Skip to main content

မင်းတြားကြီး သန်းရွှေ နဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၁)

Chief-Ge.-Than-Shwe-and-Wife
ပြီးခဲ့သည့် ၂၀၁၁ ခု ဇန်န၀ါရီ ၄ ရက်က နေပြည်တော်၌ ကျင်းပသည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ ညစာ စားပွဲတွင် အစိုးရ အဖွဲ့ဝင်များကို နှုတ်ဆက်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် (ဓာတ်ပုံ - AP)
ဒီလကုန်ရင် နေပြည်တော်မှာ လွှတ်တော် ခေါ်တော့မယ်။ အစိုးရ အုပ်ချုပ်ရေး ပြောင်းသွားမယ်လို့ ယူဆသူ တချို့ ရှိပေမယ့် မြန်မာ လူထု အများစုကတော့ ဘာမှ မပြောင်းဘူးလို့ ပြောနေကြတယ်။ ဗိုလ်ချုပ်မှူးကြီးနဲ့ အပေါင်းအပါ မိသားစုဝင်တွေ စိတ် ထင်တိုင်း ကျဲနေတာကို တရားဝင်မှု ပြုပေးရုံ လွှတ်တော် အမည်ခံ သက်သက်ပဲလို့ ဆိုကြတယ်။ လာမယ့် အစိုးရသစ်ကလည်း ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်ရင်လုပ်၊ မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောကြတယ်။

ဘယ်သူပဲ တက်တက် အစိုးရ အဖွဲ့ဝင်တွေဟာ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ကြေညာရမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားကတော့ အစိုးရသစ်ကို ဆက်ပြီး ဦးဆောင်မယ်လို့ သတင်းပြေးနေတဲ့ ဗိုလ်ချုပ်မှူးကြီး အပါအ၀င် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်းနဲ့ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ အပြင် နေပြည်တော်က စစ်အာဏာပိုင်တွေ အတွက် ဒီ ဥပဒေက အရာမ၀င်ဖြစ်နေရတယ်။ ဥပဒေအထက်မှာ ထင်ရာဆိုင်းနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး နဲ့ အပေါင်းအပါတွေ အကြောင်း တစေ့တစောင်းကို ဧရာဝတီ က ဖော်ထုတ် တင်ပြအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ


ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်းက နိုင်ငံတော် အစည်း အဝေးတွေမှာ သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့ ထိုင်လေ့ရှိပါတယ်။ လက်ရှိ စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာတော့ မိသားစုဝင် တွေပါ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်ကြတယ်။ နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ ကြတယ်၊၊ ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ ဘယ်လောက်အထိ ချမ်းသာ ကြွယ်ဝတယ်ဆိုတာ မသိနိုင် လောက်အောင်ပါပဲ။

လေ့လာ သုံးသပ်သူတွေ အဆိုအရ နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ တဒေါ်လာ ၆ ကျပ်နဲ့ စာရင်းပြထားလို့ ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့  ဂက်စ်ရောင်းရ ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။ အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့ ဒု ဗိုလ်ချုပ်ကြီး တင်အေးက တာဝန်ယူရတယ်။ တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။

ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ကာကွယ်ရေး ၀န်ကြီးဋ္ဌာန အသိုင်းအ၀ိုင်းတွေ အဆိုအရ ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည် သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့ ရောက်လာရင်လည်း ရောက်ရာ အရပ်က တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊ ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ မားကက်တွေကို ရောက်ရင်လည်း လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး တပ်မမှူး ကတော် တွေက ဗန်းနဲ့ ယူပြရတယ်။ သူတို့က ကြိုက်တာရွေးပြီး တခါယူရင် အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက် ယူတယ်။ အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက နောက်ကနေ လိုက်ရှင်းပေးရတယ်။ ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့ ၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့ မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ အမြည်းအစမ်း သဘောတွေ့လိုက်ကြရပါတယ်။

ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့ မသိဘူး။ မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့ လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊ ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က ရွှေတူးဖော်ခွင့်တွေအားလုံးကို ချုပ်ကိုင်ထားပြီး တခြားသူတွေကို လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။ လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့ ဒေသဆိုင်ရာ တိုင်းမှူးတွေက တဆင့်လျှောက်ရတယ်။ လိုင်စင်ကြေးကတော့ တဧက ကို သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။ လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ သိန်း တသောင်း။ အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့ ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။ သူတို့ဆီကနေ ပြန်ပြီး လုပ်ပိုင်ခွင့်ယူတဲ့သူတွေထဲမှာတော့ မုံရွာမှာ လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က တရုတ်သူဌေး ဂရိတ်ဝေါလ် အုပ်စုလို့ နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က အများဆုံး ယူထားတယ်။

နေပြည်တော်နဲ့ မေမြို့မှာလည်း အကောင်းဆုံး အိမ်တွေ ခြံတွေကို ပိုင်ဆိုင်ထားလို့ အားမရဘူး။ ရန်ကုန်မြို့က အင်းလျားကန် အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ ဆိုတဲ့ နိုင်ငံတော်နဲ့ စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီလို့ သိရတယ်။ ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄) တပ်နေရာတွေကိုလည်း အခု ဖယ်ရှားခိုင်းပြီး သူတို့မိသားစု ယူထားတယ်လို့ သိရတယ်။

အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင် မိသားစုအမွေမှု ဖြစ်နေတဲ့အိမ်(မြို့နယ် ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို ပေးပေမယ့် မယူတဲ့ အတွက် ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက နာမည်ခံပေး ထားရတယ်။ စီးပွားရေး အသိုင်းအ၀န်းမှာတော့ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို ဦးဆောင်လုပ်ပေးနေရတဲ့ ကိုယ်စားလှယ်လို့ ပြောနေကြတယ်။ ပုဂ္ဂလိက ဆေးရုံလုပ်ဖို့  ဦးတေဇ ၀ယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က ကန်သာယာဆေးရုံမှာလည်း သမီးတွေရှယ်ယာ ငွေ ပါတယ်၊ ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာက ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။

ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး သောင်းကျန်းတာကတော့ နောက်ဆုံး ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။ တရားဝင် ကုမ္ပဏီထောင်ပြီးတော့ စီးပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန် မျက်နှာပြပြီး ပွဲစားစီးပွားရေးမျိုး လုပ်နေတာပါ။

သူ့လုပ်နည်းလုပ်ဟန်က တချို့ကုမ္ပဏီတွေ တရားမ၀င် ပစ္စည်းတွေသွင်းလာရင် အကောက်ခွန်ဌာနက အစစ်အဆေးမခံရ အောင် တရားဝင် အခွန်မဆောင်ရအောင် ဆိပ်ကမ်းမှာရှင်းပေးတယ်။ ၀န်ဆောင်မှု အနေနဲ့ကတော့ ပစ္စည်းအမျိုးအစားပေါ် မူတည် ပြီး ပိုက်ဆံယူတယ်။ ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ အလုပ်လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့ ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း လုပ်တယ်။

အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့ မနော်ဟရီလမ်း အတွင်းမှာရှိတဲ့ ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ်ခြံလို့ လူသိများတဲ့ မြေကွက်ကြီး ကို ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နိုင်ဂရု(Naing Group)က ကုလားသူဌေးတွေ ၀ယ်ယူရာမှာ မြို့တော် စည်ပင်က အတည်မပြုပေးတဲ့ အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ် သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကို နားချပေးခိုင်း တာပါ။

ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကိုမှ ဗိုလ်မထားပါဘူး။ နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့ အတွင်းရေးမှူး(၁)သီဟသူရ တင်အောင်မြင့်ဦး ရဲ့သား ဗိုလ်ကြီး ဟောင်း တေဇာစောဦး လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့ ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့ ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က ၀င်လာလို့ နောက်လိုက်တွေကို ရိုက်နှက်ဖို့ ခိုင်းစေခဲ့ဖူးပါတယ်။

