ပြုလုပ်သူဘက်ကိုအရင်ဆုံးပြောပါမည်။ ဒီမိုကရေစီဘိုးအေကြီးဟု အမည်ရသော အင်္ဂလန်နိုင်ငံတွင် လွတ်လပ်ခွင့်နှင့်ပတ်သက်၍ ဆိုရိုးစကား တခွန်းရှိပါသည်။ ''သင်၏ တုတ်ကောက်ကို လွတ်လပ်စွာဝှေ့ယမ်းနိုင် ပါသည်။ သို့သော်အခြားသူများ၏ ဦးခေါင်းကိုမထိခိုက်မိပါစေနှင့်''ဟူ၍ ဖြစ်သည်။ လူတယောက်သည်မိမိ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိပါသည်။ ဒါသည် လူတိုင်း၏မွေးရာပါ အခွင့်အရေးဖြစ်သည်။ သို့သော် သင်ပြုမူလိုက်သော လွတ်လပ်သည့်အပြုအမူသည် သူတပါးအား မထိခိုက်စေရဟူသော သဘောဖြစ်သည်။ ထိုဆိုရိုးစကားလေးသည် လွတ်လပ်မှုနှင့်ပတ်သက်၍ တိုတိုနှင့်ထိထိ အရှင်းပြနိုင်ဆုံး ဆုံးမစာ ဖြစ်မည်ထင်သည်။ ထိုစံချိန်နှင့် ချိန်ထိုး၍ကြည့်လိုက်သောအခါ ကျွန်တော်တို့သည် Facebook ပေါ်ရှိ မိမိပိုင်စာမျက်နှာတွင် မိမိကြိုက်သော ပုံ၊ မိမိကြိုက်သောစာများကို စိတ်ကြိုက်ကိုယ်ပိုင်ရေးပိုင်ခွင့်ရှိ၏။ သူများ ရေးထားသည်များကို like ခွင့်၊ share ခွင့် ရှိပေ၏။ ကာယကံရှင် သဘောတူလျှင် Tag ခွင့်ရှိပါသည်။ ကိုယ့် Friend များကလည်း ကိုယ့် Wall ပေါ်တွင် ထိုသို့ ပြုမူခွင့်ရှိ၏။ ဒါသည် လူတယောက်ချင်း၏ လွတ် လပ်ခွင့်ဖြစ်သည်။ သို့သော်ကျွန်တော်တို့သည် သူတပါးကိုအသရေဖျက် ခွင့်မရှိပါ၊ စော်ကားခွင့်မရှိပါ၊ ရိုင်းပြခွင့်မရှိပါ။ ဖေ့စ်ဘွတ်ကို ဈေးအိမ်သာ နံရံလို သဘောထားကာ ရေးချင်တာတွေပေါက်ကရ လျှောက်ရေးခွင့် မရှိပါ။ အရာရာတွင်တာဝန်ယူမှု၊ တာဝန်ခံမှုဟူသည် ရှိရပါသည်။
ကျွန်တော်သည် နိုင်ငံရေးအရ သမ္မတကြီးဦးသိန်းစိန်ကို မကြိုက်ပါ၊ သို့သော် ထိုသို့နိုင်ငံရေးအရ မကြိုက်သည်နှင့် ဦးသိန်းစိန်ဓာတ်ပုံတပုံကို Photo Shop ဖြင့် ပြုပြင်ကာ ခွေးကိုယ်နှင့်လူခေါင်းကြီးလုပ်တာမျိုးတော့ ဘယ်တော့မှလုပ်မည် မဟုတ်ပါ။ သူများက ထိုသို့လုပ်လာလျှင်လည်း ကျွန်တော်သည် မည်သည့်အခါမျှ like လုပ်ခြင်း၊ share လုပ်ခြင်းပြုမည် မဟုတ်ပါ၊ Delete လုပ်ပစ်မည်ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ကျွန်တော်သည် ထောက်ခံသူတယောက် မဟုတ်ပါ။ သို့သော် ကိုယ်မကြိုက်ရုံနှင့် သူ့ကိုစော်ကားခွင့် မရှိပါ။ ဆောင်း ပါးများရေးရာတွင်ပင် အချက်အလက် (facts and figures ) များအရသာ ဝေဖန်ခွင့်ရှိပါသည်။ လူတယောက်ကို အခြေအမြစ်မရှိဘဲ မည်သူက မည်သူ့ကိုမှ စော်ကားခွင့်မရှိပါ။ လူတယောက်သည် မိမိလိင်တံပေါ်တွင် မိမိနှစ်သက်သောပုံကို ဆေးမင်ကြောင်ထိုးခွင့်ရှိပါသည်။ သို့သော် ငါ့ရဲ့ လိင်တံပေါ်မှာမောင်ဖြူရဲ့ပုံကို ထိုးထားတယ်၊ မောင်နီရဲ့ပုံကို ထိုးထားတယ်ဟု လူသိရှင်ကြား ပြောကြားခွင့်မရှိပါ။ ထိုသို့လုပ်ခြင်းသည် ဘောင် ကျော်သော ရိုင်းစိုင်းမှုသာ ဖြစ်သည်။ အသရေဖျက်မှု ဖြစ်သည်။ သူရဲကောင်းဖြစ်ချင်၍ စတန့်ထွင်မှုမျိုးသာ ဖြစ်သည်။ မည်သူ့မှအကျိုး မရှိပါ။ တပ်မတော်ကာချုပ်ဓာတ်ပုံကို ခြေဖြင့်နင်း၍ ထိုပုံကို facebook တင်ခြင်းမှာလည်း ထိုနည်းနှင်နှင်ပင်၊ လူတယောက်ကို မကြိုက်ခွင့်ရှိ၏၊ သို့သော် စော်ကားခွင့်မရှိချေ။ အဖွဲ့တဖွဲ့အပေါ်တွင်လည်း ထိုနည်းနှင်နှင်ဖြစ်သည်။ ကျွန်တော်တို့သည် ဒူးရင်းသီးမကြိုက်လျှင် ငါသည် ဒူးရင်းသီးကို တစက်မျှမကြိုက်ဟု ပြောခွင့်ရှိသည်။ သို့သော် ဒူးရင်းသီးသည် အရူးများ စားသော အစားအစာဖြစ်သည်ဟု ပြောခွင့်မရှိပါ။ မပြောသင့်ပါ။ ထိုသို့ ပြောကြားမှုသည် ကိုယ့်လမ်းလျှောက်တုတ်ကို လွတ်လပ်စွာဝှေ့ယမ်းရုံတင်မက လမ်းသွားလမ်းလာများ၏ ဦးခေါင်းများကိုပါ လိုက်ရိုက်နေသလိုရှိ ပေ၏။ ဖေ့စ်ဘွတ်ပေါ်တွင် ပေါ်ပေါက်လာသောအချို့ စာသားများ၊ ဓာတ်ပုံများသည် ဒူးရင်းသီးကိုငါမကြိုက်အဆင့်သာမက ဒူးရင်းသီးကြိုက်သူများသည် အဆင့်အတန်းမရှိသူ အရူးအနှမ်းများဖြစ်သည်ဟု ပြောပေါက်မျိုးကို (Emotion) အရ စိတ်မထိန်းနိုင်ဘဲ ပြောနေရေးနေ၊ တင်နေ ကြသည်များကို တွေ့နေရဆဲ ဖြစ်သည်။ ဒါကပြုသူများဘက်က ဖြစ်သည်။
အရေးယူသူများဘက် (၀ါ) အစိုးရဘက်ကလည်း ပြောစရာဖြစ်နေသည် များရှိပါသည်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာသောအခါ ပြင်းထန်သော ဖိနှိပ်မှုများ၊ ဘက်လိုက်မှုများကို မသိမသာ (တခါတရံသိသိသာသာ) ပြုမူနေသည်များလည်း မငြင်းနိုင်အောင် တွေ့လာရပါသည်။ အထက်က ဖော်ပြခဲ့သော Facebook စည်းမစောင့်မှုကိစ္စမျိုးကို ဥပဒေအရအရေးယူရာတွင် အဓိက ပြောစရာနှစ်ချက်ရှိလာပါသည်။ ပထမအချက်မှာ ဒီမိုကရေစီ ဘက်တော်သားများ (NLD ဘက်တော်သားဟုထင်ရသူများ) အပေါ် ဥပဒေအရအရေးယူရာတွင် လိုတာထက်ပို၍ပြင်းထန်နေလွန်းခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ်ပေါ်တွင်လူတယောက်အပေါ် သိက္ခာကျစရာ post တခုကိုတင်လျှင် ဂုဏ်သိက္ခာထိပါးခံရသူသည် ထိုဖေ့စ်ဘွတ်မှရေးသားချက်များကို သက်သေသက္ကာယ screenshot ရိုက်၍ တရားရုံးတွင် အသရေဖျက်မှု ပုဒ်မ (၅၀၀) ဖြင့် ဦးတိုက်လျှောက်ထားစွဲဆိုရပေမည်။ တပ်မတော်ကို အသရေဖျက်လျှင် တပ်မတော်တွင်ရာထူးအကြီးဆုံးဖြစ်သော တပ်ချုပ်ကဖြစ်စေ၊ သူတရားဝင်ကိုယ်စားလှယ်လွှဲပေးသူကဖြစ်စေ တရားစွဲရပါမည်။ ကြားထဲမှ တယောက်က ဖုန်းဆက်တိုင်သဖြင့် ရဲက လာဖမ်းခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းကို ကျော်နေပါသည်။ ဥပဒေတွင် တရားရုံးက ပြစ်မှုထင်ရှားပြစ်ဒဏ်စီရင်ချက် အချမခံရသေးသမျှ အားလုံးသည် အပြစ်မရှိသူများ၊ အပြစ်ကင်းစင်သူများသာ ဖြစ်သည်။ လူတယောက်ကို ရာထူးကြီးတပ်မတော်အရာရှိတယောက်က ဖုန်းဆက်အမှုဖွင့်ရုံဖြင့် အပြစ်ရှိသည့်သဖွယ် အားလုံးက ၀ိုင်းဝန်းပြုမူ၍ မရပါ။ တဖန် အသရေဖျက်မှုဖြင့် တရားစွဲရမည့်အမှုကို အီလက်ထရွန်နစ်ပုဒ်မဖြင့် အရေးယူသင့်မယူသင့်သည် စစ်တပ်ရော၊ ရဲတပ်ဖွဲ့ရော ဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်၊ မြို့နယ်ဥပဒေအရာရှိက ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်။ အီလက်ထရွန်နစ်ပုဒ်မဆိုသည်မှာ အွန်လိုင်းကိုအသုံးပြု၍ ဘဏ်မှငွေလိမ်ထုတ်ခြင်း၊ သူတပါး website များကို ဖောက်ထွင်းဝင်ရောက်ခြင်း၊ သူတပါး website များ၊ Facebook account များ၊ အီးမေးလ်များကို Hacking ပြုလုပ်ခြင်း၊ အွန်လိုင်းမှခြိမ်းခြောက်ငွေညှစ်ခြင်း၊ နည်းပညာ အသုံးပြု၍ ရာဇ၀တ်မှုကျူးလွန်ခြင်းစသည့် Cyber Crime ဟု နိုင်ငံတကာ ကခေါ်ဆိုကြသည့်အမှုများနှင့်သာ ပတ်သက်ပါသည်။ ယခုဖမ်းဆီးခံထားရသော မချောစန္ဒီထွန်းနှင့် ဦးခွန်ဂျာလီတို့ ကျုးလွန်သည်မှာ Cyber ခေါ်သည့် ရာဇ၀တ်မှု မဟုတ်ပါ။ အသရေဖျက်မှုသာ ဖြစ်ပါသည်။ ဆက်သွယ်ရေးဥပဒေတို့၊ အီလက်ထရွန်နစ်ပုဒ်မတို့သည် မဆီမဆိုင် အမည်တပ်ခံထားရသလို ဖြစ်နေပါသည်။ အသရေဖျက်မှုသည် အာမခံပေး၍ရသောအမှု ဖြစ်ပါသည်။ ထောင်ပြင်ပမှ အမှုရင်ဆိုင်စေရပါမည်။
