ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လျှပ်စစ်ဝန် ကြီးဟောင်း ဦးခင်မောင်စိုးအပါ အ၀င် ကန့်ကွက်လွှာတင်ထား သည့် အမှုသုံးခုကို ပြန်လည်ကန့် ကွက်လွှာတင်သွင်းခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ပြည်သူ၊ တိုင်းဒေသကြီး(၁) (၂) လွှတ်တော်မဲဆန္ဒနယ် သုံးခုစလုံးတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း များက ဒီချုပ်ရွေးကောက်ခံ အနိုင်ရကိုယ်စားလှယ်လောင်းသုံးဦးစလုံးကို ရွေးကောက်ပွဲကန့်ကွက် လွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကန့်ကွက်လွှာများ ကို ဒီဇင်ဘာ ၃၀ ရက်တွင် စတင် စစ်ဆေးခဲ့ပြီး ယင်းစစ်ဆေးသည့် နေ့မှာပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရကိုယ်စားလှယ် လောင်းများက ပြန်လည်ကန့်ကွက်လွှာများ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
လှည်းကူးမြို့နယ်တွင် ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ပြည်ခိုင်ဖြိုး ပါတီမှ ဦးခင်မောင်စိုးက ဒီချုပ်အ နိုင်ရကိုယ်စားလှယ်လောင်း ဦးသိန်းတန်ကိုလည်းကောင်း၊ တိုင်းဒေသ ကြီးလွှတ်တော်(၁)ပြည်ခိုင်ဖြိုး ပါတီမှ ဦးနိုင်ဝင်းက ဒီချုပ်မှ အနိုင်ရကိုယ်စားလှယ် လောင်း ဒေါ်မြတ် မာလာထွန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး(၂)ပြည်ခိုင်ဖြိုးမှ ဒေါက်တာအောင်မြတ်သူက ဒီချုပ်မှ ဦးဖြိုးမင်းသိန်းကို လည်းကောင်း ကန့်ကွက်လွှာများ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
‘‘တစ်မြို့နယ်လုံးမှာရှိတဲ့ ကိုယ်စားလှယ်သုံးယောက်စလုံး ကန့်ကွက်ခံရတာပါ။ ကျွန်တော် တို့ကို ကန့်ကွက်ခံရတဲ့ အကြောင်းအရာကတော့ ရွေးကောက်ပွဲကာ လမှာ ပြောဆိုခဲ့တဲ့ အကြောင်း အရာတွေပေါ့။ အဲဒီပြောဆိုတာတွေအတွက် ကျွန်တော်တို့မှာ ခိုင်မာတဲ့သက်သေတွေ ရှိပါတယ်’’ ဟု၂၀၁၅ အထွေထွေရွေး ကောက်ပွဲ လှည်းကူးမြို့နယ် တိုင်းဒေသကြီး(၂)တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
‘‘ကန့်ကွက်လွှာတင်တယ်။ တစ်ဖက်က ပြန်လည်ကန့်ကွက် လွှာတင်တယ်။ အမှုကို ၁၅ ရက်နေပြန်ချိန်းထားတယ်’’ဟု ယင်းကန့် ကွက်လွှာ အမှုများကို စစ်ဆေး သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးညွန့်တင်က ပြောသည်။
ကန့်ကွက်လွှာများ စစ်ဆေးရာတွင် ကန့်ကွက်သည့် ကိုယ်စားလှယ်လောင်း လျှပ်စစ်ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်မောင်စိုးကိုယ်တိုင် လာရောက်ခြင်း မရှိဘဲ ၎င်းကိုယ်စားပြုရှေ့နေနှင့် အခြားကန့်ကွက်သည့် ကိုယ်စားလှယ်လောင်းနှစ်ဦးသာ လာရောက်ခဲ့သည်ဟု ဦးညွန့်တင်ကပြောသည်။ ဒီဇင်ဘာ ၃၀ ရက် အထိ စာရင်းများအရ တစ်နိုင်ငံလုံးအနေဖြင့် နှစ်ဖက်အတည်ပြုပြီး ကန့်ကွက်လွှာအမှု ၃၃ မှုထိရှိနေပြီး ဒီဇင်ဘာ ၂၁ ရက်မှ စတင်စစ်ဆေးမှု ပြုလုပ်နေကာ ရှစ်မှုကို စစ်ဆေးနေဆဲဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။
Comments
Post a Comment