ဇန်န၀ါရီ ၁
■ မိမိပိုင်တောင်ယာတွင် နေထိုင်သော်လည်း ကျူးကျော်ဟုဆိုကာ
နေပြည်တော်စည်ပင်သာယာ တရားရုံးက အသက် ၇၀ ကျော်အရွယ် တောင်သူဦးအောင်ဝင်းအား
ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်။မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီ
ပုဂ္ဂလိကဆေးရုံတွင် ကျွမ်းကျင်လက်မှတ်မရှိဘဲ ဆေးကုသခြင်း၊
လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ညစ်ညမ်းစာများ၊ ညစ်ညမ်းပုံများ
အသုံးပြုကြော်ငြာနေခြင်းတို့ကြောင့် ဆေးရုံပိုင်ရှင်နှင့်
ဗီဇာသက်တမ်းကုန်ဆုံးနေသည့် တရုတ်နိုင်ငံသားခြောက်ဦးကို ချမ်းအေးသာစံ
မြို့နယ်ရဲစခန်းတွင် အမှုဖွင့်
ဇန်န၀ါရီ ၆ ■ ကချင်ပြည်နယ် ဖားကန့်ဒေသရှိ မော်မောင်းဘွမ်ကျေးရွာ အနီးတွင် အမြင့်ပေ ၄၀၀ အထက်ရှိသည့် စွန့်ပစ်မြေစာပုံပြိုကျ၍ လူ ၁၀ ဦးခန့်ပျောက်ဆုံး။
ဇန်န၀ါရီ ၈ ■ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ်ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီအား စစ်တွေမြို့တွင် ဒေသခံများက စစ်တွေလေယာဉ်ကွင်းထွက်လမ်း၌ လမ်းပိတ်ဆို့ကာ ဆန္ဒပြ။
ဇန်န၀ါရီ ၁၅ ■ ဖားကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ် ထောင်ခန့်မှာ ဘုန်းတော်ကြီးကျောင်းနှင့် ဘုရားကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ကုမ္ပဏီအချို့လုပ်ငန်းရပ်ဆိုင်းထားရ။
ဇန်န၀ါရီ ၁၆ ။ မွန်ပြည်နယ် သထုံမြို့အနီးတွင် ၂၀၁၃ ခုနှစ် ဇွန် ၈ ရက်က ဖြစ်ပွားခဲ့သော ရာဇာမင်းခရီးသည်တင်ယာဉ်အား ဓားပြတိုက်သူခြောက်ဦးအနက် ငါးဦးကို သထုံခရိုင်တရားရုံးမှ သေဒဏ်နှင့် ကျန်တစ်ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်။
ဇန်န၀ါရီ ၁၉ ■ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရ။
ဇန်န၀ါရီ ၂၀ ■ ဇန်န၀ါရီ ၂၀ - အစိုးရအားရာဇသံပေးထားသည့် ရက် ၆၀ အလွန် တစ်နိုင်ငံလုံး ကျောင်းသားသပိတ်ဆင်နွှဲနိုင်ရန် အမျိုးသားပညာရေး ဥပဒေသပိတ်မှောက်စစ်ကြောင်းကို မန္တလေးမြို့ အိမ်တော်ရာဘုရားမှ စတင်ထွက်ခွာ။
ဇန်န၀ါရီ ၂၁ ■ ဧရာဝတီတိုင်း ဟင်္သာတမြို့လယ်ရှိ အကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးနှင့် အချုပ်သားတစ်ဦး ထွက်ပြေးမှုဖြစ်ပွား။ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိပြီး တောင်ငူခရိုင်တရားရုံးတွင် ဒုတိယခရိုင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးရွှေအား ပဲခူတိုင်းဒေသကြီး တောင်ငူမြို့ အမှတ် ၁ ရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တရားလိုပြုလုပ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် တိုင်ကြား။
ဇန်န၀ါရီ ၂၄ ■ နောင်ချိုမှ မန္တလေးဘက်သို့လာသည့် ကုန်တင်ကား ၁၇ စီး ပေါ်တွင် မီးဖို၊ တီဗွီ၊ အီးဗွီဒီ၊ ဒီဗွီဒီ၊ ဗီနိုင်းထုတ်စက်များ၊ ဟန်းဆက်များ၊ ဖောက်ခွဲရေးယမ်းအဖြစ် သုံးနိုင်သည့် အမိုးနီးယားနိုက်ထိရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများကို နောင်ချိုစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးရာတွင် ဒစ်ဂျစ်တယ် စနက်တံဂျပ်ဖာပေါင်း ၃၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိတစ်ဦး အဓိက ပါဝင်ပတ်သက်နေဟု တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား။
ဇန်န၀ါရီ ၂၅ ■ မန္တလေးနန်းတွင်း စစ်အကျဉ်းထောင်တွင် အစောင့်တပ်ကြပ်ကြီးကိုသတ်၍ ကျုံးရေပြင်ကိုဖြတ်ကူးကာ အကျဉ်းသားရှစ်ဦး ထောင်ဖောက်ထွက်ပြေး။ မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့နယ်ခွဲတွင် ပြည်သူ့စစ်ခေါင်းဆောင်ပြီး သယ်ဆောင်လာသည့် တရားမ၀င် ကျောက်စိမ်းကား ၁၀ စီးနှင့် လက်နက်များကို ဆင်ဘိုနယ်မြေ ခရလ (၁၄၁) မှ ဖမ်းဆီးရမိ။
