ဗျို့ .. အယ်ဒီတာ-
ပြောပါရစေခင်ဗျာ။ ဟုတ်ကဲ့။ ရွေးကောက်ပွဲကြီး ကျင်းပမယ့်ရက်ကလည်းတဖြည်းဖြည်း နီးကပ်လာပြီပေါ့ခင်ဗျာ။ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီ၊ အမတ်လောင်းတွေဟာလည်း သူ့ထက်ငါ အကြိတ်အနယ်ကိုပဲ မဲဆွယ်စည်းရုံးနေတာတွေ တွေ့ရပါတယ်ခင်ဗျ။သူ့ထက်သူ အာဏာသရဖူကို အရယူဖို့ ကြိုးစားနေကြတဲ့ ပါတီနှစ်ခုကတော့ အနီနဲ့ အစိမ်း အဲ..ဒီချုပ်နဲ့ ပြည်ခိုင်ဖြိုးပါတီဗျို့။
ပါတီငယ်လေးတွေကတော့ သိပ်ပြီး အသံမထွက်ကြဘူးခင်ဗျ။ အနှီပါတီကြီးနှစ်ခုရဲ့ အပြိုင်အ ဆိုင်မဲဆွယ်မှုတွေအကြားမှာပဲ လူထုရဲ့ အာရုံကလည်း ရှိသကိုး။ ဒါကိုပဲ တချို့ပါတီငယ်တွေက သိပ်ဘဝင်ကျပုံမရဘူးခင်ဗျ။ စာ နယ်ဇင်းတွေက ဒီချုပ်နဲ့ ပြည်ခိုင် ဖြိုးပါတီရဲ့ မဲဆွယ်တာတွေကိုပဲ ဦးစားပေးဖော်ပြနေကြလို့ သူတို့ အသံဟာ ပျောက်သလောက်ဖြစ် နေပါသတဲ့ဗျာ။ သတင်းသဘော ကတော့ လူစိတ်ဝင်စားတာကို သာ အလေးထားဖော်ပြကြတဲ့ သဘောရှိတာကိုး။ လူစိတ်ဝင်စား ချင်ရင် စိတ်ဝင်စားအောင်လည်း လုပ်ကြဦးမှ။
ဒီချုပ်ကတော့ ထားဗျာ။ ကျုပ်တို့ ရွှေပြည်ကြီးမှာ သက် တမ်းအရှည်ဆုံး အတိုက်အခံ ပါတီလည်း ဖြစ်သလို ဒေါ်အောင် ဆန်းစုကြည်ကလည်း သတင်းလူ သားကိုးခင်ဗျ။ သူဘယ်သွားသွား၊ဘာလုပ်လုပ်၊ ဘာပြောပြော သတင်းဖြစ်နေတာချည်းပဲ။ ကိုင်း..ပြည်ခိုင်ဖြိုးဆိုရင်လည်း ဒီအတိုင်းပဲလေ။ လက်ရှိမှာ အာဏာရ လူကြီးမင်းတွေရဲ့ ပါတီပဲ။ ဆိုတော့ကာ သူတို့ ဘာလုပ်လုပ် သတင်းဖြစ်ပြန်ရောဗျ။ နောက်ပြီး တစ်ခါ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်ဟာ အာဏာရနဲ့ အတိုက်အခံပါတီ ကြီးဖြစ်တော့ကာ ပွဲက လွှတ်လှ ပေါ့ဗျာ။ ဟုတ်တယ်မဟုတ်လား အယ်ဒီတာ။
ဆိုတော့ကာ စာနယ်ဇင်း တွေအနေနဲ့ သတင်းတန်ဖိုးအရ ဒီချုပ်နဲ့ ပြည်ခိုင်ဖြိုးရဲ့ လှုပ်ရှားမှု တွေဟာ သတင်းစာတွေရဲ့ မျက် နှာဖုံးက မဆင်းတော့ဘူးပေါ့ဗျာ။ ပါတီငယ်လေးတွေအဖို့ကတော့ တော်ရုံတန်ရုံလောက်နဲ့ သတင်း စာမျက်နှာပေါ်ရောက်လာစရာ မရှိဘူး။ နို့ပေတဲ့ ကျုပ်တို့ ရွေး ကောက်ပွဲကော်မရှင်ကြီးက အင် မတန်မှ တရားမျှတမှုကို လိုလား ပြီးတော့ကာ အားလုံးကို အခွင့်အ ရေးတန်းတူရစေချင်တဲ့ သဘော တော့ ရှိသဗျ။