အနိုင်ကျင့်တဲ့နေရာမှာတော့ အဘိုးခြေရာမီပါတယ်။ ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း Facebookမှာ ရေးမိတဲ့ အမေရိကားနေ သူငယ်ချင်းတယောက်ကို မြန်မာပြည် ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက် ကြုံခဲ့ရတယ်။၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက် အလားတူမကောင်းကြောင်း ရေးမိတဲ့ အတွက် ရန်ကုန်မြို့က အဲ့ဒီ သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊ လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ ဦးချတောင်းပန်ခဲ့ရတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး ၀န်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က သတိအနေအထားနဲ့ နာယူရတယ်လို့လည်း သိရပါတယ်။
အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့ အပေါင်းအပါ အုပ်စုရောက်လာခဲ့လို့ အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ အတန်းမှာ နေရာယူထားတဲ့ ဦးရွှေမန်းရဲ့သား အောင်သက်မန်း က အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို ပြောင်းပေး လိုက်ရတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့ မတရားမှုတွေက ဒီလောက်နဲ့တင် ရပ်မသွားပါဘူး။ အရည်အချင်း ပြည့်ဝ၏ မပြည့်ဝ၏ နောက်ထား။ အာဏာရှင်ကြီး ဦးနေ၀င်း လက်ထက်ကတောင် မလုပ်ခဲ့တဲ့ စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ သမီးတွေကို အကြီးတန်း သံတမန် ရာထူးတွေ ခန့်ထားခဲ့တယ်။ သမီးတွေကတော့ သံတမန်အလုပ်ထက် သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ လုပ်တယ်။ သားတွေဖြစ်တဲ့ ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့ နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့ မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင် မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို ပိုင်ကြတယ်။ နာမည်ကြီး ဂျေဒိုးနတ်ဆိုလည်း ထွန်းနိုင်ရွှေ ပိုင်တာပဲ။ ကျောက်မျက်ကုမ္ပဏီ မြန်မာ ဗွီအီးအက်စ် ဆိုလည်း ကိုမိုးနီဆိုတဲ့ စီးပွားရေးသမား တယောက်နဲ့ တွဲလုပ်တယ်။ ပဲခူးမှာလည်း သစ်အချောထည် စက်ရုံထောင်ထားသေးတယ်။

ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို ချယ်လှယ်ပိုင်ခွင့်၊ ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ အကျိုးပေးတာလို့ နှစ်နှစ်ကာကာ ယုံကြည်နေကြပါတယ်။ ဒါပေမယ့် ရှေးကုသိုလ်ဟာ ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့ သက်ဆိုင်နေကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက်နေကြတယ်။

ဗိုလ်ချုပ်မှူးကြီး အသက်အရွယ် ထောက်လာလို့ နားချင်တယ်ဆိုတာတောင် ဒေါ်ကြိုင်ကြိုင်က နားခွင့်မပေးဘူးလို့ သိရပါတယ်။

လက်ရှိ စစ်တပ်မှာ ဗိုလ်ချုပ်မှူးကြီးဟာ နောက်တက်လာမယ့် စစ်ခေါင်းဆောင်တွေကို စိတ်မချသလို အာဏာရှင် ဦးနေ၀င်းလို ကျ ဆုံးခန်းရောက်မှာမျိုးကို စိုးရိမ်တဲ့အတွက် သီဟ သူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးတင်အေးကိုလည်း လက်ရှိ စစ်တပ် ခေါင်းဆောင် ငယ်တွေကို စိတ်ချလက်ချ လွှတ်မထားဖို့ ပြောဆိုကြောင်း သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ထောက်ချုပ်နဲ့ စစ်ရေးချုပ်ဟာ နာမည်သာရှိပြီး တပ်နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကတော့ မရှိသေးပါဘူး။ 

သမ္မတကြီးပဲ လုပ်မှာလား၊ နာယက ကြီးပဲ လုပ်မှာလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ မကြာခင် ရုပ်လုံးပေါ်လာလိမ့်မယ်လို့ ယူ ဆ ရပါတယ်။ လူတွေကတော့ အနားယူတယ်ဆိုတာ အနားကပ်တော့မှ သိမ်းကျုံးယူသွားတယ်လို့ ဆိုကြတယ်။ တကယ် အနားယူတယ်ဆိုဦးတော့ မိသားစု အနာဂတ် လုံခြုံရေး စိတ်ချရအောင် ဗိုလ်ချုပ်မှူးကြီး စီမံထားပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းမှာ နာမည်ကြီးခဲ့ပြီး မကြာခင်က အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီး သန်းဟန်ကို Eagle Security ဆိုတဲ့ လုံခြုံရေး ကုမ္ပဏီဖွဲ့စေပြီး မိသားစုလုံခြုံရေးကို လက်ရှိ စောင့်ရှောက် ခိုင်းထားတယ်လို့ သိရပါတယ်။




မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၂)


ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတာ ယဉ်ကျေးတဲ့ လူအဖွဲ့ အစည်းတိုင်းရဲ့ပြဋ္ဌာန်းချက်ပါ။ ဒါပေမယ့် စစ်ထောက်လှမ်းရေးမှူး ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အပါအ၀င် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို လာဘ်စားမှု၊ အာဏာအလွဲသုံးစား လုပ်မှုတွေနဲ့စွပ်စွဲလို့ ဖမ်းဆီးအပြီး တပ်မတော် ထိပ်တန်းခေါင်းဆောင် နံပါတ် ၃ နေရာကို အရှင်မွေးတော့ နေချင်း ညချင်းကြီးကာ ရောက်လာသူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဒီစကားကိုပြောတော့ လူတွေက ကောက်ချက်ချကြတယ်။ “အပြောကတော့ ရွှေမန်း” တဲ့။ အခုလာမယ့် အစိုးရ အသစ်မှာလည်း သမ္မတလား၊ လွှတ်တော် ဥက္ကဋ္ဌလား။ ရှေ့တန်းက သတင်းပြေးနေပါ တယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုကတော့ အတိအလင်းကြေညာရမှာပါ။ ကြေညာသည် ဆိုဦးတော့ အပြောလောက်နဲ့တင် မပြီးပါ။ မှတ်ကျောက် အတင် ခံဖို့တော့ လိုပါတယ်။ အခုထက်ထိတော့ သူရ ဦးရွှေမန်းကို အက ကတော့ ချိုမိုင်မိုင် လောက်ပဲလို့ ပြောဆို သံတွေသာ ဆူညံနေရဲ့။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်

သူရ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၆၉ ခုနှစ် DSA အပါတ်စဉ် ၁၁ က ဆင်းတဲ့ သူရ ဦးရွှေမန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်ကအကြမ်း ဖက် နှိမ်နင်းတုန်းက ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ကရင်သူပုန်တွေကို တိုက်ရာမှာ အစွမ်းပြနိုင်ခဲ့လို့ သူရ ဘွဲ့တံဆိပ်ကို ရခဲ့ပြီး ဗိုလ်မှူးကြီး အဆင့်အထိ ရာထူးဆက်တိုက် တိုးမြှင့်ခံခဲ့ရတယ်။ ၁၉၉၁ မှာ တပ်မ ၆၆ ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ် မှာ ဗိုလ်မှူးချုပ် အဆင့် တိုးမြှင့်ခံရပြီး ရန်ကုန်လုံခြုံရေးကို တာဝန်ယူတဲ့ တပ်မ ၁၁ ရဲ့ တပ်မမှူး ဖြစ်လာတယ်။ နောက်တနှစ်  အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး နအဖ စစ်ကောင်စီရဲ့ယာယီအဖွဲ့ဝင် ဖြစ်လာတယ်။ ၂၀၀၀ ပြည့်နှစ် မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီး စစ်ကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်းလိုက်နာပြီး အောင်မြင်အောင် အကောင်အထည်ဖော်ပေးတတ်တဲ့ သူရ ဦးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း ဒေါ်ကြိုင်ကြိုင်ကို အောက်သက်ကြေအောင် ပြုစုတတ်တော့ အရှင် မွေးတော့ နေ့ချင်းကြီးတော့တာပါပဲ။ ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့ ဗိုလ်ချုပ်မှူးကြီး မြေးအစဉ်အဆက်ကို ထိန်း ပေး ခဲ့သလို၊ သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကို မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့ အတွင်းသိတချို့ကတော့ ပြောကြ တယ်။

တကယ်တော့ ဒီလိုအလုပ်မျိုးတွေဆိုတာ တပ်မှာ ဒေါ်ခင်လေးသက် အဆင့်နဲ့ လုပ်စရာမလိုတဲ့ ကိစ္စတွေပါ။ ဒါပေမယ်လည်း ယောက်ျား တက်လမ်း၊ ဘ၀ တက်လမ်းအတွက် မောင်တထမ်း မယ်တရွက် ဆိုသလို အစွမ်းကုန် စွမ်းဆောင်ခဲ့တယ်လို့ ဆိုရမှာပါ။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ ကာကွယ်ရေး ၀န်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူး သေးတဲ့ ရာထူးအသစ် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ် ခန့်ထားခြင်း ခံရပါတယ်။ လုပ်ပိုင်ခွင့် ဘယ်ရွေ့ဘယ်မျှ ရှိတယ် ဆို တာ တိတိကျကျ မသိရပေမယ့် ဗိုလ်ချုပ်မှူးကြီး နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး တို့ရဲ့အမိန့်တွေကို အကောင်အထည်ဖော် ကြီးကြပ်ရတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ဆိုကြတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ သူ့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လူလို့ အားလုံး က သိကြတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုတော့ တပ်အပေါ် သြဇာအရှိဆုံး တယောက် ဖြစ် တဲ့ စစ်တပ်ကို ပိုက်ဆံရှာပေးနေရတဲ့ ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ် စစ်ထောက်ချုပ်ဟောင်းလည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး၂၀၀၈ မှာ စစ်လက်နက်ပစ္စည်း ၀ယ်ယူဖို့ မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်းကလည်း တပ်အသိုင်းအ၀န်းအတွင်းမှာ လူရှိန်အောင် စမတ်ကျကျ နေတတ်တယ်၊ အနေအထိုင်ဟော့ဟော့ ရမ်းရမ်းမရှိ၊ အသောက်အစားကလည်း လူကြီး လူကောင်းဆန်ဆန်။ တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းနဲ့ သူ့ကို စမတ်ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။ ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင် တခြား ဗိုလ်ချုပ်တွေလို မိန်းမကြိုက်တတ်တာကိုတောင် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိဘူးလို့ ပြောရမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊ ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်ကြီးတွေနဲ့ မတူတာကတော့ သူရ ဦးရွှေမန်း က နိုင်ငံတကာအမြင် ပိုရှိတယ်လို့ ဆိုရမယ်။ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဦးရွှေမန်းဟာ ပြည်တွင်း ဖြစ်ထက် ထိုင်းနဲ့ အနောက်တိုင်းသူတွေကိုမှ ပိုပြီး အာသီသရှိသတဲ့၊ ဆက်သွယ်ရေး လမ်းကြောင်းကတော့ သူ့သား အောင်သက်မန်းရဲ့ဆရာ ဦးတေဇ ပါပဲ၊ အဲပုဂံ နဲ့ ဘန်ကောက်က သွားပင့်လာပြီး ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ ပျော်ပါးသတဲ့။

