လိပ်ကျွန်းအမှု ဆန္ဒပြသူများကို မြန်မာအစိုးရ တားဆီးပေးရန် ထိုင်းတောင်းဆို ဆန္ဒပြမှု ဦးဆောင်သူများကို ဖော်ထုတ် ဖမ်းဆီးသွားမည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ခြိမ်းခြောက်
ဒီဇင်ဘာ ၂၄ ရက်တွင် ဗြိတိန်နိုင်ငံသားခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် မြန်မာလူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ၊ ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ခဲ့ရာ အဆိုပါ စီရင်ချက်ကို မြန်မာနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းနှင့်မြန်မာနယ်ခြားရှိ ကန်ချာဘူရီတွင် အဆိုပါ စီရင်ချက်အပေါ် ဆန္ဒပြမှုများ ပေါ်ပေါက်လာရာ ယင်းတို့ကို ထိန်းသိမ်းပေးရန် ထိုင်းဖက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့မှ အစပြုသည့် ဆန္ဒပြမှုများသည် နယ်စပ်ဒေသထိ ပျံ့နှံ့လာသည့်အပေါ် မြန်မာအစိုးရက တားဆီးပေးစေလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်က ပြောကြားခဲ့သည်။ မြန်မာ့တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူသတ်မှုနှင့် ပတ်သက်၍ ပြန်လည်စစ်ဆေးသုံးသပ်ပေးရန် တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ဒွန်က ယင်းအမှုကို ဆက်လက်၍ အယူခံဝင်ခွင့်ပေးထားပြီးဖြစ်ကြောင်း တုံ့ပြန်မှတ်ချက်ပေးခဲ့သည်။
“ကန်ချာဘူရီမှာ ဆန္ဒပြကြတဲ့ လူအရေအတွက်က အများကြီးပဲ။ သူတို့ တစ်ယောက်ချင်းစီရဲ့ ရည်ရွယ်ချက်အမှန်ကို အတိအကျ မသိနိုင်ဘူး။ တချို့တွေက မူမမှန်တဲ့ အခြေအနေမျိုးနဲ့ စုစည်းထားတယ်လို့ ယုံကြည်ရတယ်”ဟုလည်း ဒွန်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထိုင်းတွင် စစ်တပ်က အာဏာသိမ်းယူထားပြီးနောက် ဆန္ဒပြမှုများကို ထိထိရောက်ရောက် တားဆီးပိတ်ပင်ထားရာ မြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုများက ထိုင်းနိုင်ငံသားများအပေါ် လွှမ်းမိုးသက်ရောက်လာမည်ကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်သည့် ထိုင်းအစိုးရက အထူးတလည် စိုးရိမ်နေသည်။
ကန်ချာဘူရီရှိ ဘုရားသုံးဆူတောင်ကြားတွင် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်း၌ စတင်ဆန္ဒပြခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်ကလည်း အလားတူ စုရုံးဆန္ဒပြမှုတစ်ကြိမ် ပြုလုပ်ခဲ့သေးသည်။ ဒီဇင်ဘာ ၂၈ ရက် ဆန္ဒပြမှုတွင် ဒေသအာဏာပိုင်များနှင့် ညှိနှိုင်းကာ အမှုအပေါ် စစ်ဆေးခဲ့သည်များကို ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုပြီးနောက် ဆန္ဒပြသူများလူစုခွဲခဲ့ကြသည်။
ထိုင်းဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝမ်ဆူဝန်က အဆိုပါဆန္ဒပြမှုများသည် မိမိတို့အစိုးရအတွက် ပြဿနာများ ပေါ်ပေါက်
လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေမှုအဖြစ် စွပ်စွဲကာ ဆန္ဒပြရန် ဦးဆောင်သူများကို ဖော်ထုတ်ဖမ်းဆီးသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
“တရားဥပဒေအရ စီရင်ဆုံးဖြတ်မှုကို ဆန့်ကျင်ဆန္ဒပြဖို့ ဦးဆောင်လှုံ့ဆော်နေတာ ဘယ်သူတွေလဲလို့ ကျွန်တော်အသေအချာ သိချင်တယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေ အတွက်ပါ။ အခု ရဲတွေက စပြီးစုံစမ်းစစ်ဆေးနေပြီ။ ပါဝင်ပတ်သက်တဲ့ သူတွေအနေနဲ့ ဒီအခြေအနေကို လက်ခံရင်ဆိုင်ရမှာပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။
၎င်းက အမှုအပေါ် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးခဲ့မှုများကို ပြန်လည် သုံးသပ်စရာမလိုကြောင်း ထပ်မံအတည်ပြု ပြောဆိုခဲ့ပြီး ယခုဖြစ်စဉ်မျိုးအတွက် အယူခံရုံးတွင် အယူခံဝင် ဖြေရှင်းရန် လမ်းဖွင့်ပေးထားကြောင်း မှတ်ချက်ပေးသွားသည်။
Comments
Post a Comment