သဟာကြောင့်ပဲ အယ်ဒီတာ မင်းများလည်း သတိထားလိုက်မိ မှာပေါ့။ ဟိုတစ်ရက်က ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး က ဖွင့်ဟမြွက်ကြား သတိပေး စကားဆိုလိုက်ပါရောလား။ မီဒီ ယာများ ဘက်မလိုက်ကြပါနဲ့တဲ့။ ကဲ.. ကြည့်စမ်းဗျာ။ ကျုပ်တို့ဟာ ရွေးကောက်ပွဲကော်မရှင်ကို ဘယ်လောက်များ အရတော်သလဲဆို တာ။ မဲစာရင်းလေး ဘာလေး အ နည်းအပါး မှန်ကန်အောင် မလုပ်ပေးနိုင်တာကလွဲလို့ပေါ့လေ။ အင်မတန်မှ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလား တဲ့ ကော်မရှင်ကြီးပါ။
အခုဆိုရင် ကော်မရှင်အနေ နဲ့ အင်မတန်မှ အလုပ်များနေရ မှာ။ မဲစာရင်းမှားယွင်းမှုတွေကို အပြီးသတ်ပြင်ဆင်ချက် အမှန် ထုတ်ပြန်ပေးရဦးမယ်။ နောက်ပြီး တခြားတခြားသော ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်တွေနဲ့ များနေတဲ့ အကြားက သူက လှမ်းပြီးစိုးရိမ် ပေးနေတာ။ မီဒီယာတွေ ဘက် မလိုက်ကြပါနဲ့တဲ့။ နိုင်ငံရေးပါတီ တွေရဲ့ သတင်းတွေကို ဖော်ပြတဲ့ နေရာမယ် မျက်နှာမလိုက်ကြနဲ့လို့ ဆိုလိုတာ။
အမှန်တော့ ဒီလိုပြောဖို့ဟာ ကော်မရှင်ရဲ့ အလုပ်မှ မဟုတ်ဘဲ ဗျာ။ နို့ပေတဲ့ ကျုပ်တို့ကော်မရှင် လူကြီးမင်းတွေက မနေနိုင်ရှာ ဘူး။ ဝင်ပြောပေးတယ်။ မီဒီယာ တွေ ဘက်မလိုက်ကြနဲ့နော်။ မျှမျှ တတ ရေးကြ၊ မျှမျှတတ ဖော်ပြ ကြတဲ့။ အမှန်က သူရို့ပြောရမယ့် စကားမဟုတ်ပါဘူး။ ပြီးတော့ မီဒီ ယာကို ဘယ်သူမှလည်း ထိန်းချုပ် လို့ မရဘူးလေ။ သူ့ဟာသူ ဖော်ပြ ချင်တဲ့ သတင်းကို ဖော်ပြမှာပဲ။ ဘက်လိုက်တယ်၊ မျှတတယ်ဆို တာကို အချိန်က စကားပြောမှာ။ စာဖတ်ပရိတ်သတ်က ဆုံးဖြတ် သတ်မှတ်မှာ။ ကော်မရှင်ဘက်က မီဒီယာတွေ ဘက်မလိုက်ဖို့ပြော တော့ ကျုပ်တို့က တယ်ပြီးဘဝင် ကျဘူးဗျ။ သိလား။ ဒါပေတဲ့ အယ်ဒီတာရေ.. ။ ကျုပ်တို့ ရွေး ကောက်ပွဲကော်မရှင် လူကြီးတွေ ရဲ့ စေတနာကို လေးစားတယ် လေ။ ရှိပါစေပေါ့။
