ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ် Photo: RFA |
မနေ့ကကျင်းပတဲ့ လွှတ်တော်ဆွေးနွေးပွဲအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ရဲ့ မေးမြန်းချက်ကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဖြေဆိုခဲ့တာဖြစ်ကြောင်း Eleven Media သတင်းကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖော်ပြပါတယ်။
ဒါ့ပြင် သေဒဏ်ချမှတ်ခံထားရသူ ၁၈၁ ဦးရှိတဲ့ထဲက ၂၀၁၂ ခုနှစ်မှာ ၃၃ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၇၁ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီးက လွှတ်တော် မှာ ပြောကြားခဲ့ပါတယ်။
အစိုးရသစ် ဖွဲ့ပြီးနောက် NLD (LA) အဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်ဝင်မည်ဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၅
အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရသစ် ဖွဲ့စည်းပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ဒေသတွင် အခြေစိုက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ (NLD-LA) အဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်လာမည်ဖြစ်ကြောင်း NLD-LA ဗဟိုတွဲဖက်အတွင်းရေးမှူး ရဲဘော် ထွန်းအောင်ကျော်က The Voice သို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးချုပ်တွင် ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် NLD-LA ဗဟိုဌာနချုပ် ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ဥက္ကဋ္ဌ အပါအဝင် အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ ပါပါတယ်၊ ပြည်တွင်းကို ပြန်လာဖို့ ဆွေးနွေးကြတာပါ၊ အဆင်ပြေပါတယ်၊ နိုင်ငံတကာက ဌာနခွဲတွေလည်း ပြန်လာဖို့ ရှိပါတယ်၊ အောင်မြင်မှု ရလဒ်တစ်ခုကို ရောက်နေတဲ့ အချိန်မှာ ကျွန်တော်တို့ အဝေးရောက် ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့သူတွေက မိခင် NLD နဲ့ ပြန်ပူးပေါင်းဖို့ လိုလာပါတယ်။ ဒါကြောင့် ဒီကို ပြန်ဝင်လာပြီးရင် NLD-LA ဆိုတဲ့ အမည်ကို ဖျက်သိမ်းဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ NLD-LA အဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်ဝင်လာရေးအတွက် NLD အစိုးရသစ်က မတရားအသင်း ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းရေး၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရေးနှင့် ပြည်ပရှိ အဖွဲ့ဝင်များကို ပြန်လာရေးအတွက် တရားဝင်ဖိတ်ခေါ်မှုများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ဒါတွေက အစိုးရဘက်က လုပ်ရမယ့် လုပ်ငန်းတွေပဲလေ။ တချို့ဝင်လာတဲ့ သူတွေက လက်ရှိလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မယ်၊ တချို့က နိုင်ငံခြားကနေ ကူညီကြမယ်ပေါ့၊ တချို့ကတော့ တိုင်းရင်းသား အရေးကိစ္စတွေမှာ ဝန်းရံပေးကြမယ်၊ ဧပြီ ဒါမဟုတ် မေလလောက်ကို ပြန်လာဖို့ မှန်းထားပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် NLD-LA ပြည်တွင်းသို့ ပြန်လာရေးအတွက် တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ရန် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် ဖေဖော်ဝါရီလအတွင်း ထပ်မံတွေ့ဆုံရန် ရှိကြောင်း NLD-LA ထံမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် တပ်မတော်အစိုးရက အာဏာလွှဲပြောင်းပေးခြင်း မပြုခဲ့ဘဲ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင် အများအပြားကို ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သောကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဟောင်း မာနယ်ပလောသို့ တိမ်းရှောင်လာသော NLD ပါတီဝင်များဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- လွတ်မြောက်နယ်မြေ (NLD-LA) ကို တည်ထောင်ခဲ့သည်။
NLD-LA အဖွဲ့ကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းရှိ NLD ပါတီ၏ မူဝါဒများကို အဝေးရောက်အဖြစ် ဆက်လက်ခံယူခဲ့ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးတို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
လက်ရှိတွင် NLD-LA ၏ နောက်ဆုံးအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာဝင်းနိုင်က တာဝန်ယူလျက်ရှိကာ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ မလေးရှား၊ နော်ဝေ၊ အမေရိကန်ပြည်ထောင်စု၊ နယ်သာလန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့တွင် ဌာနခွဲများ ဖွဲ့စည်းထားသည်။
ထို့အပြင် NLD-LA ၏ ဗဟိုဌာနချုပ်ကို မြန်မာ-ထိုင်းနယ်စပ်တွင် အခြေစိုက်ပြီး အဖွဲ့ဝင် စုစုပေါင်း တစ်ထောင်ကျော်ရှိကြောင်း NLD-LA ထံမှ သိရသည်။
NLD ပါတီ စတင်တည်ထောင်ချိန်က ဗဟိုဦးစီးအဖွဲ့ဝင်ဖြစ်သော NLD-LA ၏ ဥက္ကဋ္ဌဟောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဦးဝင်းခက်မှာမူ ပြီးခဲ့သည် ဒီဇင်ဘာလအတွင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ကွယ်လွန်ခဲ့သည်။

Comments
Post a Comment