**************************************************************************
ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁ ■ အာဏာပိုင်တို့၏ ဖိအားပေးမှုကြောင့် အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက်လမ်းလျှောက်ဆန္ဒပြနေသည့် ကျောင်းသားများသည် မကွေးတိုင်း ချောက်မြို့နယ် ဂွေးပင်ကျေးရွာအုပ်စု ထန်းခြောက်ပင် ရွာဦးကျောင်းမှ ရေနံချောင်းမြို့သို့ ပြောင်းရွှေ့စခန်းချ။
ဖေဖော်ဝါရီ ၂ ■ မိုးမိတ်မြို့နယ်တွင် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA ) တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ။
ဖေဖော်ဝါရီ ၃ ■ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်လျှက်ရှိသော ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းသည် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ ချီတက်။
ဖေဖော်ဝါရီ ၆ ■ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာအနီး ဂျိန်းဖောမြေသတ္တုတူးဖော်ရေးကုမ္ပဏီ၏ ရွှေသတ္တူတူးဖော်ရေး ဧက ၂၀ အတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား ၃၆ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခဲ့။
ဖေဖော်ဝါရီ ၇ ■ မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၎င်း၏မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် စတင်ကျင်းပ။
ဖေဖော်ဝါရီ ၁၃ ■ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့် အခမ်းအနားကို နတ်မောက်မြို့တွင်ကျင်းပခဲ့ပြီး ဗိုလ်ချုပ်နေအိမ် ပြတိုက်အတွင်း စိုက်ထူထားသည့် ဗိုလ်ချုပ်ရာပြည့် ကဗ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်ပေး။ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ဘက်ကမ်းနှင့် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ဘက်ကမ်းသို့ ပြေးဆွဲနေသည့် ကူးတို့စက်လှေတစ်စီး ည ၈ နာရီ အချိန်တွင် ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ပြီး အမျိုးသားခုနစ်ဦး သေဆုံး။ ကျောင်းသားသပိတ် စစ်ကြောင်းနှစ်ခုမှ ကြေညာချက် ထုတ်ပြန်။
ဖေဖော်ဝါရီ ၂၃ ■ လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံအတွက် စစ်ရေး တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့ရသည့် အရာရှိ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသည့် အခမ်းအနားကို လားရှိုးမြို့ မြို့ရှောင်လမ်း အနီး အညတရ စစ်သည်ဗိမာန်တွင် ကျင်းပ။ ကချင်ပြည်နယ် ၂၀၁၅ ခုနှစ် အဌမတန်း အစိုးရစစ် စာမေးပွဲတွင် သင်္ချာ၊ ပထ၀ီနှင့် သမိုင်းဘာသာရပ်များ မေးခွန်းပေါက်ကြားမှု ဖြစ်ပေါ်ခဲ့။
ဖေဖော်ဝါရီ ၂၄ ■ ၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်းက ဖြစ်ပွားခဲ့သော မန္တလေးဆူပူမှု ဖြစ်စဉ်မှ သေဆုံးခဲ့သူ ကိုထွန်းထွန်း၏ နာရေးတွင် အစ္စလာမ်ဘာသာ သုသာန်များကို မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို အလုပ်နှင့်ထောင်ဒဏ်များ အသီးသီးချမှတ်။
ဖေဖော်ဝါရီ ၂၅ ■ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ကြက်မွေးမြူဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေ ၁၅၀၀ နီးပါးနှင့် ငုံးကောင်ရေ တစ်သောင်းကျော် သေဆုံး။
ဖေဖော်ဝါရီ ၂၇ ■ မအူပင်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေး ၀န်ထမ်းများအတွက် လစာငွေများကို နံနက် ၁၀ နာရီခန့်တွင် မအူပင်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ထုတ်ယူရာ ယူဆောင်လာသည့် လစာငွေကျပ် သိန်းနှစ်ထောင်ကျော် အနက် ငါးထောင်ကျပ်တန် ငွေစက္ကူဆယ်ထုတ်တွင် စက္ကူအဖြူများပါ ရောနှောပါဝင်နေ။

မတ်
မတ် ၂ ■ စစ်ကိုင်းမြို့တွင် လူသတ်ကာ ကျောက်စိမ်းပစ္စည်းများ ခိုးယူထွက်ပြေးသွားသည့် အမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသား တစ်ဦးကို တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိ။