သိပ်မကြာပါဘူးဗျာ။ ကျုပ် တို့မှာ အုတ်အော်သောင်းတင်း ဖြစ်ရပြီကော။ နိုင်ငံပိုင် သတင်း စာတွေဖြစ်တဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံ မျက်နှာဖုံးမှာ စာလုံးအပြူးအပြဲကြီးနဲ့ ပါလာတာ။ ဘာတဲ့ ဗျာ။ မိတ္ထီလာမြို့နဲ့ မိတ္ထီလာလွင် ပြင်တစ်ခုလုံး အစိမ်းရောင်လွင် ပြင်ဖြစ်ရမယ်တဲ့။ အောင်မယ်.. အနှီခေါင်းစဉ် အရောင်ကလည်း အစိမ်းရောင်လေးနဲ့ ခင်ဗျ။ ကျုပ် တို့လည်း ရုတ်တရက်တော့ ဘာ လဲဟပေါ့။ မိတ္ထီလာတစ်ခွင်လုံး စိမ်းရစေ့မယ်ဆိုတော့ကာ ဘယ် သူများ မဲဆွယ်ပြန်ပြီလဲပေါ့လေ။ ကျုပ်တို့ ဖောက်သည်ကြီးတွေ လားပေါ့။ ကြည့်တော့ ဘယ်သူ ဖြစ်ရမလဲ။ ကျုပ်တို့ သမ္မတကိုး ခင်ဗျ။
ဟာ .. ပုံထဲမှာ ကျတော့ လည်း ပြည်ခိုင်ဖြိုးပါတီအလံတွေ၊ ဦးထုပ်တွေ၊ တီရှပ်တွေ၊ ရင်ထိုး တွေ ဝတ်ဆင်ထားတဲ့ အစိမ်း ရောင် လူအုပ်ကြီး။ အဲဒီ လူအုပ် ကြီးရဲ့ အလယ်မှာက နိုင်ငံတော် သမ္မတ ဦးသိန်းစိမ်းခင်ဗျ။ ပုံစာက တော့ဖြင့် သမ္မတ ဦးသိန်းစိန် မိတ္ထီ လာဒေသခံ ပြည်သူများအား ရင်း ရင်းနှီးနှီးနှုတ်ဆက်စဉ်တဲ့။ မိတ္ထီ လာဒေသခံ ပြည်သူတွေကလည်း ပြည်ခိုင်ဖြိုးပါတီဝင်ချည်းလား မှတ်ရတယ်။
ပြည်သူ့ဝန်ဆောင်မှု သတင်းစာဆိုပြီး နာမည်ပြောင်းထားတဲ့ နိုင်ငံပိုင်သတင်းစာတွေက အခု လိုမျိုး အစိမ်းရောင်ပါတီကြီးဘက် ကို သိသိသာသာ ယိမ်းပြီးသကာ လ သာသာထိုးထိုး ဖော်ပြနေတာ ဟာ သင့်တော်ရဲ့လား။ ဒါက ပြည်သူ့ဘဏ္ဍာနဲ့ထုတ်တဲ့ နိုင်ငံပိုင် သတင်းစာလေဗျာ။ ပုဂ္ဂလိက သတင်းစာက ထားလိုက်တော့ လေ။ သူ့ဟာသူ ဘက်လိုက်ချင် လိုက်မှာပဲ။ ဒါပေသိ ပြည်သူ့ဝန် ဆောင် သတင်းစာကြီးနှစ်စောင် က အစိမ်းရောင်ဘက်ကို သိသိ သာသာယိမ်းလိုက်တာကျ ဘက် လိုက်မှု မဟုတ်ဘူးတဲ့လား။
မီဒီယာတွေ ဘက်မလိုက်ကြ နဲ့ဆိုပြီးပြောတဲ့ ကော်မရှင်ဥက္ကဋ္ဌ ကြီးလည်း ဒီတစ်ချီကျ အသံတိတ် နေသဗျ။ အင်း .. မဲစာရင်းတွေ စစ်ဆေးနေရလို့ မအားဘူး ထင် ပါရဲ့လေ။ ဒါမှမဟုတ်လည်း သူ က စပြောတဲ့ ရည်ရွယ်ချက်ကိုက မီဒီယာတွေ ဘက်မလိုက်ကြနဲ့ဆို တဲ့နေရာမယ်။ အနီရောင်တွေ ဘက်ကို မလိုက်နဲ့။ အစိမ်းရောင် တွေဘက်ကို လိုက်ချင်ရင်တော့ လိုက်ကြပေါ့လို့ ပြောချင်တာပဲ လားလည်း မသိပါဘူးဗျာ။
