ဒေါ်လာဘီလီယံချီ လိမ်လည်ခဲ့သည့် တရုတ်ဘဏ္ဍာရေး ကုမ္ပဏီမှ “၀” တပ်ဖွဲ့ ထိန်းချုပ်ဒေသသို့ ငွေကြေးများ ပေးပို့ခဲ့
ဒေါ်လာဘီလီယံချီသည့် လိမ်လည်မှုတစ်ခုတွင် အဓိကနေရာမှာ ပါဝင်နေသည့် တရုတ်ဘဏ္ဍာရေး ကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် “၀” တပ်ဖွဲ့ ထိန်းချုပ်ဒေသသို့ ငွေကြေးများ ပေးပို့ခဲ့ကြောင်း ယုံကြည်ရသည်ဟု တရုတ်မီဒီယာများတွင် ဖော်ပြသည်။
အွန်လိုင်းတွင်
အသုံးပြုသူချင်း ငွေချေးနိုင်သည့် ၀န်ဆောင်မှုဖြစ်သော Ezubo ၏ လိမ်လည်မှုတွင်
ပါဝင်ပတ်သက်မှုဖြင့် လူ ၂၁ ဦးကို ဖမ်းဆီးထားသည်ဟု တရုတ်နိုင်ငံပိုင်
ဆင်ဟွာ သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ Ezubo သည် အသုံးပြုသူ
တစ်သန်းနီးပါးထံမှ ငွေကြေး ယွမ် ၅၀ ဘီလီယံ (ဒေါ်လာ ၇.၆ ဘီလီယံခန့်)
လိမ်လည်ခဲ့ပြီး တရားမ၀င် လက်နက်များလည်း ပိုင်ဆိုင်ထားသည်ဟု အာဏာပိုင်များက
စွပ်စွဲထားသည်။
ဖမ်းဆီးခံရသူများတွင် Ezubo ၏ မိခင်ကုမ္ပဏီ ယူချန်ဂရု၏ ဥက္ကဋ္ဌ ဒင်နင်လည်း ပါဝင်သည်။ စိုင်ဆန်အွန်လိုင်း သတင်းဌာန၏ ဖော်ပြချက်အရ ဒင်နင်သည် တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံသား ခံယူထားသူ ဖြစ်သည်ဟုဆိုသည်။ ဒီဇင်ဘာလအတွင်းတွင် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို အစိုးရက ထိန်းချုပ်ခဲ့ပြီး ဒင်နင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးခံရပြီးနောက် Ezubo တွင် ငွေကြေးရင်းနှီး မြှုပ်နှံထားသူများက ဘေဂျင်းမြို့ရှိ ကုမ္ပဏီရုံးခန်းရှေ့တွင် ဒေါသတကြီး ဆန္ဒပြခဲ့ကြသည်။
ဒင်နင်သည် ကုမ္ပဏီပိုင်ငွေများထဲမှ ယွမ် ၁.၅ ဘီလီယံကို အလွဲသုံးစား ပြုလုပ်ခဲ့ပြီး အများစုမှ Ezubo မှ ငွေများဖြစ်သည်ဟု ၀န်ခံခဲ့ကြောင်း နိုင်ငံပိုင် တရုတ်စင်ထရယ်တီဗီက ထုတ်လွှင့်ခဲ့သည်။ ဒင်နင်သည် Ezubo မှ ရရှိငွေ ယွမ် သန်း ၅၅၀ ကို သူ၏ ချစ်သူနှင့် ယူချန်ဂရု သဘာပတိ ချန်တို့အား ပေးခဲ့သည်ဟု ဆိုသည်။
“ပုဂ္ဂိုလ်ရေးအကြောင်းပြချက်များ” အရဟု ဖော်ပြထားသည့် ထိုပေးအပ်မှုများတွင် စင်ကာပူရှိ ယွမ် သန်း ၁၃၀ တန် နေအိမ်၊ ယွမ် ၁၂ သန်းတန် ပန်းရောင်စိန်လက်စွပ်၊ မြလည်ဆွဲနှင့် ဇိမ်ခံကားများ ပါဝင်သည်။
ယူချန်ဂရုနှင့် လုပ်ငန်းခွဲများသည် မြန်မာနိုင်ငံအတွင်း “၀“တပ်ဖွဲ့ ထိန်းချုပ်ထားရာ ဒေသသို့ ဒေါ်လာ ၁.၅ ဘီလီယံ လွှဲပြောင်းပေးပို့ ခဲ့သည်ဟု ယုံကြည်ရကြောင်း အမှုစစ်ဆေးနေသည့် ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။
“၀” ဒေသ မြို့တော် ပန်ဆန်းတွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန်နှင့် ဘဏ်တစ်ခု ဖွင့်လှစ်ရန်အတွက် ယူချန်က ဒေါ်လာ ၆.၁ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် “၀” ဒေသ အာဏာပိုင်များနှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ကုမ္ပဏီ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ယူချန်ဂရုသည် “၀” ဒေသတွင် ဘဏ်တစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်ဟု တရုတ်မီဒီယာများတွင် ဖော်ပြသည်။
KHTun
The Ladies News

Comments
Post a Comment