မတ် ၂ ■ ဒီမိုကရေစီ ပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းသည် လက်ပံတန်းမြို့ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းမှ ရန်ကုန်သို့ စတင်ချီတက်ရာ ရဲတပ်ဖွဲ့ဝင်များမှ တားဆီးထား။ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် ကျောင်းသားထု၏ တောင်းဆိုချက်များအား ထောက်ခံကြောင်းနှင့် အကြမ်းဖက် မဖြိုခွင်းရန် မန္တလေးမြို့ ကျုံးဘေးတွင် ဆန္ဒထုတ်ဖော်ရာမှ အာဏာပိုင် အဖွဲ့အစည်းများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွား။
မတ် ၆ ■ တရုတ်နိုင်ငံသားများဖြင့် တရားမ၀င် ဆေးကုသခဲ့သည့် မန္တလေးမြို့မှ တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် Great Wall ဦးတင်မောင် (ခ) လီဆန်ရှင်း၊ ဇနီးဒေါ်နန်းလှစိန်နှင့် တရုတ်နိုင်ငံသား ခြောက်ဦးကို ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ဖမ်းဝရမ်းထုတ်။
မတ် ၁၀ ■ ပဲခူတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် ပိတ်မိနေသည့် ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က မွန်းလွဲပိုင်းတွင် စတင်စီးနင်းခဲ့ပြီး လက်ပံတန်း ဒေသခံများ၊ ကျောင်းသားများ သာမက သတင်းရယူနေကြသည့် သတင်းမီဒီယာများမှ သတင်းထောက်များကိုပါ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကာ ကျောင်းသားများ အပါအ၀င် ၁၂၇ ဦးကို ရဲတပ်ဖွဲ့မှ အကြမ်းဖက် ဖမ်းဆီး။
မတ် ၁၁ ■ ကရင်ပြည်နယ် ကော့ကရိတ်မြို့ တောင်ဘက် မိဂသိမ်ကုန်ကြီး ကျောင်းအနီး လယ်ကွင်းတွင် DKBA ဗိုလ်မှူးစောဆန်းအောင် အဖွဲ့နှင့် ခမရ ၃၂၀ တပ်မတော်စစ်ကြောင်းတို့ ထိပ်တိုက် တွေဆုံမှု ဖြစ်ပွားခြင်းကြောင့် ဖောက်လုပ်ဆဲ အာရှလမ်းသစ်တွင် လုပ်ငန်းခွင်သုံး ကားများအပါအ၀င် ခရီးသည်တင်ယာဉ်များ သွားလာမှု ရပ်နားထားရ။
မတ် ၂ ■ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြေပုံမြို့သို့ ထွက်ခွာလာသော ပြည်တွင်းရေကြောင်းပိုင် အောင်တံခွန် (၃) ခရီးသည်တင် သင်္ဘောသည် ည ၇ နာရီကျော်ခန့်၌ ကျောက်ဖြူနှင့် မြေပုံအကြား နောင်တော်မြစ်ကို ဖြတ်ကူးစဉ် သင်္ဘောဦးပိုင်း ရေ၀င်ကာ နစ်မြုပ်မှုဖြစ်ပွား၊ ပြည်နယ် အစိုးရအဖွဲ့မှ နောက်ဆုံးထုတ်ပြန်သော စာရင်းမှာ သေဆုံးသူ ၆၂ ဦးအထိရှိ။
မတ် ၁၅ ■ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ရဲကင်းစခန်းတွင် နယ်ခြားစောင့် ရဲတစ်ဦး အရက်သေစာ သောက်စားမူးယစ်ကာ စခန်းရှိရဲဘော်များအား ပစ်ခတ်သဖြင့် နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ။
မတ် ၁၈ ■ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်ထုတ် မြန်မာပို့စ်ဂျာနယ် စာမျက်နှာ (၃) ကော်လံ (၁) ပါ "ပညာရည် နိမ့်ပါးမှုကြောင့် တပ်မတော်သားများ လွှတ်တော်တွင် ပါဝင်နေရခြင်းဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးမှဆို" သတင်းခေါင်းစဉ်နှင့် သတင်းအကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာပို့စ်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးသန်းထိုက်သူနှင့် ဒုသတင်းထောက်ချုပ် ဦးဆန်းမိုးထွန်းတို့အား ပုဒ်မ ၅၀၀ ဖြင့် မော်လမြိုင်မြို့နယ် တရာရုံးမှ မြို့နယ်တရားသူကြီး ဦးသန်းအောင်က အလုပ်မဲ့ထောင်ဒဏ် နှစ်လချမှတ်။
မတ် ၁၉ ■ မတ် ၁၉ - ကမ္ဘာတစ်ပတ် ပျံသန်းမည့် Solar Impulse 2 လေယာဉ် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး အများပြည်သူအား လေ့လာခွင့်ပြု။
မတ် ၂၃ ■ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကို ဆန္ဒထုတ်ဖော်သူ လေးဦးအား ချမ်းအေးသာစံမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့် အမြင့်ဆုံး ပြစ်ဒဏ် အလုပ်နှင့်ထောင်ဒဏ် ခြောက်လစီ ကျခံရန် အမိန့်ချမှတ်။
မတ် ၂၇ ■ သပိတ်မှောက် ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးခြင်အား ကန့်ကွက်ကြောင်း မြင်းခြံမြို့တွင် ဆန္ဒပြသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူ ငါးဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့။

ဧပြီ
