စက်တင်ဘာ ၈ ရက်မှစတင်၍ နိုင်ငံရေး ပါတီများအနေဖြင့် လာမည့် ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့်ရရှိပြီဖြစ်သည်။ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၆၀ အတွင်း ကျွန်တော်တို့အနေဖြင့် နိုင်ငံရေးပါတီအသီးသီး၏ အမျိုးမျိုးသော ပုံစံများဖြင့် မဲဆွယ်မှုများကို မြင်ရပါလိမ့်မည်။ တကယ့်ကို စိတ်ဝင်စားစရာလည်းကောင်းသည်။ တိုင်းပြည်အတွင်း အဆုံးအဖြတ် ပေးနိုင်မည့် ရွေးကောက်ပွဲလည်း ဖြစ်သဖြင့် အင်မတန်လည်း အရေးကြီးသည်။
အမှားခံ၍ မဖြစ်။ နိုင်ငံရေးသမား အမတ်လောင်းများအနေဖြင့် အကျိတ်အနယ် ရှိလှသလို မဲပေးရမည့် ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ကိုယ်စားလှယ်လောင်းကို သေချာ စိစစ်ရွေးချယ်ရမည်ဖြစ်ပါသည်။ လာတော့မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းတွင် အလွန်ကြီးကျယ်သည်။ ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ပါဝင်ယှဉ်ပြိုင်ကြမည်လည်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ခြောက်ထောင်ကျော် ၀င်ပြိုင်ကြမည်။ ထိုအထဲတွင် တစ်သီး ပုဂ္ဂလများလည်း ပါဝင်သည်။ ယင်းမှာ ၁၉၉၀ ခုနှစ်တုန်းက ကိုယ်စားလှယ်လောင်း အရေအတွက်ထက်များသလို ၂၀၁၀ ရွေးကောက်ပွဲတုန်းက ထက်လည်းသာသည်။ ၂၀၁၀ တုန်းက ပါတီပေါင်း ၄၀ ကျော်သာရှိပြီး ကိုယ်စားလှယ်အရေအတွက်မှာ ယခုထက် သုံးထောင်ခန့် ၀င်အရွေးခံသည်။ ယခု နိုင်ငံရေးပါတီ ၉၀ ကျော်ခန့်ရှိပြီး ကိုယ်စားလှယ်လောင်းက ခြောက်ထောင်ကျော်ဟုဆိုရာ ယခင်ထက်နှစ်ဆဟု ဆိုရမည်။
ထိုအရေအတွက်ကိုကြည့်၍ မဲဆန္ဒရှင်များအနေဖြင့် ရွေးချယ်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ပိုများလာသည်။ ရွေးချယ်ခွင့် ပိုရလာသည့်အတွက် ကောင်းသလို တစ်ဖက်တွင်လည်း ရွေးချယ်စရာ များသဖြင့် ကိုယ်စာလှယ်လောင်း၏ အရည်အသွေးကို သေချာ မစိစစ်နိုင်မည့် ဘေးထွက်ဆိုးကျိုးကလည်း ရှိနေသည်။ ရက်ပေါင်း ၆၀ သာ အချိန်ရသဖြင့် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့ နယ်မြေမှ ကိုယ်စားလှယ်လောင်းက ဘယ်လို လူမျိုးလဲဆိုသည်ကို ဆန်းစစ်ရန် ခက်ခဲပါလိမ့်မည်။
ယခင်က မိမိတို့သိပြီးသား လူပုဂ်္ဂိုလ်များဆိုလျှင် ကိစ်္စမရှိ။ သူ့အရည်အချင်းကို သူလုပ်ဆောင်ခဲ့သမျှ အလုပ်များပေါ်တွင် ချိန်ထိုး အကဲဖြတ်နိုင်သည်။ သို့သော် ယခုရွေးကောက်ပွဲတွင် မျက်နှာသစ်တွေ အတော်ပါသည်။ အချို့ လူသိထင်ရှားသူများဖြစ်သဖြင့် ထားတော့။ အချို့က လုံးလုံးမသိ။ သူဘာလဲ။ သူဘယ်လဲ။ ချိန်ထိုးအကဲဖြတ်စရာ အထောက်အထားမရှိ။ ထိုအခါမျိုးတွင် ပါတီကိုကြည့်ပြီး မဲပေးရုံသာ ရှိသည်။ ပါတီကိုယုံ၍ သူ့ကိုပုံပေတော့။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီသဘောကို မကြာသေးမီက သူ၏ ပါတီစည်းရုံးရေးခရီးစဉ်များတွင် ထပ်တလဲလဲပြောသည်။ လူကိုမကြည့်နှင့်၊ ပါတီကို ကြည့်။ ဒါကလည်း ခြွင်းချက်ရှိပါသည်။ ပါတီဟူသည် လူတွေနှင့် စုဖွဲ့ထားခြင်းဖြစ်ရာ လူကိုယုံမှ ပါတီကိုယုံမည်။ ပါတီဟူသည် ဆိုင်းဘုတ်သာ ရှိသည်။ ပါတီဝင်လူတွေ၏ အလုပ်ပေါ်မှာသာ ပါတီဟူသည်လည်း လှုပ်ရှားသက်ဝင်သည်။ ပါတီဝင်တွေ ကောင်းသည်ဆိုလျှင် ပါတီလည်း ကောင်းသည်ပေါ့။ ထို့ကြောင့် ပါတီကို ကြည့်ဆိုလျှင် လူကို အရင်ကြည်ဖို့ လိုအပ်သည်ပဲ။
ဒေါ်အောင်ဆန်းစုကြည်ကပင် မကြာသေးမီက သူ၏ ရှမ်းပြည်နယ် ခရီးစဉ်အတွင်း လူထုဟောပြောပွဲတစ်ခုတွင် လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ မဲထည့်မည့်သူ၏ နောက်ကြောင်း ရာဇ၀င်၊ ထိုသူ၏ လုပ်ဆောင်ချက်များကို သေချာစိစစ်ပြီးမှသာ မဲပေးကြဖို့လိုကြောင်း ပြောခဲ့သည်။ ထို့ကြောင့် လူကလည်း အရေးကြီးသည်ဟု သဘောပေါက်မိသည်။
လူကို မကြည့်နဲ့ ပါတီကို ကြည့်ပြီး မဲပေး၊ ပါတီကိုမကြည့်နဲ့ လူကို ကြည့်မဲပေး ဘယ်သင်းက အမှန်ဟု ပြောရန်ခက်သည်။ လူကိုရော ပါတီကိုပါကြည့်ရန် လိုအပ်သည်။ ကိုယ်စားလှယ်လောင်း၏ မိခင်ပါတီကို ကြည့်ခြင်းဖြင့် ထိုသူ၏ နိုင်ငံရေး သဘောထားကို အကဲခတ်၍ရသည်။ ပါတီကို ကြည့်၍လည်း ကိုယ်စားလှယ်လောင်း၏ အနေအထားကို အကဲခတ်၍ ရသည်သာ ဖြစ်သည်။ နှစ်ဖက်ချိန်ထိုး၍ စဉ်းစားရန်သာလိုသည်။
ထိုသို့ ပြောရသည်မှာ ယခုအခါ မဲဆန်္ဒရှင် များအကြား လူကိုမကြည့်နဲ့၊ ပါတီကို ကြည့်ပြီးမဲပေး၊ တစ်ဖန်ပါတီကို မကြည့်နဲ့ လူကို ကြည့် မဲပေးစသဖြင့် ၀ိဝါဒကွဲနေသောကြောင့်ဖြစ်ပါသည်။ မလိုအပ်ပါ။ ပြည်သူတွေအနေဖြင့် မိမိတို့ နေထိုင်ရာ မဲဆန်္ဒနယ်မှ ကိုယ်စားလှယ်လောင်းသည် မိမိတို့ ၏ အကျိုးကို ဘယ်လောက် စွမ်းစွမ်းတမံ ထမ်းနိုင်သလဲ။ ရိုးသားရဲ့လား။ ပြည်သူအတွက် ကိုယ်ကျိုးစွန့်မှာလား။ လူထုအသံကို ထပ်ဟပ်နိုင်မှာလားဆိုသည်ကို ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ကြရန်သာ ဖြစ်သည်။ နေရာတိုင်းမှာ လူကိုချည်း ကြည့်နေ၍ မဖြစ်သလို ပါတီကိုချည်း ကြည့်နေ၍မဖြစ်။