ပြည်တွင်းရေးမှာလည်း ကျယ်ပြန့်တဲ့ အမြင်ရှိပါတယ်၊ အထူးသဖြင့် ဆန်စပါး စိုက်ပျိုးရေးနဲ့ နိုင်ငံခြားတင်ပို့ရေး ကဏ္ဍတွေမှာ ခေတ် မီ ဖွံ့ဖြိုးလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် နိုင်ငံစီးပွားထက်စာရင် မိသားစု အကျိုးစီးပွားက ပိုများနေမလားပဲ။ တကယ်တမ်း လည်း သူရဦးရွှေမန်း အနောက်တောင်တိုင်းမှူး ဖြစ်စဉ်တုန်းကတည်းက သားကြီး သြရသ အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီ ဟာ ဧရာဝတီတိုင်း တတိုင်းလုံးအတွက် မြေသြဇာ ရောင်းချခွင့်လိုင်စင်ကို တဦးတည်းပိုင် အဖြစ်နဲ့ ၀င်ငွေလမ်းဖြောင့်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ လယ်ဧက သုံးသောင်းကျော်ကို ကုမ္ပဏီပိုင် လုပ်ခဲ့လို့ လယ်သမားတချို့ အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်။၂၀၀၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရာထူး လက်ခံအပြီး ၂ နှစ်အကြာ ၂၀၀၅ မှာ ဧရာရွှေဝါဟာ စင်ကာပူနဲ့ ဘင်္ဂလား ဒေရှ့်ကို ဆန်တင်ပို့ ရောင်းချခွင့် လိုင်စင် ရခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိက ကုမ္ပဏီကို ဆန် ပြည်ပတင်ပို့ခွင့် ပထမဦးဆုံး ခွင့်ပြုခဲ့ခြင်းပါ။

အောင်သက်မန်းရဲ့ ဧရာရွှေဝါကုမ္ပဏီဟာ ၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး အခုအချိန်မှာတော့ စားအုန်း ဆီ၊ ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊ ရွှေတူးဖော်ရေး လုပ်ငန်း၊ ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင် လောင်စာဆီတင်သွင်း ရောင်းဝယ်ခြင်းလုပ်ငန်း တွေကို လုပ်ကိုင် နေပါပြီ။ နီးစပ်သူတယောက်ကတော့ “လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး ရန်ကုန်မှာလည်း မြေကွက်အမြောက် အမြား ပိုင်ထားတယ်။ ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ ကွန်ဒိုတွေ ၀ယ်ထားပြီး အမေရိကန်ရဲ့ ဆန်ရှင်ကို ရှောင်ဖို့ မလေးရှားနဲ့ ထိုင်းက ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့ အတွင်းသိတွေက ဆိုတယ်။

တပ်ထဲမှာ ဆက်ရှိနေတဲ့ သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်း ကလည်း စီးပွားရေး အသိုင်းအ၀န်းနဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝနေတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြား ထားတာ မဟုတ်လား။ ကြားရတဲ့ သတင်းတွေအရ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Red Link နဲ့ ဖျော်ဖြေရေး ရေဒီယို ချယ်ရီ FM ဟာ တိုးနိုင်မန်း ပိုင်တယ်လို့ သိရတယ်။

လက်ရှိ စစ်ဗိုလ်ချုပ်တွေရဲ့ ပုဂ္ဂလိက ပိုင်ပြုရေး၊ နိုင်ငံ စီးပွား စီမံခန့်ခွဲမှုကို လူတွေက ခနဲ့ကြတယ်။ “အဖေနှင့် သားများ ကုမ္ပဏီ” တွေ ကြီးစိုးတဲ့ ခေတ်တဲ့။ အာဏာရှိတဲ့ အဖေတွေက သားသမီးတွေကို ကုမ္ပဏီထောင်ခိုင်းပြီး လုပ်ပိုင်ခွင့်လိုင်စင်တွေ ဖောဖောသီသီ ချပေးမှတော့ ဒီမိသားစုတွေမှ မကြီးပွားရင် ဘယ်သူ ကြီးပွားတော့မှာတုန်းတဲ့။

လတ်တလောပြီးဆုံးသွားပြီဖြစ်တဲ့ နအဖ စစ်ကောင်စီရဲ့ အစည်းအဝေးက ထွက်လာတဲ့ သတင်းအရ သူရ ဦးရွှေမန်း လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူရမယ်လို့ ဆိုတယ်။ လွှတ်တော် ဥက္ကဋ္ဌ ကြီး အနေနဲ့ တကယ်လို့များ ပိုင်ဆိုင်မှုစာရင်းကို ကြေညာတဲ့အခါ“ကျနော့် သားတွေ ပိုင်တာ ကျနော်ပိုင်တာ မဟုတ်ဘူး”လို့ အရူးကွက် နင်းမှာကိုတော့ ကြိုသိနေပါကြောင်း။     ။



မင်းတြားကြီး သန်းရွှေနဲ့ နေပြည်တော် ခိုးသားများ အပိုင်း (၃)



လွတ်လပ်ရေး ရပြီး မြန်မာ့တပ်မတော်က ပေးတဲ့ အမြင့်ဆုံး သူရဲကောင်း ဘွဲ့တံဆိပ်ဟာ အောင်ဆန်းသူရိယ လို့ ခေါ်ပါတယ်။ ရန်သူကို တိုက်ခိုက်ရာမှာ သတ္တိ ဗျတ္တိနဲ့ ပြည်စုံသူ တပ်မတော်သားတွေကို ချီးမြှင့်ခဲ့တာ အခုထက်ထိ တပ်မတော်သား ၅ ဦးနဲ့ အရပ်သား ၁ ဦး ပေါင်း ၆ ဦး ရရှိခဲ့ပါတယ်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး နောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာ တရှိန်ထိုး ကြီးထွား လာတာကို မနာလိုမရှု့စိမ့် ဖြစ်ရာကနေ လွတ်လပ်ရေး သူရဲကောင်း နိုင်ငံ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း သမိုင်းနဲ့ အမည်နာမ တွေကို မှေးမှိန်ဖို့ ကြိုးစားရင်း ဒီဘွဲ့တံဆိပ်လည်း တိမ်ကော ပျောက်ကွယ် လာခဲ့ရတယ်။ ဒီလိုနဲ့ ဒုတိယနဲ့ တတိယအဆင့် သီဟသူရ ဘွဲ့နဲ့ သူရ ဘွဲ့တွေပဲ ချီးမြှင့်လာခဲ့ရာက ဒီနေ့အထိ သီဟ သူရ ၄၆ ဦး သူရ ၅၁၇ ဦး ကို တပ်မတော်ထဲမှာ ပေးအပ်ခဲ့ပြီးပါပြီ။

tin_aung_myint_oo
နေပြည်တော်တွင် ကျင်းပသော ပြီးခဲ့သည့် ဇန်န၀ါရီ ၄ ရက် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ တွေ့ရသည့် ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး(ဓာတ်ပုံ - AP)
ဒီဘွဲ့ရတွေထဲမှာ အထင်ရှားဆုံးကတော့ နေပြည်တော် နအဖ စစ်ကောင်စီရဲ့လက်ရှိ အတွင်းရေးမှူး ၁ တာဝန်ကို ထမ်းဆောင်နေပြီး အခု ဒု သမ္မတ အဖြစ် စစ်တပ်က ကိုယ်စားလှယ်အမည်စာရင်း တင်သွင်း ခံရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး ပါပဲ။ ရည်မှန်းချက်ကြီးသူ စစ်သွေးစစ်မာန်အပြည့်နဲ့ မာရည်ကျောရည် ရှိသူလို့ ဆက်ဆံဖူးသူတွေက ဆိုပါတယ်။ ဒါပေမယ့် လေ့လာသုံးသပ်သူတွေကတော့ လတ်တလော ခြအစားဆုံး ဒီ စစ်ဗိုလ်ချုပ် ဟောင်းကြီးဟာ လာမယ့် အစိုးရသစ်အဖွဲ့ထဲမှာလည်း အခုပုံစံနဲ့ ဆက်စားသွားရင် နံပါတ်ဝမ်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခင်းပေးထားတဲ့ ကြိုးတန်းပေါ်က ဘယ်အချိန်ပြုတ်ကျမလဲ ဆိုတာ ကိုသာ စောင့်ကြည်ရတော့မှာ ဖြစ်ပါတယ်။ လာဘ်စားတယ်ဆိုပြီး ဖြုတ်ခံထိသွားကြတဲ့ ဗိုလ်ချုပ်တွေကလည်း သူ့ရှေ့မှာ သင်ခန်း စာ ပေးသွားပြီးပြီ မဟုတ်လား။

သီဟ သူရ တင်အောင်မြင့်ဦး (ဗိုလ်ချုပ်ကြီးဟောင်း)

၁၉၈၈ ဖြစ်ပွားခဲ့တဲ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့်လို့ စွပ်စွဲပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းနေချိန် မြန်မာပြည်အရှေ့ဘက်ခြမ်း တရုတ်မြန်မာ နယ်စပ်တလွှားမှာ ဗကပ ထိုးစစ်ကိုလည်း မြန်မာ စစ်တပ်က အသည်းအသန် ခုခံရင်ဆိုင်ခဲ့ရတယ်။ ဒီတိုက်ပွဲတွေမှာ DSA အပတ်စဉ် ၁၂ ဆင်း ဗိုလ်မှူး တင်အောင်မြင့်ဦးက  ခလရ ၁၁ ဒု တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းခဲ့တယ်။ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူးစိုးလွင် တိုက်ပွဲကျသွားတော့ ဒု ရင်းမှူးဖြစ်တဲ့ တင်အောင်မြင့်ဦး က ကွပ်ကဲရတယ်။ သူ့ရဲဘော်တွေကတော့ သစ်ပင်နောက်မှာ အမြဲ ပုန်းဝပ်နေတတ်တဲ့ ဗိုလ်မှူးလည်း နောက် ပိုင်းမှာ ဒဏ်ရာရပြီး သီဟ သူရ ဘွဲ့ကို ရခဲ့တယ်လို့ ဆိုတယ်။

အဲ့ဒီ့နောက်မှာတော့ ရာထူးတက်လမ်း မြန်ခဲ့တယ်လို့ ဆိုရမယ်၊ ၁၉၉၂-၉၃ ခုနှစ် မှာ တပ်မ ၃၃ မှာ  ဗျူဟာမှူး၊ မကြာခင်မှာပဲ ဒု တပ်မှူး ရာထူးရပြီး ၁၉၉၄ ခုနှစ်မှာ တပ်မမှူး ရာထူးတိုးမြှင့်ခံရတယ်။ ၁၉၉၆-၁၉၉၇ မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ထမ်းခဲ့တယ်။ တချိန်တည်းမှာပဲ န၀တ အစိုးရကနေ နအဖ အမည်ပြောင်းတဲ့ အခါမှာတော့ စစ်ကောင်စီ အသစ်မှာ အဖွဲ့ဝင်ဖြစ်လာ ခဲ့တယ်။

တပ်ထဲမှာတော့ ဒေါသကြီး မိုက်ရိုင်းတဲ့ ဗိုလ်ချုပ် တယောက်လို့ လူသိများသူပါ၊ နီးစပ်သူတွေ ပြောပြတာကတော့ တပ်ထဲမှာတုန်း က လက်ထဲမှာ ကြိမ်တုတ်ကို အမြဲကိုင်ထားပြီး ပါးစပ်ကလည်း မအေနှမ အမြဲကိုင်တုတ်နေသူ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကြောင့် လည်း သူ့ကို အရာရှိ ငယ်တွေက ကြောက်ကြတယ်။

လူမွေးရာမှာ တော်တဲ့ ဗိုလ်ချုပ်မှူးကြီးက လူပျော့တွေ(သူရရွှေမန်း၊ ကွယ်လွန်သူ ၀န်ကြီးချုပ် စိုးဝင်း၊ လက်ရှိဝန်ကြီးချုပ် သိန်းစိန်) တို့မှာ မရှိတဲ့ ဒီလို စရိုက်ဆိုးတွေနဲ့ ပြည့်တဲ့ သူကို လက်သပ်မွေးထားခဲ့တယ်။
ဘယ်လောက်အထိ ဗိုလ်ချုပ်မှူးကြီးက မျက်နှာသာပေးခဲ့သလဲဆိုတော့ တပ်မတော်တခုလုံး ရဲ့ လက်နက်၊ ရိက္ခာ၊ အဆောက်အအုံ၊ ဘတ်ဂျက် စတာတွေကို စီမံကွပ်ကဲရတဲ့ စစ်ထောက်ချုပ်ရာထူးကို အငြိမ်းစား မပေးခင် ပြီးခဲ့တဲ့ နှစ်အထိ လုပ်ခိုင်းဖူးတယ်။ အလား တူပဲ ဗိုလ်ချုပ်မှူးကြီးက သူ တလျှောက်လုံး တာဝန်ယူခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကို မကြာသေးခင်က ယာယီလွှဲပေးပြီး ရုရှား၊ တရုတ်၊ အာဆီယံနိုင်ငံ တွေမှာလုပ်တဲ့ စစ်ဘက်အစည်းအဝေးတွေကို တက်ခိုင်းခဲ့တဲ့ အထိ မျက်နှာသာပေးခဲ့တယ်။ အခုလည်း ဒု သမ္မတ ရာထူးအတွက် စစ်တပ်ရဲ့တဦးတည်းကိုယ်စားလှယ်နေရာ ပေးခဲ့တာကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီးရဲ့ မျက်နှာသာပေးခြင်း က လျော့မသွားသေးဘူးလို့ ဆိုရမယ်။

ဒါပေမယ့် လာမယ့် အစိုးရသစ်မှာ သမ္မတ ဖြစ်မယ်လို့ သေချာနေတဲ့ ဦးသိန်းစိန်နဲ့ ဘယ်လို ဆက်စခန်းသွားမယ်ဆိုတာ စိတ်ဝင်စား စရာပါ။ ဒီ ၂ ယောက်က အချင်းချင်း သိပ်အစေး မကပ်ပါဘူး။ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း သေလို့ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် နဲ့ အစားထိုးတဲ့အခါ စစ်ကောင်စီရဲ့ အတွင်းရေးမှူး(၁)ရာထူးကို ဦးသိန်းစိန်ဆီက ဦးတင်အောင်မြင့်ဦး လွှဲယူရတယ်။ မကြာပါဘူး သူ့ ရဲ့ ဉာဉ်ဆိုးအတိုင်း သူ့ရှေ့က ၀န်ကြီးချုပ်သိန်းစိန်ရဲ့ လုပ်ပိုင်ခွင့်တွေကို ၀င်ရောက် စွက်ဖက်ပြီး ပမာမခန့်လုပ်တော့တာပဲ။ ဘယ်လောက်အထိလဲဆိုတော့ ၀န်ကြီးချုပ်လုပ်တဲ့ စီမံကိန်းမှန်သမျှ ငွေချမပေးဘဲ ညစ်ခဲ့တာကြောင့် လုပ်ငန်းတွေ ပျက်ပြားခဲ့ရပြီး ၀န်ကြီးချုပ်ကို အပြောသမား သက်သက်ဖြစ်အောင် စနစ်တကျ အကွက်ချပြီး နှိပ်ကွပ်ခဲ့တယ်၊ ဒါကြောင့် ၀န်ကြီးတွေ ကြားထဲမှာ ပြော စမတ် ဖြစ်လာတာကတော့ ၀န်ကြီးချုပ်ကို တွင်း(၁)က အာဏာသိမ်း လိုက်တယ် ဆိုတဲ့ စကားပဲ။ အခုလာမယ့် အစိုးရသစ်မှာကော သူလက်စွမ်း ဆက်ပြမှာလား။ လူတွေကတော့ ကောက်ချက်ချတယ်။ နာမည်မှာကိုပဲ အားလုံးထက် သူက ၆ လုံးပိုတယ်တဲ့။ ဒါကြောင့် သူ့ကို ၈ လုံးလို့ အမည်ပေးကြတယ်။

ဒီကြားထဲ ကံကလိုက်ချင်တော့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူထားတဲ့ ကုန်သွယ်ရေး ကောင်စီ(Trade Council) မှာ ဥက္ကဋ္ဌ ဖြစ်ပြန်တယ်။ ဇာတ်လမ်းက အခုမှစပါတော့တယ်။ မိုက်ရိုင်းထွားကြိုင်းတဲ့ ဗိုလ်ချုပ်ကြီး တယောက် စီးပွားရေးသမားတွေနဲ့ ပေါင်းမှ ငွေကြေးရဲ့ သြဇာခံ ဖြစ်သွားခဲ့ရပုံကတော့ သူ့ရှေ့က လာဘ်စားမှုနဲ့ ပြုတ်သွားတဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ တို့ထက်တောင် သာတယ်လို့ ပြောရမယ်။ သူက ၈ လုံး မဟုတ်လား။