ဧပြီ ၁ ■ White Card များကို လက်ခံစခန်းနေရာများ သတ်မှတ် လက်ခံခဲ့ရာ ပထမနေ့တွင် ရခိုင်ပြည်နယ်၌ လာရောက်အပ်နှံသူ ၁၀၇၁ ဦးရှိခဲ့။ လေပြင်းတိုက်ခတ်မှုကြောင့် ဗန်းမော်ခရိုင် မိုင်ဂျာယန် ဒေသရှိ အင်ခေါင်းပါ၊ ဘွမ်ဆစ်ပါ၊ လနဇွပ် ဒုက္ခသည် စခန်းများရှိ အိမ်ခြေ ၁၀၈ ကျော် ပျက်စီး။
ဧပြီ ၂ ■ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် ကိုမျိုးသူထွဋ်တို့အား ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ရုံးတင်သည့်နေ့မှာပင် ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသဖြင့် ပြည်မြို့နယ် ဒုတရားသူကြီးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလ အမိန့်ချမှတ်။
ဧပြီ ၄ ■ နိုင်ငံတော်အလံ ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးထားသူ မုံရွာနည်းပညာ တက္ကသိုလ်ကျောင်း မောင်စိုးလှိုင်နှင့် ရတနာပုံ တက္ကသိုလ်ကျောင်းသား မောင်ဇင်ကိုသန့်အား မြင်းခြံမြို့နယ် တရားရုံးတွင် တရားစွဲဆို။
ဧပြီ ၉ ■ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ဘဲ မြန်မာရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် တရားသူကြီး ဆုံးဖြတ်။
ဧပြီ ၂၃ ■ တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ကိုရဲကျော်သူအား ပန်းတောင်းမြို့နယ် တရားသူကြီးက ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ပြီး အဆိုပါ ပြစ်ဒဏ်မှာ ပြည်ခရိုင်အတွင်း အမြင့်ဆုံး ချမှတ်ခဲ့သည့် ပြစ်ဒဏ်ဖြစ်။
ဧပြီ ၂၆ ■ မွန်ပြည်နယ် ၀င်းစိန်တောရ ဆရာတော် ရန်ကုန်မြို့အာရှတော်ဝင် ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ဘ၀နတ်ထံ ပြန်လွန်တော်မူ။ ရန်ကုန်- မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၃၈နှင့် ၂၃၉ အကြားတွင် မန္တလာမင်း ခရီးသည်တင် ယာဉ်နှင့် ဟိုင်းလပ်ကားတိုက်မှုကြောင့် ရှစ်ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ။ ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ် ဆေးရုံတွင် ၀မ်းပျက်ရောဂါဖြင့် ဆေးဝါးကုသမှု ခံယူနေသည့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ဆေးထိုးအပြီးတွင် ခြေလက်များ ပြာနှမ်းကာ ပါးစပ်မှ အမြှုပ်ထွက်၍ သေဆုံးမှု ဖြစ်ပွား။

မေ
မေ ၄ ■ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တစ်ဖက်နိုင်ငံ အခြေစိုက် RNSC (Rohingya National Solidarity Council) ဘင်္ဂါလီ သောင်းကျန်းသူ အဖွဲ့နှင့် တပ်မတော် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွား။
မေ ၆ ■ ရတနာပုံတက္ကသိုလ် တကသဥက္ကဋ္ဌ နိုင်ရဲဝေနှင့် ကျောင်းသား ၃၆ ဦးအား စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် အမရပူရမြို့နယ် တရားရုံးမှ စတင်တရားစွဲဆို။
မေ ၂၁ ■ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၈ ဦး တင်ဆောင်လာသော စက်လှေတစ်စီးနှင့် စက်လှေအခွံ တစီးအား တပ်မတော် (ရေ) မှ မောင်တောမြို့နယ် သင်္ဘောကွေ့ရွာ အနောက်ဘက် ပင်လယ်ပြင်တွင် စစ်ဆေးတွေ့ရှိခဲ့။ တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု၊ ရေပူရွာတွင် တပ်မတော်မှ သိမ်းယူထားသောေ့မြများ ပြန်လည် စွန့်လွှတ်ပေးရန်အတွက် အသက် ၆၃ နှစ် အရွယ် တောင်သူဦးမြင့်အောင်သည် မိမိကိုယ်ကို မီးရှို့ပြီး ဆန္ဒပြ။
မေ ၂၂ ■ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အလုပ် အမှုဆောင်၊ ဧရာဝတီသပိတ် စစ်ကြောင်း ဦးဆောင်ကော်မတီဝင်၊ ပုသိမ်နည်းပညာ တက္ကသိုလ်မှ သရုပ်ပြဆရာ ဦးဝေယံအောင်အား ပုဒ်မ ၁၈ ဖြင့် တရားစွဲ ဆိုထားမှုအပေါ် ပုသိမ်မြို့နယ် တရားရုံးက ကိုးကြိမ်မြောက် ရုံးချိန်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ပြစ်ဒဏ်ကျခံစေရန် အမိန့်ချမှတ်။
မေ ၂၅ ■ ၂၀၁၄ ခုနှစ်အတွင်း မူးယစ်ဆေးပြား ၂၃၈၅၀၀၀ နှင့်အတူ ဖမ်းဆီးခံရသူ ၁၅ ဦးကို ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ ဥပဒေပုဒ်မ-၁၉ (က)။ ၂၀ (က)။၂၀ (ခ) ပုဒ်မ (၃) ခုဖြင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် (၃) ကြိမ် သီးခြားစီ ကျခံစေရန် ကော့သောင်းတရားရုံးက အမိန့်ချမှတ်။