နောက်ထပ်ထောက်ပြလိုသောအချက်တချက်မှာ တပ်မတော်အပါအ၀င် အစိုးရသည် ပြစ်မှုများကိုအရေးယူကိုင်တွယ်ရာတွင် စံနှုန်းနှစ်မျိုး ( Double Standard ) ဖြင့် ကိုင်တွယ်ဆောင်ရွက်နေမှု ဖြစ်သည်။ ထိုအချက်သည် လူကြီးလူကောင်း မဆန်ပါ။ ရှက်စရာကိစ္စတခု ဖြစ်ပါ သည်။ အွန်လိုင်းပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဝေဖန်အပုပ်ချသော စာများ၊ လုပ်ကြံထားသောဓာတ်ပုံများ ပလူပျံနေ သော်လည်း အီလက်ထရွန်နစ်ပုဒ်မဖြင့် အရေးယူရန်ဝေးစွ၊ အသရေဖျက်မှုနှင့်ပင် အရေးမယူတာလည်း ဥပဒေ၏ စံနှုန်းနှစ်မျိုးကို မီးမောင်းထိုးပြသလို ဖြစ်နေပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး အပုပ်ချတိုက်ခိုက်နေသော Myanmar Express (National Defence League)၊ ပြည်သူ့အာဏာစသော ဖေ့စ်ဘွတ်အကောင့်များကို အစိုးရသည် အရေးယူရန် စိတ်ဝင်စားမှုတစုံတရာမပြပါ။ ၂၀၁၄ ဇွန်လ အတွင်းက ပြည်ထောင်စုဝန်ကြီးတပါး၏ဇနီးက ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချသော ဓာတ်ပုံတပုံကို သူ့ဖေ့စ်ဘွတ်တွင်တင်ခဲ့ကာ အစစ်အမှန်မဟုတ်သဖြင့် နောက်ရက်တွင် ပြန်လည်ဖြုတ်ချသွားသော လုပ်ရပ်တခုလည်း ပေါ်ပေါက်ဖူးရာ ထိုအမှုတွင် အီလက်ထရွန်နစ်ပုဒ်မကို အသုံးချခွင့် မရခဲ့ချေ။ ၀န်ကြီးကတော်လုပ်ကြံတင်ခဲ့သောပုံတွင် ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အမျိုးသမီးများဝတ်ဆင်သော ခေါင်းဆောင်း (hijab) ကို ၀တ်ဆင်ထားသောပုံဖြစ်ပြီး မူဆလင်အမျိုးသမီးတဦးက ဒေါ်အောင်ဆန်းစုကြည်ကို သရဖူတခု ဆောင်းပေးနေပုံ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို မူဆလင်များနှင့် တွဲဖက်မြင်စေရန် လုပ်ကြံ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူ့ဇနီး၏လုပ်ရပ်အတွက် ၀န်ကြီးက Facebook တွင် တောင်းပန်ခဲ့သော်လည်း အီလက်ထရောနစ်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းတော့ မရှိပေ။ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံ ဖန်တီးကာ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်း၊ Brighton မြို့၏ အဆောက်အအုံတခုတွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ဂရပ်ဖစ်တီပုံ အဆောက်အအုံအပြည့် ရေးဆွဲထားခြင်းကို မူဆလင်ဗလီပေါ်တွင် ရေးဆွဲထားသယောင် ပြုမူထားသော (အမှန်မှာ Brighton တော်ဝင်နန်းတော်ပုံသာဖြစ်သည်) ဓာတ်ပုံတပုံကို လွှတ်တော်အမတ် ဘူးလက်လှဆွေ (ခေါ်) ဦးလှဆွေက ပြန် Share ခဲ့ရုံမက ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထင်ယောင်မြင်မှားဖြစ်အောင် မှတ်ချက်ရေးသားခဲ့မှု၊ တဖန် ဒေါ်အောင်ဆန်းစုကြည် အစ္စလာမ်ဘာသာဝင်များအား လက်အုပ်ချီနေသည့်လုပ်ကြံဓာတ်ပုံကိုတင်ခဲ့သော အကောင့်ပိုင်ရှင်မှာလည်း မည်သူကမျှ အီလက်ထရွန်နစ်ပုဒ်မဖြင့် မဖမ်းဆီးပါ။ အစ္စလာမ်ဘာသာဝင်များ၏ ဘက္ကဒီးအစ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ပြန်ချက်ဟူသော သ၀ဏ်လွှာအတုတစောင် ဖေ့စ်ဘွတ်တွင် တက်လာရာ မည်သည့်ရဲအရာရှိကမျှ အရေးယူရန် စိတ်မ၀င်စားပါ။ တိုင်သူ တရားလိုမရှိသဖြင့် အမှုမတည်ဆောက်နိုင်ဟု ဆင်ခြေပေးနိုင်သော်လည်း တိုင်လည်း ဘာမှအရေးမယူမှာသိနေသဖြင့် မည်သူကမျှ အလုပ်ပျက်ခံ မတိုင်ကြားခြင်း ဖြစ်သည်။ အရေးယူမည်ဟုအာမခံလျှင် အမှုဖွင့်တိုင်ကြားမည့်သူများစွာ ရှိပါသည်။ ဥပမာအားဖြင့် NLD ပါတီ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ကြံ့ခိုင်ရေးပါတီဝင်များ၏ ကိုယ်ထိလက်ရောက် နှောင့်ယှက်မှုများကို သက်ဆိုင်ရာ ရဲစခန်းများတွင်အမှုဖွင့် တိုင်ကြားသော်လည်း ထိုအမှုမျိုးသည် ရဲနှင့်မဆိုင်၊ ရွေးကောက်ပွဲကော်မရှင်နှင့်သာ ဆိုင်သည်ဟု ဘော်လီဘောပုတ်ပါသည်၊ ကော်မရှင်ကလည်း ဤအမှုမျိုးသည် သူတို့နှင့် မဆိုင်ရဲစခန်းတွင်တိုင်ပါဟု တဖန် လွှဲချကြပြန်သည်။ အချို့ ဖြစ်ရပ်များတွင် ကာယကံမြောက် ထိုးကြိတ်ရိုက်နှက်မှုမျိုးပင်ပါဝင်ရာ ရဲစခန်းမှ သူတို့နှင့်မဆိုင်ဘူးဟုဆိုခြင်းမှာ အံ့သြစရာကောင်းလှသည်။ အငြိမ်းစားရဲ အရာရှိကြီးတဦးကမူ ထိုကဲ့သို့ ပါတီဆိုင်းဘုတ်ဖျက်ခြင်း၊ လူကိုရန်ရှာခြင်း တို့သည် အနည်းဆုံးအကျိုးဖျက်ဆီးမှုမြောက်သဖြင့် ရဲက လက်ခံအမှုဖွင့်ပေးရကြောင်း၊ အမှုကိုဖွင့်မပေးဟု ငြင်းပယ်သောရဲဝန်ထမ်းကို ဥပဒေအရ ပြန်လည်တရားစွဲခံရနိုင်ကြောင်း DVB Debate တခုတွင် ရှင်းပြသွားတာ မှတ်သားလိုက်ရပေသည်။ ဆိုင်းဘုတ်ဖျက်တာပင် အကျိုးးဖျက်ဆီးမှုနှင့်အရေးယူ၍ရလျှင် မူးယစ်ရမ်းကားဆဲဆိုခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်းများသည် ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ နာကျင်စေမှု၊ ကာယိနြေ္ဒ ပျက်စီးစေမှုစသည်တို့နှင့် အရေးယူနိုင်ရမည်ဖြစ်သည်။ အရေးယူမပေးခဲ့သော ရဲများအတွက် ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်တို့သည် အပြည့်အ၀တာဝန်ရှိ ပေ၏။ ဥပဒေသည် တဦးတယောက်တည်းအတွက်မဟုတ် နိုင်ငံသား အားလုံးအတွက်သာ ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၈) ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင်ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ရေးသားထားရာ အွန်လိုင်းအသရေဖျက်မှုများ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင် အချို့ပါတီဝင်များ၊ ပုဂ္ဂိုလ်များအတွက် ဆတ်ဆတ်ခါအောင်နာနေပြီး အချို့ပုဂ္ဂိုလ်များ၊ အချို့ပါတီများ စော်ကားခံနေရသည်များကို မျက်စိမှိတ်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ရာရောက်နေပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် သမ္မတကြီးဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ကျမ်းကျိန်ထားသူများဖြစ်ရာ ပုဒ်မ၃၄၇ကို လိုက်နာရန် တာဝန်ရှိပေသည်။ ငါတို့လူဆို မဖမ်းနဲ့၊ သူတို့လူဆို ဖမ်းဆိုပြီး လုပ်၍မရပေ။
ယခုအခါ ၂၀၁၅ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကြီး နီးသထက်နီးကပ်လာရာ ရှုံးမှာကိုကြောက်လာသော လူပုဂ္ဂိုလ်အချို့၏ ကယောင်ကတမ်းစကားသံများလည်း နားနှင့်မဆံ့အောင် တနေ့တမျိုး ပျံ့လွင့်လာချေသည်။ ရန်ကုန်တိုင်းတွင် အစိမ်းရောင်လွှမ်းရမည်၊ အနီရောင်ဆိုသည်မှာ အာဇာနည်ဗိမာန်တွင် ဇင်ဘိုနှင့် ကင်မင်ချူးတို့ ဗုံးဖောက်သဖြင့် အနီရောင်(သွေးရောင်)လွှမ်းသောသင်္ကေတဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြညိမ်းက သုဝဏ္ဏမြို့ ဦးစေတီအနီး ဘောလုံးကွင်းတွင် အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီ၌ ပြောကြားခဲ့၏။ မိမိပါတီ မဲဆွယ်ရာတွင် ကွယ်လွန်ပြီးသား အာဇာနည်တို့ကို ထည့်သွင်းပုတ်ခတ်စရာအကြောင်း မရှိချေ။ တဖန်မြန်မာပြည်တွင် မြန်မာ့အချုပ်အခြာအာဏာကို စော်ကား၍ ဗုံးလာခွဲခဲ့သော ဇင်ဘိုနှင့်ကင်မင်ချူးတို့၏ မြောက်ကိုရီးယားနိုင်ငံနှင့် သံခင်းတမန်ခင်းပြန်ဆက်သည်မှာလည်း ဦးမြညိမ်းတို့ပါတီမှ ခေါင်းဆောင်များပါသော အစိုးရဖြစ်နေ၍ အံ့သြရပေသည်။ စာရေးဆရာပြည်ထောင်စု ဒုဝန်ကြီးတပါးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်ကတည်းက မှုန်တေတေ စကားနည်းသူဖြစ်၍ ကြည့်မရကြောင်း၊ အိန္ဒိယတွင်ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဗမာတွေကိုသိပ်မုန်းတာပဲဟု ပြောကြား ကြောင်း၊ သေသူကိုသက်သေတည်၍ လက်စဖျောက် အသရေဖျက်သည့် သတင်းက အွန်လိုင်းမှာရော၊ ဂျာနယ်မှာရော ပျံ့နှံ့နေပါသည်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ထိုစကားကိုပြောခဲ့၍ မကျေနပ်လျှင် လွန်ခဲ့သော နှစ်သုံးလေးဆယ်ကတည်းက ရှင်းဖို့ကောင်းသည်။ ဘာ့ကြောင့် တသက်လုံးဘာမှမပြောဘဲ ငြိမ်နေကာ အခုမှ အိုးမလုံအုံပွင့်လာပါသလဲ။ ဟုတ်တော့ကော ကလေးအရွယ် လူမမယ်ဘ၀ကပြောခဲ့သော (ပြောသည်ဟုပင် သက်သေမပြနိုင်သော) စကားတခွန်းကိုဘာကြောင့် ရေးကြီးခွင်ကျယ် ဇာတ်ကြောင်းလှန်နေသလဲဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသူဘ၀က မှုန်တေတေဖြစ်ကာ စကားနည်းခြင်းသည် မည်သူ့ကိုမည်သို့ ထိခိုက်ပါစေသလဲ။ ယခုအခါ အသရေ ဖျက်မှုမြောက်သော တောင်ရောက်မြောက်ရောက်စကားများ ပေါများလှပေ၏။ အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်သို့နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပဲ အဖတ်တင်တယ်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား စောင်းမြောင်းအတင်းတုတ်သူက တုတ်သည်။ ထိုပုဂ္ဂိုလ်သည် နိုင်ငံတကာယဉ်ကျေးမှု (အထူးသဖြင့် အနောက်တိုင်းယဉ်ကျေးမှု) ကို သိဟန် မတူ။ မိမိစိတ်နှင့်နှိုင်းပြီး အနမ်းဟူသမျှ တဏှာပေမနှင့်သာ ကြည့်ဟန် တူ၏။ အနောက်တိုင်းတွင် ဦးလေးနှင့်တူမ၊ မအေနှင့်ဦးရီး၊ မိတ်ဆွေအချင်းချင်း ချစ်ခင်စိတ်ဖြင့် ပါးကိုနမ်းကြတာ ယဉ်ကျေးမှုထုံးစံတခုဖြစ်ပါ၏။ နိုင်ငံခြားသားများသည် ထိုသို့နမ်း၍ နှုတ်ဆက်လိုက်ရ၍လည်း ငါတော့ ဘယ်သူ့ကိုနမ်းရသည်ဟု အောက်တန်းကျစွာ အသားယူတမ်းတ ကြွေးကြော်နေကြသည် မဟုတ်ပါ။ လူ့ယဉ်ကျေးမှုတခုသာ ဖြစ်ပါသည်။ ထိုထက်ပို၍ ဘာမှမရှိပါ။ ပြောစရာမရှိရှာကြံပြောကြခြင်းဖြစ်ပေ၏။ အချို့ကလည်း NLD အာဏာရလျှင် ကုလားတိုင်းပြည်ဖြစ်သွားမည်ဟု ဘာသာရေးမှိုင်းတိုက်ကြသည်။ နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ်ကြ၏။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက လက်သံပြောင် ပြောင်နှင့် ဘုန်းကြီးများကိုရိုက်နှက်ခဲ့ကြသူများမှာ ယခုအမျိုးဘာသာ ချစ်ပြနေသော အာဏာရပါတီမှပုဂ္ဂိုလ်များပင် ဖြစ်သည်။ လက်ပံတောင်း တောင်သပိတ်စခန်းတွင် သံဃာတော်များ မီးလောင်ဗုံးဆက်ကပ်ခံရခြင်းမှာလည်း ထိုလူများလက်ချက်ပင်။ သူခိုးကလူဟစ် ယခုအခါ NLD ကြောင့် သာသနာပျက်မလို ပြန်လည်စွပ်စွဲနေကြပြန်၏။ အချို့ကလည်း တသက်လုံး ဘာအလုပ်မှ တိုင်းပြည်နှင့် လူမျိုးအတွက်မလုပ်ခဲ့ဘဲ ယခုမှထ၍ နောက်ငါးနှစ်သူတို့ကိုအုပ်ချုပ်ခွင့်ပြုလျှင် စင်ကာပူလိုဖြစ် အောင်လုပ်ပြမည်ဟု ဆိုပြန်သည်။ လာဘ်စားသူအစိုးရအရာရှိတယောက်ကို အရင်ဆုံးစင်ကာပူမှာလို ထောင်ချပြသင့်ပါသည်။ ယခုတော့ သူတို့ စကားကို ယုံသူမရှိပါ။ ရွေးကောက်ပွဲနီး၍ ဒံပေါက်ကျွေးခြင်း၊ တနေ့ သုံးထောင်ပေးကာ တက်ရောက်စေခြင်း၊ ကွန်ကရစ်လမ်းခင်းပေးမည်ဟု မက်လုံးပေးခြင်း၊ ဆိုလာပြားများပေးခြင်း၊ မှတ်ပုံတင်လုပ်ပေးမည်ဟု မဲဆွယ်ခြင်း၊ ၀န်ထမ်းများကြိုတင်မဲကိုစုဆောင်းခြင်း၊ ဆန့်ကျင်ဘက် ပါတီစည်းရုံးရေးယဉ်တန်းများကိုနှောင့်ယှက်ခြင်း၊ ပြိုင်ဘက်ပါတီကိုယ် စားလှယ်ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ မိမိအဖွဲ့ကို ဝေဖန်ဆန့်ကျင်သူများကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးအရေးယူခြင်း၊ ပြိုင်ဘက်အဖွဲ့ ဟောပြောရန် နေရာကောင်းမှန်သမျှ သော့ပိတ်ထားခြင်း၊ ပြိုင်ဘက်အဖွဲ့ အလွယ်တကူမသွားရောက်နိုင်ရန် ရေကြောင်း၊ လေကြောင်း လမ်းကြောင်းများ ပိတ်ဆို့ထားခြင်း (ဥပမာကိုကိုးကျွန်း)၊ မိမိအဖွဲ့သားများ ဥပဒေကို ဖောက်ဖျက်ကျူးလွန်လျှင် လျစ်လျူရှုနေခြင်း၊ ပြိုင်ဘက်ပါတီ ခေါင်းဆောင်အပေါ် ငယ်ကျိုးငယ်နာ ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်ခြင်းစသည့် အပြုအမူများ အရှိန်အဟုန်မြှင့်ကာ ပေါ်လာနေပြီဖြစ်သည်။
ထိုအပြုအမူများသည် ပယောဂ၀င်၍ပူးကပ်နေသော ဖုတ်ပြိတ္တာ တစ္ဆေသရဲများကို ဘုန်းတော်ကြီးစသော အထက်လမ်းပုဂ္ဂိုလ်များက ကမ္မ၀ါ စသော ဘုရားစာများကိုရွတ်ဖတ်လိုက်သောအခါ ပူးကပ်သူသည် အသား တဆတ်ဆတ်တုန်လှုပ်လာသဖြင့် ပယောဂမှန်လျှင်တုန်ဆင်းလတ္တံ့ဟူသော ရှေးစကားနှင့်အညီ ရွေးကောက်ပွဲနီးလာတိုင်း၊ နိုင်ငံတိုင်းတွင် ဖြစ်လေ့ရှိသော အာဏာလက်မလွတ်ချင်သူတစု၏ ရှုံးတော့မှာမို့ မဲတော့ မည့်စရိုက်လက္ခဏာများသာ ဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Comments
Post a Comment