အေးဗျ။ ပြောရဦးမယ် အယ် ဒီတာရဲ့။ သမ္မတဦးသိန်းစိန်က လည်း အခုတစ်လော ရွေးကောက်ပွဲနီးခါမှ အင်မတန်ခရီးယာယီ များနေပါလားဗျာ။ ပြည်သူတွေ ကြား သွားလိုက်၊ လာလိုက်တာ များ မရပ်မနားပဲ။ ဒါကြောင့်ပဲ တချို့က သမ္မတကို သံသယဝင် ကြတာနေမှာ။ သမ္မတဟာ တစ် ဖက်တစ်လမ်းကနေများ ပြည်ခိုင် ဖြိုးပါတီအတွက် မဲဆွယ်နေ သလား။ မပြေးသော် ကန်ရှာရှိဆို သဟာလို သူက ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တစ်ဦးကို ခင်ဗျ။ လက်ရှိ ဖွဲ့စည်းပုံအရ သမ္မတတွေ ဟာ နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်လို့ရှိရင် လက်ရှိရာထူးတာဝန်တွေ ထမ်းနေသမျှ မိခင် ပါတီရဲ့ လုပ်ငန်းတွေမှာ ပတ် သက်ခြင်းမရှိရလို့ အတိအလင်း ပြဋ္ဌာန်းထားလို့သာ အသာငြိမ်နေ ရမှာ။ စိတ်ထဲ မရိုးမရွရှိချင်လည်း ရှိမှာပေါ့။
သို့ကလို မရိုးမရွဖြစ်တော့ ဘာလုပ်သလဲ။ ခရီးတွေ သွားတာ ပေါ့ဗျ။ နယ်မြေဖွံ့ဖြိုးတိုးတက် ရေးအတွက် ဟိုသွား၊ ဒီသွား လျှောက်သွားရင်းနဲ့ ဒေသခံပြည် သူလူထုက စိမ်းသလား၊ နီသလားစောင်းပါးရိပ်ခြည် အကဲခတ်တာ လည်း ရှိချင်ရှိမပေါ့။ သူ့စိတ်ထဲ ကိုယ်ဝင်ကြည့်လို့မှ မရတာရယ်။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဟိုတစ်ရက်ကတင် ရမည်းသင်း ခရိုင်က ဝင်ပြိုင်မယ့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင် မြင့်ကလည်း ပြောသကိုး။ မဲပညာပေးရေး အကြောင်းပြပြီး နယ် တကာလှည့် ဟောပြောစည်းရုံး ခြင်းက မလုပ်သင့်ဘူးတဲ့။
ဆိုတော့ကာ အနှီစကားက ဘယ်သူ့ကို အဖျားခတ်တယ်ဆို တာ ကျုပ်တို့ သိပါတယ်။ ထားပါ တော့။ ဦးခင်အောင်မြင့်က သူတို့ ပြည်ခိုင်ဖြိုးပါတီက အဲသဟာမျိုး လုံးဝမလုပ်ဘဲနဲ့ သန့်ရှင်းတဲ့ မဲပြားကိုသာ လိုလားတယ်လို့ဆိုလေ တော့ အခုအခါ သမ္မတဦးသိန်းစိန် တစ်ယောက် ဟိုသွား၊ ဒီသွား လမ်းများနေတာဟာ နယ်မြေ ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး အသံတိတ်မျက်နှာပြ မဲဆွယ်နေ တာ မဟုတ်ဘူးလို့ပဲ ကျုပ်တို့ ထင်သဗျ။ သူတို့က သန့်ရှင်းတဲ့ မဲပြားလိုချင်တယ်ဆိုတော့ကာ ရွေးကောက်ပွဲနေ့ကျ မဲရုံရှေ့မှာ လက်ဆေးကန်လေးထားပေးရင် တော့ ကောင်းမယ်ဗျို့။ လက်သန့် သန့်နဲ့ပေးတဲ့မဲမှ သန့်မှာပေါ့။ ဟုတ်ဘူးလား။
