၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွား ပေးရေး ဆန္ဒပြ တောင်းဆိုသော တကသ ကျောင်းသားခေါင်းဆောင် ၃ ဦးကို အင်းစိန်ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ကာ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားမှုတွင် တရားလို၏ သက်သေခံတင် သွင်းမှုအား ကျောင်းသား များ၏ ရှေ့နေက ကန့်ကွက်ခဲ့ကြောင်း
ဖမ်းဆီးခံ ကျောင်းသားများဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်က ဇန်န၀ါရီ ၁၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဇန်န၀ါရီ ၁၂ ရက်နေ့ ရုံးချိန်းတွင် တကသ ကျောင်းသားခေါင်းဆောင် ကိုနန်းလင်း၊ ကိုပိုင်ရဲသူနှင့် ကိုဇေယျာလွင် တို့၏အမှုနှင့် ပတ်သက်၍ တရားလိုဖြစ်သူ ပန်းဘဲတန်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအား ပြန်လည်စစ်ဆေးခဲ့ပြီး တရားလိုက တင်သွင်းသည့် သက်သေခံဓာတ်ပုံများ၊ စာ ရွက်စာတမ်း များအား ကျောင်းသား များ၏ ရှေ့နေက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
““တရားလိုကို ပြန်စစ်တယ်။ တရားသူကြီး အပြောင်းအလဲဖြစ်တာရယ်။ ပြီးတော့ ကိုနန်းလင်းကို နောက်မှ ဖမ်းမိတဲ့အတွက် အမှုကို ပြန်စစ်ရတာပေါ့။ တရားလိုက သက်သေခံတင်တာကိုလည်း ကန့်ကွက်စရာရှိတာ ကန့်ကွက်ပါတယ်။ သက်သေခံ ဓာတ်ပုံတွေက တရား လိုဦးဇော်လင်း ကိုယ်တိုင် ရိုက်ထားတာ မဟုတ်ဘူးလေ။ ဓာတ်ပုံတွေမှာ ဘယ်နေ့၊ ဘယ်အချိန်က ရိုက်တယ်ဆိုတဲ့ အထောက်အထားလည်း မပါဘူးလေ။ နောက်တစ်ခုက စာရွက်စာတမ်းတွေကို ကန့်ကွက်တယ်။ သူတင်ပြလာတဲ့ လက်ကမ်းစာစောင် က ကွန်ပျူတာနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ ဟာတွေ ဖြစ်တဲ့အတွက်ပါ။ တရားရုံးက ဒီသက်သေခံသွင်းတာ ကိုလက်ခံတယ်””ဟု ဖမ်းဆီးခံ ကျောင်းသားများဘက်မှ လိုက်ပါဆောင်ရွက် ပေးနေသော တရား လွှတ်တော်ရှေ့နေ ဦးနိုင်လင်းဇော်က ပြောသည်။
တကသ ကျောင်းသားခေါင်းဆောင် ကိုနန်းလင်း၊ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်တို့ အပါအ၀င် အဖွဲ့ဝင် ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်က ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးရှေ့မှ စတင်ကာ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအမှု၏ ရုံးချိန်းအား ဇန်န၀ါရီ ၂၆ ရက်နေ့သို့ ချိန်းဆိုထားသည်။
Comments
Post a Comment