Trade Council  ဥက္ကဋ္ဌ ဆိုတာကလည်း အိတ်စ်ပို့၊ အင်ပို့ လိုင်စင်တွေ ချပေးခွင့်ရှိတယ်၊ နိုင်ငံခြား ကုမ္ပဏီကြီးတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့အတွက် သူ့ဆီမှာ ခွင့်တောင်းရတယ်၊ မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံမှု လုပ်ချင်ရင် သူဆီက ခွင့်တောင်း ရတယ် ဆိုတော့ မျိုးမျိုးမြက်မြက်ကလေး ကျန်မှာကတော့ မလွဲပါပဲ။

လူရမ်းကား ဗိုလ်ချုပ်ကြီးကို လိမ္မာသွားအောင် အစစ အရာရာ သင်ကြားပေးနေသူကတော့ မက်စ်မြန်မာ ဇော်ဇော်ပါပဲ၊ သူတို့နှစ်ဦး ဆက်ဆံရေးကို လူတွေက သားအဖလို့တောင် ပြောကြတယ်။ Trade Council ဥက္ကဋ္ဌ ရာထူး ရခါစမှာ ကားသွင်းခွင့် ပါမစ်တွေကို စစ်တပ်ပိုင် ဦးပိုင်လီမိတက်ထက် မက်စ်မြန်မာ ဇော်ဇော်ကို အများဆုံးသွင်းခွင့်ပေးခဲ့လို့ လူကုံထံ ဇိမ်ခံကား ကနေ မီးသတ်ကား အထိ သုံးလိုတဲ့သူတိုင်း ဇော်ဇော် ဆီက ပြန်ဝယ်ရတယ်၊ အဲသည့်အတွက် ဇော်ဇော်က ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ကို အချိုးကျ အ
မြတ်ခွဲ ပေးရတယ်။

စစ်ထောက်ချုပ် ဘ၀မှာပဲ နေပြည်တော် တည်ဆောက်ရေးကို တာဝန်ယူရတော့ ပိုပြီးချမ်းသာဖို့ ဖြစ်လာခဲ့တယ်။ နီးစပ်သူတွေ အ ပြော ကတော့ တပ်ချုပ်ကြီးကိုတော့ နှစ်လေးဆယ် အာမခံပါတယ်ဆိုပြီး နေပြည်တော် လမ်းတိုင်းကို အရည်အသွေးမစစ်ဆေးဘဲ မက်စ်မြန်မာ ဇော်ဇော်ကို အမြတ်များများ ကျန်အောင် ခင်းစေခဲ့တယ်။ 

နေပြည်တော် တည်ချိန်မှာပဲ သူ့ ပီအက်စ်အို ဗိုလ်ကြီး အေးချစ် ညီမ မအေးဟန်ကို ဇင်ထက် ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ် ရေး ကုမ္ပဏီတခု ဖွင့်စေခဲ့ပြီး ACE ၊ အေဒင်၊ မက်စ်၊ အေရှားဝေါလ်၊ ထူး စတဲ့ နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘိလပ်မြေ၊ သံချောင်း စတဲ့ ပစ္စည်းသွင်း စေခဲ့တယ်၊ ဒါကြောင့်လည်း နေပြည်တော်က အစိုးရရုံးကြီးတွေနံရံမှာ အက်ကြောင်းတွေ ထနေပေမယ့်လည်း တာဝန်ယူတဲ့ ကုမ္ပဏီကြီးတွေ အရေးယူမခံခဲ့ရပါဘူး။

မအေးဟန်ဆို စင်္ကာပူ မှာတောင် ရုံးခန်းဖွင့်လိုက်သေး။ ဗိုလ်ကြီးအေးချစ် ကလည်း မီလျှံနာနီးပါး တခါတည်းချမ်းသာသွားတာ။ မဆလ လက်ထက်က တိုင်းမှူးတွေ ၀န်ကြီးတွေတောင် သူ့လောက် မချမ်းသာဖူးဘူး။ အင်းစိန် မင်းဓမ္မကုန်းဘက်မှာ မြေကွက်တွေ တော်တော်များများ ပိုင်တယ်လို့ စီးပွားရေးသမားတွေက ပြောကြတယ်။

စီးပွားရေးသမားတွေကို လူမွေးတဲ့ နေရာမှာကတော့ ဗိုလ်ချုပ်မှူးကြီး က တေဇ၊ ဒု ဗိုလ်ချုပ်မှူး ကြီးမောင်အေးက အောင်ကိုဝင်း၊ ဦးရွှေမန်းက သူ့သားနှစ်ယောက်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က လားစိုးမြင့်ဆိုတဲ့ ရှမ်းတရုတ် ဆိုတော့ ဒု သမ္မတ ဖြစ်မယ့် လူရမ်းကား ဗိုလ်ချုပ်ကြီးနဲ့ ဇော်ဇော်တို့ ၂ ယောက် ပေါင်းသွားတာ သိပ်တော့လည်း မထူးဆန်းဘူး။

အတွင်းသိတွေ ပြောစကားကတော့ စစ်ထောက်ချုပ်ဘ၀ ကျောက်သူဌေး အိုက်လင်းနဲ့ ပေါင်းပြီး ကျောက်မျက်ပြပွဲက ပတ္တမြားနဲ့ ကျောက်စိမ်း ၈၀ ရာခိုင်နှုန်းကို တရုတ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ကျောက်ဈေးကွက်ကို မှောင်ခိုခိုးထုတ်ခဲ့တဲ့ ငွေမည်းတွေကို ခ၀ါချဖို့ နိုင်ငံတော်ရဲ့လိုအပ်ချက်ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်ထားတဲ့ ဇော်ဇော်ပိုင် ဧရာဝတီဘဏ်မှာ သူ့ရှယ်ယာတွေ ထည့်ထားတယ်၊  မြန်မာတပြည်လုံးမှာ ဖွင့်ထားတဲ့ မက်စ်မြန်မာ လောင်စာဆီ ဆိုင်တိုင်းမှာ သူ့ပိုက်ဆံပါတယ် လို့လည်း သိရတယ်။ တနိုင်ငံလုံးရှိတဲ့ ဘောလုံးကွင်း တည်ဆောက်ပြုပြင်ရေး၊ ရန်ကင်းက သတ္တုတွင်း ၀န်ကြီးဌာန ရုံးဟောင်းကို ကလေးဆေးရုံးဆောက်ခွင့်တို့ကို ဇော်ဇော်ကို ပေးထားသလို အထူးအခွင့်အရေး အနေနဲ့ ရုရှားသံရုံးကလုပ်တဲ့ အခမ်းအနား တိုင်းမှာ ဇော်ဇော်ကို တက်ခွင့်ပေးခဲ့ တယ်။

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အစိုးရ စီမံကိန်းကြီးဖြစ်တဲ့ ထားဝယ်ရေနက် စီးပွားရေး အထူးဇုန် တည်ဆောက်ရေးကို လည်း ဇော်ဇော် တဦးတည်းကို ပေးခဲ့တယ်။ နီးစပ်သူတွေ အပြောကတော့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို အကျိုးအမြတ်ရဲ့ တ၀က်ခွဲပေးရတယ်လို့ သိရတယ်။

ဇော်ဇော် အလိုက်သိတတ်ပုံကလည်း မိန်းမလိုက်စားတတ်တဲ့ ဗိုလ်ချုပ်ကြီး အတွက် သူပိုင်တဲ့ မာရီနာ ဟိုတယ်မှာ အရက်ရော ကြက်ရော ရှာပေးတဲ့ အထိတဲ့။ ဒါ့အပြင် အင်းစိန် စက်မှုတက္ကသိုလ်အနီး အောင်သိဒ္ဓိလမ်းနဲ့ အေးရိပ်ငြိမ်လမ်းဆုံတဲ့ နေရာမှာ နန်းတော်ကြီးတမျှ တခမ်းတနား ဆောက်ထားတဲ့ ဗိုလ်ချုပ်ကြီး အိမ်အတွက် အီတလီနိုင်ငံလုပ် အတွင်းပရိဘောဂတွေကို ဇော်ဇော် က ၀ယ်ထည့် ပေးခဲ့တယ်။  ဖိနပ်စင် တခုတောင် သိန်းလေးရာလောက် တန်တယ်လို့ အတွင်းသိ တချို့ကဆိုတယ်။ ခြံထဲက လမ်း တွေကို အားလုံး ကွန်ကရစ်တွေ ခင်းထားပြီး လုံခြုံရေး ဂိတ်တောင် နှစ်ထပ်တိုက် ဆောက်ထားတယ်တဲ့။