မေ ၂၉ ■ ဖျာပုံမြို့နယ် သမိတ်ထော ကျေးရွာနှင့် ဒမင်းဆိပ်ကျေးရွာ အနီး ရေမိုင် ၃၀ ခန့်အကွာတွင် လမ်းမှားဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ကျား ၆၀၈ ဦး၊ မ ၇၄ ဦး၊ ကလေးငယ် ၄၅ ဦးကို စီးနင်းလာသည့် စက်လှေနှင့်တကွ တပ်မတော် ရေတပ်စခန်းမှ ဖမ်းဆီးရမိခဲ့။

ဇွန်
ဇွန် ၁ ■ မိုးကုတ်မြို့မှ ရေပူကျောင်း ဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများ ဖြို ဖျက်မှုဖြင့် ၀င်ရောက်ဖမ်းဆီးကာ လူဝတ်လဲ၍ အိုးဘိုထောင်သို့ ပို့ဆောင်။
ဇွန် ၂၀ ■ မန္တလေးမြို့ရှိ မင်္ဂလာမန္တလေး လုပ်ငန်းခွင် အတွင်းရှိ ဆောက်လုပ်ဆဲ ပူးလ်မန်းဟိုတယ် ငြမ်းပြိုကျမှု ဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိ။
ဇွန် ၂၃ ■ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ဘဲ တစ်စုံတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျိုက်မရောမြို့နယ် တရားသူကြီး ဦးသက်အောင်မှ အမိန့်ချမှတ်။
ဇွန် ၂၆ ■ ထားဝယ်ခရိုင် အနှံ့အပြားတွင် မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခဲ့မှုကြောင့် ထားဝယ်မြို့သို့ ဆက်သွယ်ထားသော အဝေးပြေးလမ်းပိုင်းများ ရေကျော်ခဲ့ပြီး ထားဝယ်-ရေး လမ်းပိုင်းရှိ မလွှဲတောင်ပေါ်တွင် တောင်ပြိုကြမှု ဖြစ်ပွားကာ ခရီးသွားလာမှု ပြတ်တောက်ခဲ့။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အမြွာညီအစ်ကို နှစ်ဦးထံမှ သေနတ်မျိုးစုံ ၃၂ လက် ဖမ်းဆီးရမိ။

ဇူလိုင်
ဇူလိုင် ၁ ■ တံတားဦးအ၀ိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ ခရီးသည် ခြောက်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည့် E-Lite ယာဉ်လိုင်းအား ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ် ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း။
ဇူလိုင် ၁၀ ■ လက်ပန်းတန်းမြို့တွင် ကျောင်းသားများအား ပိတ်ဆို့ထားသည့်အတွက် မိတ္ထီလာမြို့ အန္တကူရေလည် ဘုရားတွင် ဆုတောင်းပွဲပြုလုပ်သဖြင့် တရားစွဲဆိုခံရသော ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ဒေါ်မြင့်မြင့်အေး အပါအ၀င် သုံးဦးအား ပုဒ်မ (၁၈) ဖြင့် အလုပ်နှင့် ထောင်ဒဏ်လေးလ ကျခံစေရန် မိတ္ထီလာမြို့နယ် တရားရုံးမှ အမိန့်ချမှတ်။
ဇူလိုင် ၁၇ ■ ကချင်ပြည်နယ် မိုးကောင်းနှင့် ဖားကန့်ဒေသတို့တွင် ရေကြီးမှုများဖြစ်ပေါ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ကချင်ပြည်နယ်သို့ ဆက်သွယ်ရေးပြတ်တောက်။
ဇူလိုင် ၁၈ ■ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ ရပ်နား။
ဇူလိုင် ၂၀ ■ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် မကွေးတိုင်းအတွင်းမှ မုန်းချောင်း၊ မန်းချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်။ မင်းဘူး (စကု)၊ ငဖဲ၊ စေတုတ္တရာ၊ စလင်း၊ ပွင့်ဖြူမြို့များ အပါအ၀င် ကျေးရွာပေါင်း ၃၀၀ ကျော်မှ လူနှင့် တိရိစ္ဆာများ နေအိမ်များအား စွန့်ခွာကာ ရေဘေးလွတ်ရာ ပြေးရှောင်ခဲ့ရ။
ဇူလိုင် ၂၁ ■ ပြန်ကြားရေး ၀န်ကြီးဌာနမှ တရားလိုပြုလုပ်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲခံရသည့် မြန်မာသံတော်ဆင့် ဂျာနယ်မှ ၁၁ ဦးအနက် အယ်ဒီတာချုပ် ဦးကျော်စွာဝင်းနှင့် ဒုတိယအယ်ဒီတာချုပ် ကိုအံ့ခေါင်မင်းတို့ နှစ်ဦးအား ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းက အမြင့်ဆုံး ငွေဒဏ် ၁၀ သိန်းစီချမှတ်။
