မီးပုံးပျံ မီးလောင်ပျက်ကျနေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
နေပြည်တော်
ဥပါတသန္တိတပေါင်းကွင်း၌ အောက်တိုဘာ ၂၈ ရက် (သီတင်းကျွတ်လပြည့်နေ့)တွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီးဦးဆောင်
လွှတ်တင်ခဲ့သည့် မီးပုံးပျံမှာ ပေ ၄၀၀ ခန့်အရောက် တွင်
မီးလောင်ပျက်ကျခဲ့သည်။
မီးပုံးပျံလွှတ်တင်သည့်ပွဲအား ည ၇ နာရီခန့်တွင် စတင်ခဲ့ပြီး ယင်းမီးပုံးပျံ မှိုင်းတိုက်စဉ်ကပင် လောင်ကျွမ်းခဲ့ရာ ပြန်လည်ပြင်ဆင်၍ လွှတ်တင်သော်လည်း ပေ ၄၀၀ ခန့် အရောက်တွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
အဆိုပါမီးပုံးပျံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးသိန်းညွန့်၊ ဦးဝေလွင်၊ ဦးမြတ်ဟိန်း၊ ဦးလှဌေးဝင်းနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
“ဒီမှာ မီပုံးပျံပွဲရှိမယ်လို့ မထင်ထားဘူး။အရင်ကလည်းမရှိခဲ့ဘူး။ ဘုရားဖူးလာရင်းနဲ့ အခုလို မီးပုံးပျံပွဲ တွေ့တာပါ”ဟု ပျဉ်းမနားမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ မီးပုံးပျံ လွှတ်တင်ပွဲ ပြုလုပ်ရခြင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးလှဌေးဝင်းက အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။
နေပြည်တော် ဥပါတသန္တိတပေါင်းကွင်း၌ မီးပုံးပျံလွှတ်တင်ပွဲအား ပထမဆုံး ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဘုရားဖူး လာရောက်ကြသည့်ပရိသတ်များဖြင့် စည်ကားခဲ့သော်လည်း ယင်းကဲ့သို့ မီးပုံးပျံ ပျက်ကျခဲ့ခြင်းဖြစ်သည်။ မီးပုံးပျံ လွှတ်တင်ခဲ့သည့်ကွင်းအား ဖေဖော်ဝါရီ ၁၃ ရက်က ဗိုလ်ချုပ်ရာပြည့် ကျင်းပရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွင့်ပြုချက် တောင်းခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း သိရသည်။

Writer:
နေရိုင်း
Comments
Post a Comment