ဒါတင်မက အရှေ့မြောက်တိုင်း တိုင်းမှူးဘ၀နဲ့ ပုလဲနံပ သင့်ခဲ့ပြီး သူ့ကို အကျိုးခံစားခွင့် များများပေးတဲ့ ဘိန်းဘုရင် လော်စစ်ဟန်  သား ထွန်းမြင့်နိုင် ရဲ့အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ရန်ကုန်-မန္တလေး-လားရှိုး လမ်းပြုပြင်ရေး၊ ရန်ကုန်လေဆိပ်နဲ့ တနိုင်ငံလုံး လေဆိပ် ပြေးလမ်းတို့ချဲ့ရေးတို့ အပြင် နေပြည်တော် လေဆိပ်အသစ် တည်ဆောက်ရေးကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ အမှတ် ၁  လျှပ်စစ် ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း လုပ်ပိုင်ခွင့်ကိုကျော်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတိုင်း အေးရှားဝေါလ်ကို လုပ်ပိုင်ခွင့်ပေးလို့ ဗိုလ်ချုပ်မှူးကြီး ကတောင် ခေါ်ယူ သတိပေးရတဲ့အထိဖြစ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို သူ့သား ဗိုလ်ကြီးဟောင်း တေဇာစောဦး ရှယ်ယာပါတဲ့ အေးရှားဝေါလ် ကုမ္ပဏီ ကို လုပ်ပိုင်ခွင့် ချပေးပေမယ့် တရုတ်ကုမ္ပဏီက ငြင်းပယ်ပြီး တေဇပိုင် ထူးကုမ္ပဏီနဲ့ လုပ်မယ်လို့ ပြောခဲ့တဲ့အတွက် အတွင်းရေးမှူး (၁) ကြီး အရှက်ရခဲ့လို့ ထူးကုမ္ပဏီက မနည်းဖြေရှင်းခဲ့ရတယ်၊ တွင်း(၁)ကြီး အမျက်ပြေဖို့ အေးရှားဝေါလ်ကို တဆင့်ခံ ကန်ထရိုက် အနေနဲ့ ထူးက လုပ်ငန်းတချို့ လွှဲပေးခဲ့ရတယ်။

စီးပွားရေး သောင်းကျန်းလို့ရလာတဲ့ ပိုက်ဆံတွေကို စင်္ကာပူ ဘဏ်မှာ အပ်ဖို့ မကြာခင်ကအသွား ဒေါ်လာတွေ တပွေ့တပိုက် အိတ်ထဲ ထည့်လာတဲ့ တေဇာစောဦး ချန်ဂီ လေဆိပ်မှာ မသင်္ကာဖြစ်ပြီး ခဏတောင် အစွဲခံလိုက်ရသေးတယ်။ နောက်မှ စင်္ကာပူက လာနေကြ ကတ်စတမ်မာ မှန်း သိလို့ ပြန်လွှတ်ပေးလိုက်တယ်။

လူတွေကတော့ ပြောနေကြတယ်။ ဦးတင်အောင်မြင့်ဦး တကယ် သတ္တိရှိပုံ မပေါ်ဘူးတဲ့။ သီဟ သူရ ဘွဲ့ရတိုင်း သတ္တိရှိတယ်လို့ ပြော မရဘူး။ မိုက်ရူးရဲလည်း ဖြစ်နိုင်တာပဲတဲ့။ တကယ် သတ္တိရှိရင် ဥပဒေ အတိုင်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို တကယ်ကြေညာ တဲ့။ ကဲ... ဒု သမ္မတကြီး သီဟ သူရ ဦးတင်အောင်မြင့်ဦး ခင်ဗျာ.. အလှည့်ကျ မနွဲ့ကြစတမ်း ပေါ့နော...။ ။

မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၄)


စစ်သားများများ အရပ်သားနည်းနည်း စွက်ထားပြီး တိုင်းရင်းသား မပါသလောက်၊ အမျိုးသမီးဆိုလည်း မပါဘဲ ဖွဲ့ထားတဲ့ အစိုးရ အဖွဲ့သစ်ကြီး တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပါပြီ။ အသစ် ဆိုပေမယ့်လည်း တကယ်တမ်း အပြောင်းအလဲ မယ်မယ်ရရ  မရှိဘဲ အစိုးရ အဖွဲ့ဟောင်းက နာမည်ပျက်ဝန်ကြီး တချို့ကို ထုတ်၊ ဒုဝန်ကြီးတွေနဲ့ အစားထိုး၊ နောက်ထပ် စစ်သားဝန်ကြီးတွေ ထပ်ဖြည့်နဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်း ထုံးသုတ် မွမ်းမံတဲ့ ပုံစံပါပဲ။

ဒီမျက်နှာတွေ ဒီပုံတွေ မြင်လိုက်တာနဲ့ စီးပွားရေး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့မှု ရုပ်သိမ်းမှာမဟုတ်သလို ပြည်သူတွေ ကြား မှာလည်း ဘယ်သူပဲ တက်တက် မထူးမခြားနားဆိုတဲ့ အသံတွေ၊ အတွေးတွေကို  ကြားသိ မြင်တွေ့နေရပါတယ်။ အစိုးရ အဖွဲ့သစ် ကို ဦးဆောင်မယ့် သူကလည်း ရုပ်သေးရုပ် တရုပ်လို ကြိုးဆွဲရာ “က” တတ်တယ်လို့ နာမည်ကြီးတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်ပါပဲ။

Article-Thein-Sein-and-Mg-Aye-Feb-14-Yan-Pai
နေပြည်တော်၌ ကျင်းပသော ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာ စားပွဲတွင် တွေ့ရသည့် သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနောက်နားက ယာဘက်) (ဓာတ်ပုံ - AP)
ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း)

ဝန်ကြီးချုပ် တဖြစ်လဲ သမ္မတဖြစ်လာမယ့် ဧရာဝတီတိုင်း ကျောင်းကုန်းသား ဦးသိန်းစိန်ဟာ ၁၉၆၈ ခုနှစ် DSA အပတ်စဉ် ၉ ကျောင်း ဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်ကာလက တပ်မ ၅၅ မှာ ဗိုလ်မှူးအဖြစ် တာဝန်ယူခဲ့တယ်။ အဲဒီနောက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ ခလရ ၈၉ မှာ တပ်ရင်းမှူးရာထူးနဲ့ တပ်ရင်းမှူးတိုင်း တက်ရတဲ့ နာမည်ကြီး ကလော စစ်ဦးစီးတက္ကသိုလ် ဆင်းပြီးတဲ့ အခါမှာတော့ အထက်ကို တက်လှမ်းဖို့ လမ်းပွင့်သွားခဲ့တယ်လို့ ပြောရမှာပေါ့။

၁၉၈၈ ခုနှစ်နောက်ပိုင်း အရှေ့မြောက်ဒေသ တိုက်ပွဲများ ကျဲပါးသွားတဲ့နောက် မြန်မာ့တပ်မတော်ဟာ အရှေ့တောင်ဘက် ဒေသမှာရှိတဲ့ ကရင်သူပုန်နဲ့ ကျောင်းသားတပ်တွေကို ပိုမိုအာရုံစိုက် ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့ ဒီတိုက်ပွဲတွေကို ဖော်ဆောင် ရာမှာ ရန်သူနဲ့ သူတင်ကိုယ်တင် အသေအကြေ တိုက်ခဲ့ရသလို စစ်အရာရှိကြီး အတော်များများ ကျဆုံးသူကျဆုံး၊ အမိန့်မနာခံလို့ ဆိုတဲ့ ပြစ်ချက်တွေနဲ့ ရုံးတင်အပြစ်ပေး အရေးယူခံရသူခံရ ဖြစ်နေချိန်မှာ ဦးသိန်းစိန်ကတော့ စစ်ရုံးလို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဗိုလ်မှူးကြီးဘ၀နဲ့ ရုံးလုပ်ငန်းတွေအပြင် ဗိုလ်ချုပ်မှူးကြီးရဲ့ အပါးတော်မြဲ တာဝန်တွေကို ထမ်းဆောင်နေခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ အနီးကပ်နေရတဲ့ စစ်ရုံးက စစ်ဦးစီး ပထမတန်း (Col. GS) ဘ၀မှာတင် ရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင် ခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မျက်စိကျခြင်း ခံရပြီး ဗိုလ်မှူးချုပ်ရာထူးကို စောစောစီးစီး တိုးမြှင့်ပေးခြင်းခံခဲ့ရ တယ်။ တပ်မတော်အစဉ်အလာကို ချိုးဖောက်ပြီး ဗိုလ်မှူးချုပ်ရာထူးအဆင့်နဲ့ စစ်ဦးစီး ပထမတန်းနေရာမှာပဲ ဆက်ထားပါတယ်။ တကယ်က စစ်ဦးစီး ပထမတန်းဆိုတာ ဗိုလ်မှူးကြီးတွေကိုပဲ ထားတာပါ။

ရုံးတာဝန်၊ လုပ်ငန်းတွေကို စာရင်းဇယား ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ခဲ့တဲ့အတွက် တပ်ထဲနဲ့ အစိုးရအဖွဲ့ထဲမှာ “စာရေးကြီး … စာရေးကြီး” နဲ့ နာမည်ကြီးခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့မြှောက်စားခြင်းခံရတာဟာ ဦးသိန်းစိန်အတွက် နောင် သမ္မတဖြစ်လာဖို့ အကြောင်း အချက်တချက်ဖြစ်ပါတယ်။ နီး စပ်သူတွေကတော့ ဒီလို စစ်ရုံးကို ရောက်ခဲ့တာဟာ အရင် ကစထမှူး (စစ်ဆင်ရေး အထူးအဖွဲ့မှူး) လုပ်ခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး ဟောင်း ခင်မောင်သန်းရဲ့ ကျေးဇူး မကင်းဘူးလို့ ဆိုကြတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်ခေါင်းဆောင်တစုက စစ်တပ်အတွင်း များပြားလာတဲ့ စစ်အရာရှိ ဖောင်းပွမှု ပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာဝင်ငွေ၊ လူဦးရေနဲ့ အချိုးအစားကို မကြည့်ဘဲ တပ်မတွေ တိုးချဲ့ချိန်မှာတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဖူးကြီး အခြေစိုက် စကခ ၄ (အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်)ကို အသစ်တည်ဆောက်ဖို့  ဦးသိန်းစိန် တာဝန်ယူခဲ့ပြန်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ရှမ်းပြည်အရှေ့ပိုင်းက တြိဂံတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာခဲ့ပြီး တိုင်းမှူးဘ၀မှာ အထက်ကပေးတဲ့ ခေါင်းစား စရာ အမိန့်တွေ့ကြောင့် ခေါင်းပူတာကို ဖြေဖျောက်ဖို့အတွက် ဆံပင်ညှပ်ဆိုင်မှာ မကြာခဏ ခေါင်းလျှော်၊ ခေါင်းရှင်းတယ်လို့ သိရ တယ်၊ ဘယ်လောက်အထိ ခေါင်းလျှော်တာကို စွဲသွားသလဲ ဆိုတော့ ဆိုင်ရှင်အမျိုးသမီးနဲ့တောင် မရှင်း မရှင်းဖြစ်တယ်ဆိုပြီး ပတ် ၀န်းကျင်က သမုတ်ခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ တာချီလိတ် နယ်ခံတွေက ပြောပါတယ်။ အခု သမ္မတ တာဝန်ယူပြီ ဆိုရင်တော့ ရှေ့ကိုဆက်ပြီး ခေါင်းစားစရာတွေကို ပို ရင်ဆိုင်ရတော့မှာဖြစ်တယ်။

ဦးသိန်းစိန် တိုင်းမှူးအဖြစ် တာဝန်ယူနေစဉ်အတွင်း တာချီလိတ်မြို့အနီးမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တခြား ဗိုလ်ချုပ်တွေလိုပဲ ထိုင်းမုန်းတီးရေး သမားတဦးအဖြစ်နဲ့ လူသိပိုများလာတယ်။ ၂၀၀၁ ခုနှစ် စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး တင်ဦး ကရင်ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျသေဆုံးအပြီးမှာ ဦးသိန်းစိန် စစ်ရေးချုပ်ဖြစ်လာတယ်။ နောင် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ အတွင်းရေးမှူး (၂) ဖြစ်လာခဲ့တယ်။

လမ်းပြမြေပုံ ၇ ချက် ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပချိန်မှာတော့ ညီလာခံ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပြန်တယ်။

နဖူးရေ ဒူးရေ ကြည့်ပြီး တခြား စစ်ဗိုလ်ချုပ်တွေထက် စာရင် သဘောကောင်းတယ်၊ မောက်မာမှု မရှိလောက်ဘူးလို့ ထင်ရပေမယ့် စစ်အရာရှိ အများစုမှာရှိတဲ့ စရိုက်ဆိုးအတိုင်း မန္တလေးဘူတာကြီးမှာ ရုံပိုင်ကို တပ်ရင်းမှူးဘ၀က လက်သီးစွမ်းပြခဲ့ဖူးတယ်လို့ အတွင်းသိတွေက ဆိုတယ်။

သဘောထားတင်းမာပြီး မောက်မာလှတဲ့ လက်ရှိ ထိပ်တန်းစစ်ခေါင်းဆောင်တွေ အကြားမှာတော့ သဘောထား ပျော့လွန်းသူ၊ ဆန့်ကျင်ဘက် အသွင်ဆောင်သူလို့ မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး အတွက်တော့ ရုပ်ပြကောင်းပြီး ဗန်းဖုံး လှတာကြောင့် ဒီပဲယင်းလူသတ်သမား ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးသွားတဲ့အခါ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ဖို့ သူပြောသမျှကို မှန်မှန်မှားမှား နားထောင်လေ့ရှိတဲ့  ဦးသိန်းစိန်ကို ၀န်ကြီးချုပ်အဖြစ် မြှောက်စားခဲ့ပြီး နိုင်ငံတကာ ဇာတ်ခုံကို စေလွှတ်ခဲ့ တယ်။

ဗိုလ်ချုပ်မှူးကြီးစကား ဘယ်လောက် နားထောင်လဲဆိုတော့ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ၀ီကီလိခ်စ် သံတမန် ပေါက်ကြားစာ တွေ အရ  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီး အာဆီယံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ်  မစ္စတာ ဂန်ဘာရီ မြန်မာ့အရေးနဲ့ ပတ်သက်လို့  စကားပြောဖို့  အာဆီယံ ခေါင်းဆောင်တွေက ခွင့်ပေးခဲ့ရင် အစည်းအဝေးခန်းကို သပိတ်မှောက်ပြီး ထွက်ခဲ့ဖို့နဲ့ အမေရိကန်က ပြုလုပ်နေတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို လျော့ပါးအောင် လှည့်ဖျားဖို့ကို ဗိုလ်ချုပ် မှူးကြီးက ၀န်ကြီးချုပ်အသစ် ဦးသိန်းစိန်ကို မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်ကလည်း ပိတ်ဆို့ အရေးယူမှုကို လက်တလုံးခြားလုပ်ပြီး လျော့ပါးအောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံက လှပတဲ့ သစ်ခွပန်းကို ဒမ်ဒရိုဗီယမ် သိန်းစိန်လို့ အမည်ပေး ကင်ပွန်းတပ်ရလောက်အောင် အာဆီယံအဖွဲ့ မျက်နှာစာမှာ အောင်မြင်ခဲ့တဲ့အပြင် စစ်အာဏာသိမ်း န၀တ၊ နအဖ အဖွဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ အမေရိကန်မြေကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ သူတဦးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ရောက် ကိုမိုးသီးဇွန်နဲ့ မြန်မာ့အရေး လှုပ်ရှားသူများရဲ့ ဖိနပ်နဲ့ပေါက်ခြင်းခံရတဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး တဦး၊ သမ္မတလောင်း တဦးဖြစ်တော့မလို့ သီသီလေးဖြစ်ခဲ့ဖူးတယ်။ အဲဒီ တုန်း က နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ ဦးဉာဏ်ဝင်း (အခု ပဲခူးတိုင်း ဝန်ကြီးချုပ် ဖြစ်မယ့်သူ) ရဲ့ ကားကတော့ ဖိနပ်နဲ့ အပေါက်ခံ လိုက်ရပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကတော့ ဘယ်အပေါက်က လစ်သွားမှန်း မသိလို့ ကံကောင်းသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် အဖြစ်တာဝန်ယူရပေမယ့်လည်း သဘောထားပျော့လွန်းတာကြောင့် လုပ်ပိုင်ခွင့်တွေကို အတွင်းရေးမှူး (၁) တာဝန် ယူ ထားတဲ့ သီဟ သူရ ဦးတင်အောင်မြင့်ဦးက ဘောင်ကျော်ပြီး ၀င်ရောက်စွက်ဖက်တဲ့အထိ ဖြစ်လာတာကြောင့် ၀န်ကြီးတွေအကြား ၀န်ကြီးချုပ်ကို တွင်း (၁) က အာဏာသိမ်းလိုက်ပြီလို့တောင် ပြောစမှတ်ဖြစ်ခဲ့တယ်။ အခုလည်း အစိုးရ အဖွဲ့သစ်မှာ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုသမ္မတဆိုတော့ ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပေါ့။ အခုဆိုရင် လွှတ်တော်ထဲမှာ သူနဲ့ ၀န်ကြီးတွေက တဘက်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက တဘက် စစ်စဖြစ်နေကြပြီလို့တောင် ပြောနေကြတယ်လို့ နီးစပ်သူတချို့က ဆိုကြတယ်။