ဇူလိုင် ၂၂ ■ မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၅ ဦးအား တတိယအကြိမ်အဖြစ် တောင်ပြိုလက်ဝဲနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်း။ တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် မြစ်ကြီးနားကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး အများနှင့်ဆိုင်သော ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ (အပက ၃) ဖြင့် တရားစွဲဆိုထားသည့် တရုတ်နိုင်ငံသား ၁၅၅ အနက်မှ ၁၅၃ ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး အသက်မပြည်သေးသည့် ကလေးနှစ်ဦးကို ထောင်ဒဏ်ဆယ်နှစ်စီ အပြစ်ပေးခဲ့ကာ အမျိုးသမီးတစ်ဦးကိုလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထောင်ဒဏ် ပြစ်ဒဏ်များချမှတ်။
ဇူလိုင် ၂၉ ■ ဘူးသီးတောင်-မောင်တော မေယုတောင်ပေါ်ကားလမ်း မိုင်တိုင် အမှတ် ၈ မိုင်မှ ၈ မိုင် ၂ ဖာလုံ အထိ တောင်အက်ကြောင်းမှ မြေပြို ဆင်းခဲ့ကာ လမ်းပိတ်။
ကလေးလွင်ပြင်ဒေသတွင် ရေကြီးမှုဆက်လက်ဖြစ်ပွားနေပြီး ကလေးမြို့ မြို့ပေါ်ရပ်ကွက်များသို့ ရေစတင်ဝင်ရောက်လာပြီး စာသင်ကျောင်းများ ပိတ်ထားရ။ ဟားခါးမြို့တွင်လည်း မြေပြိုမှုကြောင့် အိမ် များဆက်လက်ဖျက်နေရပြီး မြေပြိုမှုပိုမိုဆိုးရွာလာ။
*********************************************************************
သြဂုတ်
သြဂုတ် ၂ ■ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ဟင်္သာတမြို့နယ်၌ ရပ်ကွက်။ကျေးရွာအုပ်စု ၂၀ ရှိ ရေကာတာ အပြင်ဘက်ကျေးရွာများတွင် ရေ၀င်ရောက်နေသဖြင့် ကယ်ဆယ်ရေးစခန်း ခုနစ်ခုအထိ ဖွင့်လှစ်ခဲ့ရ။
သြဂုတ် ၄ ■ ရေဘေးသင့်နေသည့် စေတုတ္တရာမြို့အတွင်းသို့ ကယ်ဆယ်ရေးအဖွဲ့များ စတင်ဝင်ရောက်နိုင်။
သြဂုတ် ၆ ■ မြစ်ရေကြီးမှုကြောင့် ဟင်္သာတခရိုင်၌ ကယ်ဆယ်ရေးစခန်း ၁၀၀ နီးပါးထိ ဖွင့်လှစ်ခဲ့ရပြီး ရေဘေးသင့်ဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိလာ။
သြဂုတ် ၁၀ ■ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅ မိုင်တွင် ရွှေလီဦးခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ရာမှ ခရီးသည် ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဦးခန့်ရှိခဲ့။
သြဂုတ် ၁၉ ■ တရားဝင်ခွင့်ပြုချက်မရှိဘဲ နေအိမ်၌တည်းခိုနေထိုင်နေသည့် တရုတ်နိုင်ငံသား ၁၂ ဦးအား ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် လ၀ကအက်ဥပဒေဖြင့် အမှုဖွင့်။
သြဂုတ် ၂၁ ■ မိတ္ထီလာခရိုင်အတွင်းသို့ တောဆင်ရိုင်းခြောက်ကောင် နယ်ကျော်ဝင်ရောက်လာခြင်းကြောင့် လိုက်လံစောင့်ကြည့်လျှက်ရှိ။
သြဂုတ် ၃၁ ■ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ မအူပင်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ ပန်းတနော်၊ ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့် စသည့် မြို့နယ် ၁၉ မြို့နယ်တွင် ရေဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရကာ အိမ်ထောင် စုပေါင်း ၁၁၉၈၁၃ စု ရေဘေးသင့်ခဲ့ရပြီး ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းပေါင်းများစွာ ဖွင့်လှစ်ခဲ့ရပြီး လယ်ယာမြေဧကပေါင်း ၃၀၈၈၄၂ ဧက ရေကြီးနစ်မြုပ်ခဲ့ရကာ တောင်သူအများစုမှာ လယ်ယာများ၊ သီးနှံများ ပျက်စီး ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရသည်။ ရေကြီးနစ်မြုပ်မှုကြောင့် ကျပ်သန်းပေါင်း ၁၈၆၇၁ ဒသမ ၂၇ သန်းဖိုး ဆုံးရှုံးခဲ့ရသည်။
******************************************************************
စက်တင်ဘာ
စက်တင်ဘာ ၉ ■ ပြည်မြို့တွင် ဒုတိယအကြိမ်အဖြစ် ဧရာဝတီမြစ်ရေ နှစ်ပေကျော် ပြန်လည်မြင့်တက်လာပြီး မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များ စတင်ရွှေ့ပြောင်းနေထိုင်ခဲ့ရ။ နေပြည်တော်ရှိ ရှေ့နေများက တရားရေးဌာနများသို့ တပ်မတော်မှအရာရှိများ ကူးပြောင်းခန့်အပ်ခြင်းကို ဆန့်ကျင်သည့် ဖဲကြိုး ၀ါလှုပ်ရှားမှုပြုလုပ်။
စက်တင်ဘာ ၁၁ ■ ဒုတိယအကြိမ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နှစ်ကြိမ်ဆက် ရေဘေးဒဏ်ခံခဲ့ရ။
စက်တင်ဘာ ၁၅ ■ ပြည်ခရိုင်အတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုများကြောင့် စာသင်ကျောင်း လေးဆယ်ကျော် ယာယီပိတ်ထားခဲ့ရ။