ယင်းအတွက် ကျွန်တော်တို့မှာ ပြီးခဲ့သည့် ငါးနှစ်က သင်ခန်းစာများ ရှိပြီးသားဖြစ်ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ရွေးချယ်ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်းအများစုမှာ လူထုနှင့် ကင်းကွာလှသည်ဟူ၍ အဝေဖန်ခံခဲ့ရသည်။ အချို့ဆိုလျှင် ရွေးကောက်ပွဲ ပြီးကတည်း မိမိမဲ ဆန္ဒနယ်မှ မိမိအား မဲပေးရွေးချယ်လိုက်သော ပြည်သူများ၏ အသံကိုနားထောင်ဖို့ ဝေးစွ။ မဲဆန္ဒရှင်တွေက မိမိတို့ကိုယ်စားလှယ်၏ အရိပ်ပင်မမြင်ခဲ့ရ။ ပြည်သူတွေ အလွန်စိတ်ပျက်ခဲ့ကြသည်။
လွှတ်တော်တွင် အဆိုများ တင်တော့ကော။ ပြည်သူ့အသံသည် လွှတ်တော်အသံ ဖြစ်ရမည်ဟူသော ဆောင်ဘုတ်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင် လျှက်ပင် အချို့ဥပဒေတွေ အတည်ဖြစ်သွားကြသည်။ ပြည်သူတွေ မသိလိုက်။ ဘယ်ဥပဒေကိုတော့ဖြင့် မိမိတို့မနှစ်သက်ပါဟူ၍ လွှတ်တော်ကိုယ်စားလှယ်များကို မပြောလိုက်ရ။ ထိုသို့ မပြောလိုက်ရဘဲနှင့် ဟိုဥပဒေ၊ ဒီဥပဒေတွေကို အတည်ပြုပြီဟု ဆိုလေသောအခါ အသည်းတဆတ်ဆတ်နာ ခဲ့ရသည်မှာ ပြည်သူတွေသာ ဖြစ်ပါသည်။
သို့ဖြစ်ရာ လာတော့မည့် ရွေးကောက်ပွဲတွင် ထိုသို့သော ကိုယ်စားလှယ်လောင်းများကို မရွေးချယ်မိစေရန် သတိထားရပါလိမ့်မည်။ ပြီးတော့ ကိုယ်စားလှယ်လောင်းသည် နိုင်ငံရေးအရ ပေမီဒေါက်မီ အရည်အသွေး ရှိမရှိ ဆန်းစစ်ဖို့ကလည်း လိုသေးသည်။ နိုင်ငံရေးအား မကောင်းလျှင် လွှတ်တော်တွင် ဒေါင်းတင်မောင်း တင်ပြောနိုင်ဖို့ ဝေးပါသည်။ ပြီးခဲ့သည့် ငါးနှစ်လုံးလုံး လွှတ်တော်ထဲတွင် မည်သည့် အဆိုမှမတင်။ တင်လာသည့်အဆိုတွေကို ထ၍ မဆွေးနွေးဘဲ ငုတ်တုတ်ထိုင်နေသည့် အမတ်တွေ အများကြီးရှိသည်ကို မမေ့ပါနှင့်။
ပြည်သူက အသည်းကြားက မဲတစ်ပြားဖြင့် ရွေးလိုက်သည်မှာ လွှတ်တော်တွင် ငုတ်တုတ်ထိုင်၊ နှုတ်ဆိတ်၊ ပီကေ၀ါး၊ ငိုက်မျဉ်း၊ အဆီယစ်၊ ပျင်းပျင်းရှိလျှင် ဂိမ်းခိုးကစားဖို့ မဟုတ် ပါ။ လူထုအတွက်တက်တက်ကြွကြွဖြင့် ကိုယ်စားပြု အလုပ်လုပ်နိုင်ဖို့သာ ဖြစ်ပါသည်။
ပြည်သူတွေ ဘယ်လိုလူမျိုးကို ရွေးမလဲ။ ယနေ့ အရေးကြီးနေပါပြီ။ စဉ်းစားပါ။ စကားလုံးဧရာမကြီးတွေဖြင့် မဲဆွယ်သည့် လေထဲမှာ အမျောမခံပါနှင့်။ ဆန် ဆီ ဆား ငရုတ်ကြက် သွန်များဖြင့် မဲဆွယ်ခြင်း မဲဝယ်ခြင်းများကိုလည်း တရားမျှတမှုကို လိုလားစွာတွန်းလှန်ပါ။ လှိမ့်လုံး ဖြီးလုံးများကို ဖယ်ရှားပါ။ မဲတစ်ပြားသည် တန်ဖိုးရှိနေပါသည်။ အရွေးချယ်မှားလျှင် နောက်ငါးနှစ်တွင် မမျှော်မှန်းနိုင်သည့် အခြေအနေဆိုးများကို နောက်ထပ်တစ်ဖန် ခံစားရပါလိမ့်ဦးမည်။ ယခု ငါးနှစ်နှင့်ပင် ကျွန်တော်တို့ လုံလောက်ပါပြီ။ ထို့ကြောင့် ပြီးခဲ့သည့် ငါးနှစ်တာ အဖြစ်အပျက်များကို သင်ခန်းစာယူ၍ စာမျက်နှာသစ်ကို ရေးကြစို့။
ဝင်းဇော်လတ်
The Ladies News Journal ပါ ဆောင်းပါး
Comments
Post a Comment