လာမယ့် နှစ်မှာ NLD ဦးဆောင်တဲ့ အစိုးရသစ် တက်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ မိုင်းတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ပညာရေးကဏ္ဍမှာ သြစတြေးလျနိုင်ငံက ကျွမ်းကျင်သူတွေက အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ဖို့ အလားအလာများတယ်လို့ ဆိုပါတယ်။
အစိုးရသစ် တက်လာတဲ့အခါ စိုက်ပျိုးရေး ကဏ္ဍ ပြုပြင်ပြောင်းလဲမှုက ပထမ ဦးစားပေး ကဏ္ဍဖြစ်လာနိုင်ပြီး ဒီလို ကဏ္ဍမှာ သြစတြေးလျ အနေနဲ့ ပညာတွေ အများကြီး ဝေဌနိုင်တာကြောင့် မြန်မာရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ သြစတြေးလျက အရေးကြီးလာနိုင်တယ်လို့ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် Sean Turnell က ပြောပါတယ်။
Sean Turnell ဟာ NLD ခေါင်းဆောင်တွေကို အကြံဥာဏ်တွေ ပေးနေတဲ့ ပညာရှင်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀% လောက်ဟာ နယ်တွေမှာ နေထိုင်ကြသူတွေ ဖြစ်ပြီး စိုက်ပျိုးရေး လုပ်ကိုင်သူတွေဟာ အကြွေးသံသရာထဲ လည်နေရတဲ့အတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါကျရင် ဘဏ်တွေအနေနဲ့ နယ်က လယ်သမားတွေကို သက်သာစေမယ့် အကြွေးတွေ ပိုလုပ်လာနိုင်ပါတယ်။
အခုလောလောဆယ် သြစတြေးလျက မြန်မာနိုင်ငံရဲ့ မိုင်းတွင်း ဥပဒေကြမ်းကို ကူညီရေးဆွဲနေပေမယ့် လွှတ်တော်မှာ အတည်ပြုမှု မရသေးပဲ အစိုးရသစ် တက်လာတဲ့အခါမှသာ အတည်ပြုဖို့ အလားအလာရှိတယ်လို့ Sean Turnell က ပြောပါတယ်။
ရင်းနှီးမြုပ်နှံသူတွေကြောင့် မြေယာမဲ့ ပြဿနာနဲ့ မြေယာသိမ်းပိုက်မှု ပြဿနာတွေ ဆက်ကြုံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အရည်အသွေး ပြည့်မှီတဲ့ ပညာရေးစနစ်နဲ့ ကျွမ်းကျင်သူတွေ နည်းပါးတဲ့အတွက် ပညာရေး ကဏ္ဍမှာလည်း သြစတြေးလျအနေနဲ့ ဝင်ရောက်နေရာ ယူဖို့ အခွင့်အရေးရှိတယ်လို့ သုံးသပ်ကြပါတယ်။
ABC Radio Australia
Comments
Post a Comment