စက်တင်ဘာ ၂၃ ■ ထားဝယ်မြို့မှ မြောက်ဘက် မိုင် ၅၀ ကျော်ခန့် အကွာရှိ DELCO ကုမ္ပဏီ၏ သတ္တုမိုင်း စီမံကိန်းဧရိယာအတွင်း၌ ခဲသတ္တုများ သန့်စင်ရာမှ ထွက်ရှိလာသော နုန်းများသိုလှောင်သည့် ရေစစ်ကန်ကျိုးပေါက်ပြီး ပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ကန်အောက်ဘက်ရှိရပ်ကွက်များ၌ နုန်းရေများဖုံး လွှမ်းစီးဆင်းလာမှုကြောင့် နေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ အသက် ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံး။
************************************************************
အောက်တိုဘာ
အောက်တိုဘာ ၂ ■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်အရ NDAK ခေါင်းဆောင်ဦးဇခုန် တိန့်ယိန်းအား ပြစ်မှုသုံးခုဖြင့် အရေးယူနိုင်ကြောင်း ကချင်ပြည်နယ်မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် သတိပေးပြောကြား။
အောက်တိုဘာ ၃ ■ ဗဟိုအစိုးရ၏ ထိန်းချုပ်ကွပ်ကဲမှုရှိနေခြင်းကြောင့် ဖွံ့ဖြိုး မှုနောက်ကျနေခြင်းဖြစ်ပြီး မိမိအနေဖြင့်ဆိုလျှင် စင်္ကာပူလိုဖြစ်အောင် လုပ်ဆောင်ရန် မခဲယဉ်းကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်က ဟင်္သာတမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲ၌ ပြောကြား။
အောက်တိုဘာ ၆ ■ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အတက်လမ်းဘေးတွင် အမျိုးသားတစ်ဦးအလောင်းကို ခရီးဆောင်အိတ်ထဲထည့်ကာ စွန့်ပစ်မှုဖြစ်ပွား။
အောက်တိုဘာ ၉ ■ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ နိုင်ရဲဝေနှင့် ကျောင်းသားသုံးဦးအား ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်ခြောက်လချမှတ်။ ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင် ရှမ်းပြည် တပ်မတော် SSPP/SSA တပ်ဖွဲ့ရှိရာ ၀မ်ဟိုင်းဌာနချုပ် တပ်စခန်းကို ရွေ့ပြာင်းပေးရန်၊ မရွေ့ပြောင်းလျှင် တပ်မတော်မှ ၀င်ရောက်တိုက်ခိုက်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ကျေးရွာများ ရွာလုံးကျွတ်လိုက်ပြောင်း ရွှေ့မှုများရှိခဲ့
အောက်တိုဘာ ၁၁ ■ ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်း ဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မြေပြိုမှုများဖြစ်ပေါ်ကာ ဒေသခံလူမှုရေးအသင်းများ၏ စာရင်းအရ သေဆုံးသူ ၂၇ ဦး ပျောက်ဆုံးသူတစ်ဦးရှိကာ အိမ်အလုံး ၆၀ ပျက်စီးခဲ့။
အောက်တိုဘာ ၁၂ ■ မြန်မာမှ ကယ်ဆယ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၃ ဦးအား ၆ ကြိမ်မြောက်အဖြစ် လွှဲပြောင်း။
အောက်တိုဘာ ၁၄ ■ ပျော်ဘွယ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ပိတ်ဆို့တားဆီးကာ ပါတီဝင်များအား ရိုက်နှက်မှုဖြစ်ပွား။
အောက်တိုဘာ ၁၆ ■ ဒေါ်အောင်ဆန်းစုကြည် တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့တို့တွင် လူထုဟောပြောပွဲများ ပြုလုပ်။
အောက်တိုဘာ ၂၀ ■ ဗန်းမော်မြို့နယ်တွင် ကျပ်သိန်း ၂၀၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်ဆီးရမိ။ ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီလှည့်လည် အပူဇော်ခံရာတွင် ညောင်ရွှေ၌ သီတင်းသုံးနေခိုက် ရုပ်ပွားတော်လေးဆူအနက် နှစ်ဆူမှရွှေများ အခိုးခံခဲ့ရ။
အောက်တိုဘာ ၂၅ ■ တောင်ကြီးမြို့ လမ်းမတော်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှိ မြို့မအမှတ် (၁) ရဲစခန်းအနီး အောင်အောင်စတိုးရှေ့တွင် လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ကားလေးစီးနှင့် ဆိုင်ကယ်နှစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိ။
********************************************************
နိုဝင်ဘာ
နိုဝင်ဘာ ၁ ■ ကလေးဝမြို့နယ် ဂဇက်ကျေးရွာ၏ အထက်ဖက်ရှိ ချင်းတွင်း မြစ်အတွင်းမှ လောင်းဂရိတ်ဝဲတွင် မုံရွာ - ဟောင်ပါးဆန် ရှော်တယ်တစ်စင်း တိမ်းမှောက်ခဲ့ပြီး လူရေ ၃၀ နီးပါးခန့် ပျောက်ဆုံးနေပြီး အလောင်း ၄ လောင်း ပြန်လည်ရရှိကာ ခရီးသည် အယောက် ၃၀ ကျော်ခန့် ကယ်ဆယ်နိုင်ခဲ့။