အခုဆိုရင် သမ္မတနဲ့အတူ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ကလည်း ခရီးအတော်ပဲ ထွက်သဗျာ။ တစ်ခါတလေကျ ခရီးစဉ် တစ်ခုတည်း အတူတူပဲ ထွက်ကြ တယ်။ တပ်မတော်နဲ့ အစိုးရကြား ဒီ့အရင်က သဘောထားကွဲလွဲမှု တွေရှိတယ်ဆိုတဲ့စကား ကြားဖူး ထားတဲ့ ကျုပ်တို့အဖို့တော့ သမ္မတနဲ့ ကာချုပ်ရဲ့ တွဲစပ်မှုအနုပညာ က ထူခြားနေသဗျ။ခုနင်က ပြောသလိုပေါ့ဗျာ။ သမ္မတကလည်း သူ့ ခရီးစဉ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ သောင်းသောင်းဖြဖြ ကြိုဆိုတာကို ခံယူနေသလို ကာချုပ်ကြီးကလည်း တပ်မတော်သား မိသားစုများနဲ့ တွေ့တဲ့အခါ ဘယ်လိုလူမျိုးကိုသာ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးပါဆိုတာမျိုးအထိ အသိပညာပေးမှုတွေ လုပ်လာနေသဗျာ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်က နေပြည်တော်ကာကွယ် ရေးတက္ကသိုလ်မှာ အရာရှိတွေ၊ စစ်သည်တွေကို အမှာစကားပြော တုန်းမှာ တပ်မတော်နဲ့ တပ် မတော်မိသားစုဝင်တွေ မဲပေးတဲ့ နေရာမယ် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားလွှမ်းမိုးမှု မရှိသူကိုစဉ်း စား၊ တို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းစောင့်ရှောက်တဲ့သူ၊ တပ်မတော်အပေါ် စာနာနား လည်မှုရှိသူ၊ အမျိုးဘာသာ သာ သနာကို မှန်မှန်ကန်ကန် စနစ် တကျ ထိန်းသိမ်းနိုင်သူများကို ရွေးချယ်မဲပေးဖို့ရာ အကြံပြုသွား သဗျာ။
ကဲဗျို့။ ဒါပါပဲဗျာ အယ်ဒီ တာရေ။ အခုကာလ အစိမ်းမှ အစိမ်း၊ အစိမ်းဘက်သာ ယိမ်း၊ အစိမ်းတွေသာ အာဏာနေရာကို သိမ်းဖို့ ကြိုးစားနေတယ်ဆိုတာ မြင်နေရတယ်ပေါ့ဗျာ။ အင်း.. စိမ်းကြပါ။ စိမ်းချင်သလောက် သာ စိမ်းပါ။ အရေးကြီးတာက ပြည်သူတွေအပေါ် မစိမ်းကားဖို့ သာ လိုတာ။ စိမ်းမယ်ဆိုလည်း ကျောက်စိမ်းလိုပဲ တန်ဖိုးထားတာ ခံချင်ပါရဲ့လေ။ ဟေ.. ဟေ။ တော်သေးပြီ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

Comments
Post a Comment