပ်ငန်းတို့မှ မြတ်စွန်းသယောင်ပြု ခြင်းတို့ကို ရေပက်မ၀င်အောင် ပြုလုပ်နေကြပြီဖြစ်သည်။ ခရိုနီများကို ပြည်သူလူထုသည် မြင်နိုင်သေး၏။ ဒါက ဦးတေဇပိုင်တဲ့ ဟိုတယ်၊ ဒါက ဦးအောင်ကိုဝင်းပိုင်တဲ့ဘဏ်၊ ဒါက ဦးဇော်ဇော်ပိုင်တဲ့ဆောက်လုပ်ရေး စသည်ဖြင့် မလွဲနိုင်အောင်ပြလို့ရ၏။ ထိုလုပ်ငန်းများကို ဥပဒေအတိုင်း အခွန်ကောက်လို့ရ၏။ နိုင်ငံအတွက် အကျိုးဖြစ်နိုင် သေး၏။ သို့သော် ခိုးထားသမျှကိုခြေရာဖျောက်ကာ လစ်တော့မည့် ဗျူရိုကရက်များ၊ ၀န်ထမ်းဆိုးများ၊ အလီ ဘာဘာများကိုမူ မည်သည့်အရပ်သို့လိုက်၍ အခွန်ကောက်ကြမလဲ။ မည်သည့်ခိုးဝှက်သူက မတရားယူထား ကြောင်းဝန်ခံကာ နိုင်ငံတော်သို့ ပြန်အပ်မည်နည်း။ မြင်ရသောခရိုနီကြီးတယောက် မြန်မာနိုင်ငံမှာရှိတိုင်း မမြင် နိုင်သော ဘီလျံနာပေါက်စ၀န်ထမ်းလူထွက် သူခိုးသူဌေးလေးများ မရေတွက်နိုင်အောင်ရှိ၏။ ထိုလူမျိုးအယောက် ငါးဆယ်ပေါင်းလိုက်လျှင် ခရိုနီဆိုသော ဦးတေဇတယောက်လောက်ထက် ပိုမိုချမ်းသာနိုင်ပါ၏။ ထိုသူမျိုး အယောက်ငါးရာပေါင်းလျှင် မြန်မာပြည်မှ ခရိုနီအားလုံးထက် ချမ်းသာပေလိမ့်မည်။ မြန်မာပြည်၌ ထိုသို့သော ခေတ်ပျက်သူဌေးများ များစွာရှိ၏။ ထိုသူများသည် အရိပ်မထွက်သောသူများဖြစ်သည်။ လာဘ်စားခဲ့သည်များ၊ နိုင်ငံ့ဘဏ္ဍာများကိုကျိတ်၍ သိုဝှက်ထားသောသူများဖြစ်သည်။ တိုင်းပြည်အတွက် ဘာအခွန်မှမဆောင်ခဲ့သူများ ဖြစ်သည်။ အလွန်ကြောက်စရာကောင်းသောတိုင်းပြည်ကို ဖျက်ဆီးပစ်မည့်ခြများဖြစ်သည်။
နောက်တက်လာမည့်အစိုးရသည် ထိုသူများကို ထိရောက်သော ဥပဒေလက်နက်ဖြင့် ပြင်းပြင်းထန်ထန် စုံစမ်း ထောက်လှမ်းကာ၊ မိုးအဆုံးမြေအဆုံးလိုက်စေချင်ပါ၏။ အချို့ကပြောကြသည်မှာ အမျိုးသားပြန်လည် သင့်မြတ် ရေးအတွက် ဒါတွေလုပ်နေလို့မဖြစ်ဘူးဟူသည့်သဘောမျိုး ပြော ကြပါသည်။ ကျွန်တော့်သဘောကတော့ အမျိုး သားရင်ကြားစေ့ရေး ဟူသည့်စကားသည် ရာဇ၀တ်ကောင်များကို လွှတ်ပေးဖို့မဟုတ်ပေ။ ခိုးဝှက်ခြင်း၊ကိုယ်ကျိုး အလွဲသုံးစားခြင်းဆိုသည်မှာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းမဟုတ်ပေ။ မည်သည့်ခေါင်းစဉ်အောက် ကပဲကြည့်ကြည့် လက်သင့်ခံနိုင်စရာမရှိသော ရာဇ၀တ်မှုသာဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးဟူသည်က သပ်သပ်၊ အဂတိလိုက်စားမှုကို ပြင်းပြင်းထန်ထန် နှိမ်နှင်းတာကသပ်သပ်ဆိုတာ အစိုးရသစ်သည် နားလည် ကျင့်သုံးမည်ဟု မျှော်လင့်ပါသည်။
သရ၀ဏ်(ပြည်)

Comments
Post a Comment