နိုဝင်ဘာ ၁၅ ■ ကချင်ပြည်နယ် မိုးညှင်းမြို့အနီးတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လေကြောင်းအသုံးပြုတိုက်ခိုက် မှုများရှိခဲ့။
နိုဝင်ဘာ ၁၆ ■ စစ်တွေမြို့ ဓည၀တီရပ်ကွက်တွင် နေထိုင်သူ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းကျင့်မှုဖြင့် စွပ်စွဲခံထားရသူ ခမရ ၃၅၄ မှ တပ်သားနေ၀င်းအောင်အား စစ်ခုံရုံးမှ တပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ပြီးနောက် စစ်တွေခရိုင်တရားရုံးတွင် ထပ်မံတရားစွဲဆို။
နိုဝင်ဘာ ၁၉ ■ ပခုက္ကူ ကြက်သွန်နီဈေးကွက် တစ်ပိဿာ ၃၀၀၀ ကျပ်သို့ စတင်ရောက်ရှိ။ အင်အားအင်အား ၅ ဒသမ ၄ ရစ်ချက်စတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် မုံရွာခရိုင် ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ် အတွင်းရှိ ဘုရားစေတီများ အများဆုံးပြိုကျပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ လူနေအိမ်နှင့် ဌာနဆိုင်ရာရုံးအချို့ အနည်းငယ်ပျက်စီး။
နိုဝင်ဘာ ၂၁ ■ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုနှင့် ဆိမ်မူအုပ်စုကြားရှိ ဆန်ခတ်ကူးကျေးရွာအပိုင်းရှိ စွန်ပစ်မြေစာပုံပြိုကျရာ လူနှစ်ရာဝန်းကျင်း ပျောက်ဆုံးခဲ့သည်ဟု ဒေသခံများက ခန့်မှန်းနေကြသော်လည်း အလောင်း ၁၁၄ ဦး တူးဖော်ပြီးနောက်ပိုင်း ရှာဖွေမှုကို နိုင်ဝင်ဘာ ၂၅ ရက်တွင် ရပ်ဆိုင်းခဲ့။ သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာအနီးတွင် မြေအောက်ကေဘယ်လ်ကြိုး တပ်ဆင်ရန်အတွက် မြောင်းတူးဖော်ရာမှ ရွှေပါသည်ဟု ယူဆရသော ကျောက်တုံးများတွေ့ရှိ။
နိုဝင်ဘာ ၂၂ ■ ချင်းပြည်နယ် ဟားခါးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့။
**********************************************************
ဒီဇင်ဘာ
ဒီဇင်ဘာ ၆ ■ ၂၀၁၄ ခုနှစ်က သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး အတွက် စီတန်းလှည့်လည်ခဲ့သည့်ဟုဆိုကာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးအား စာပေဟောပြောပွဲအပြီးတွင် ဖမ်းဆီးကာ ပြင်ဦးလွင်မြို့နယ် တရားရုံး၌ တရားစွဲဆို။
ဒီဇင်ဘာ ၇ ■ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခုနစ်ကြိမ်လွှဲပြောင်းပြီးနောက် တောင်ပြိုလက်ဝဲယာယီစခန်းတွင် ကျန်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၈ ဦးလုံး ထွက်ပြေးသွားသဖြင့် ယာယီစခန်းအား ပိတ်သိမ်း။
ဒီဇင်ဘာ ၈ ■ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် စည်ပင်တရားသူကြီး ဒေါ်မိမိသန်းက စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် အသက် ၆၇ နှစ်အရွယ် ဦးချစ်အောင်နှင့် ကလေးငယ်လေးဦးဖခင် ဦးအောင်ဇော်မိုးတို့အား ထောင်ဒဏ်တစ်လစီချမှတ်။ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် စည်ပင်တရားသူကြီး ဒေါ်မိမိသန်းက စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် အသက် ၅၀ ကျော်အရွယ် ဒေါ်လှီ၊ ဦးလှမြင့်နှင့် ဦးကံလှတို့အား ထောင်ဒဏ်တစ်လစီချမှတ်။
ဒီဇင်ဘာ ၁၀ ■ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် စည်ပင်တရားသူကြီး ဒေါ်မိမိသန်းက စည်ပင်ဥပဒေပုဒ်မ ၂၇ ဖြင့် အသက် ၄၀နှစ်အရွယ် ကိုစိုးလှိုင်အား ငွေဒဏ် ၄၉သိန်း ဒဏ်ကြေးမဆောင်နိုင်သည့်အတွက် ထောင်ဒဏ်တစ်လ ချမှတ်။
ဒီဇင်ဘာ ၁၅ ■ မတ် ၄ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့မရဲစခန်းမှူးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သူ ရဲတပ်သားအား ရခိုင်ပြည်နယ် တရားလွှတ်တော်မှ သေဒဏ်ချမှတ်ခဲ့။
ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက် ချယ်ရီမေ ကာရာအိုကေဆိုင်တွင် နံနက် ၁ နာရီခန့် ၌ လူရှစ်ဦးက ရဲအုပ်သုံးဦးအား ဓားဖြင့် ခုတ်မှုဖြစ်ပွား။

Comments
Post a Comment