ကိုယ်တိုင်တွေ့ဖူးကြုံဖူးတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကတော့ ဦးသိန်းစိန်က လူချစ်လူခင်များတာလည်း ဟုတ်ပါတယ်၊ စကားပြော လည်း ကောင်းပါတယ်၊ အုပ်ချုပ်ရေးလည်း ကျွမ်းကျင်ပါတယ်၊ ဒါပေမယ့် စီးပွားရေး အမြင်ကတော့ ရှိပုံမရဘူး၊ ဒီပုံနဲ့ တိုင်းပြည်စီးပွားရေး ဘယ်လို ထိန်းချုပ်မယ် မသိဘူးလို့ ရင်ဖွင့်ပါတယ်။

တိုင်းပြည်စီးပွားရေးသာ နားမလည်ရှိရမယ်၊ စီးပွားရေးသမားမွေးတဲ့ နေရာမှာတော့ လားစိုးမြင့်လို ရှမ်းတရုတ်နဲ့ သစ်မှောင်ခိုလုပ်ပြီး ကြီးပွားခဲ့တဲ့ စီဘီဘဏ် ဥက္ကဋ္ဌ ခင်မောင်အေးတို့ကိုတော့ မွေးထားနိုင်ပါတယ်။ ဒါပေမယ့် ခရီးသွားရင်တော့ တေဇနဲ့ မက်စ်မြန်မာ ဇော်ဇော်ကို အမြဲခေါ်လေ့ရှိတယ်လို့ သိရတယ်။

တိုင်းပြည်ဘဏ္ဍာ ဘုံးတယ်၊ လာဘ်စားတယ်ဆိုတဲ့ စကားကို ဆီသည်မ လက်သုတ်ဝတ်လို  ဖန်တရာတေအောင် ထပ်ခါတလဲလဲ အသုံးအနှုန်း ခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ ထိပ်တန်း ဗိုလ်ချုပ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လာဘ်စားမှု အနည်းဆုံးလို့ ဆိုကြတယ်။ မွေးထားတဲ့ သမီးတွေကလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ သားတွေလို ချမ်းသာသည်ထက် ချမ်းသာအောင် စီးပွားရေး သောင်းကျန်းသူတွေတော့ မဟုတ်ဘူးလို့ ပြောကြတယ်။

ဒါပေမယ့် သူလည်း တိုင်းမှူးဘ၀၊ ၀န်ကြီးချုပ်ဘ၀မှာတော့ လုပ်ပိုင်ခွင့် ခွင်ထဲကနေ ပူဇော်ကန်တော့ ခံတာတွေတော့ ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ တြိဂံတိုင်းအတွင်းက “၀” ခေါင်းဆောင်တချို့နဲ့ မိုင်းလားခေါင်းဆောင်တချို့အဆိုအရတော့ လာဘ်မစားတဲ့ တိုင်းမှူး၊ စစ်ဗိုလ်ချုပ်ဆိုတာ မရှိဘူးတဲ့၊ ရှိတယ်ဆိုရင် သူတို့ကို ပြောပါဆိုပြီး ရဲရဲကြီး အာမခံ ပြောနေတာတွေကိုလည်း ကြားနေရ တယ်။

သမ္မတလောင်းကြီးရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းရဲ့ လက်သုံးစကားကတော့ “အန်တီတို့က ပိုက်ဆံရှိတာ မဟုတ်ဘူး၊ အစိုးရပေးတဲ့ အိမ်မှာ နေတာ”လို့ အမြဲပြောလေ့ရှိတယ်။ ဘယ်လောက်မှန်သလဲတော့ မသိဘူး။ ဒါပေမယ့် ဒီစကားလုံးတွေက တခြား ဗိုလ်ချုပ် ကတော်တွေ အတွက်တော့ နားကလောစရာ ဖြစ်နေတာအမှန်ပဲ။ ဒါပေမယ့် သိတတ်လို့ လာပေးရင်၊ လာကန်တော့ရင်တော့ လက်ခံမှာပါ။

တကယ်တော့ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း တက်လာခဲ့တဲ့ စစ်ကောင်စီ ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေတိုင်း လာဘ်မစားဘူးဆိုတာ မရှိပါဘူး။ ဦးသိန်းစိန်အနေနဲ့လည်း လုပ်ပိုင်ခွင့်ပဲ မရှိသေးလို့လား၊ မရသေးလို့လား၊ ဒါမှမဟုတ် ရုံးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူဆိုတော့ ဇယားကြေလို့ပဲ မြန်မာနိုင်ငံ စာရင်းစစ်အဖွဲ့ချုပ်က စစ်ဆေး မရတာလား ဆိုတာကို တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။     ။

မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၅)

မြန်မာ့ လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးလို့ နိုင်ငံရေးက အနားယူရင် စိုက်ပျိုးရေးလုပ်ရင်း အေးအေးဆေးဆေး စာရေးမယ်လို့ အပါးတော်မြဲ ဗိုလ်ထွန်းလှကို ပြောခဲ့တယ် လို့ ကြားဖူးတယ်။ အခုလည်း မြန်မာ့ တပ်မတော်ရဲ့ အဆင်မြင့်ဆုံး ထိပ်ပိုင်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတယောက်လည်း ဗိုလ်ချုပ် အောင်ဆန်းကိုပဲ အားကျသလား၊ ဒါမှမဟုတ် ရာထူးက အနားယူတဲ့အခါ ကိုယ်မြို့ ကိုယ်ရွာမှာပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဘ၀ နေ၀င်ချိန်ကို ဖြတ်သန်းကြတဲ့ အမေရိကန် သမ္မတတွေကိုပဲ အားကျလေသလားမသိ၊ နေပြည်တော်ဆိုတဲ့ သူတို့ရဲ့ ၀ပ်ကျင်းမှာ ဘ၀ရှေ့ရေးကို အသေအချာရည်ရွယ်ပြီး အနားယူဖို့ စီစဉ်နေပါပြီ။

အနားယူမယ်၊ အနားယူမယ်ဆိုတဲ့ လေသံတွေကို ပစ်နေတာတော့ ကြာပြီ။ ဒါပေမယ့် အခုချိန်အထိ အနားမယူသေးတာက တိုင်းပြည်တာဝန်တွေ တကယ်ပဲ လုပ်စရာကျန်သေးလို့လား၊ ကိုယ့်အတွက်ပဲ ကိုယ်မပြည့်သေးလို့ အနားမယူတာလား ဆိုတာတော့ စဉ်းစားစရာ ကိစ္စတခုပါ။ အခုလည်း အနားယူမယ်သာဆိုတယ် ဘယ်နေရာကနေပြီး အသုံးတော်ခံဦးမှာလဲ၊ ရုပ်ရှင်တွေထဲမှာလို လူကြီးခန်းက ပါဦးမှာလားဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး


gen-maung-aye-march-10-11-2
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး
လက်ရှိ စစ်ကောင်စီရဲ့ ထိပ်တန်းအဆင့်အမြင့်ဆုံး ခေါင်းဆောင်ထဲမှာ ပါဝင်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ၁၉၅၅ ခုနှစ်က  ပထမဆုံးဖွင့်လှစ်တဲ့ ကာကွယ်ရေးစစ်တက္ကသိုလ် (Defence Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး တပ်မှာ နောက်ဆုံးလက်ကျန် DSA အပတ်စဉ် (၁) ကျောင်းဆင်းလို့ ဆိုနိုင်ပါတယ်။

လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖြုတ်ခံလိုက်ရတဲ့ ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ မြောက်ကိုရီးယား ဗုံးဖောက်ခွဲမှုကြောင့် ပြုတ်သွားခဲ့တဲ့ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော်တို့နဲ့ တပတ်စဉ်ထဲပါ။ စစ်တက္ကသိုလ် ကျောင်းသားဘ၀မှာရော တပ်ထဲမှာပါ ထူးချွန်သူ  တယောက်တော့ မဟုတ်ဘူးလို့ ရင်းနှီးသူတွေက ဆိုကြတယ်။

တပ်ထဲမှာ အရာရှိငယ်ဘ၀နဲ့ တာဝန်ထမ်းဆောင်ခဲ့အပြီး ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ ဗိုလ်မှူးဘ၀နဲ့ စစ်တက္ကသိုလ်မှာ ပြန်ပြီး နည်းပြဖြစ်လာတယ်။ ဒါပေမယ့် အစ်ကိုဖြစ်သူ အမြောက်တပ်ရင်းမှူးဟောင်း ဒု ဗိုလ်မှူးကြီး ကျော်ဇော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ ရာထူးကြီးကြီး ရခဲ့ပြီးတဲ့နောက် ဗိုလ်မှူး မောင်အေးလည်း အရှင်မွေး နေ့ချင်းကြီး ဖြစ်လာခဲ့တယ်။ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အပိုင်းမှာ ညွန်ကြားရေးမှူးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ရပြီး နောက်မှာတော့ ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မမှူး တာဝန်ယူရတယ်။

တပ်မမှူးဘ၀မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေထဲမှာရှိတဲ့ ဗကပ၊ ရှမ်းနဲ့ ပအိုးဝ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းရေးတာဝန် ယူခဲ့တဲ့အတွက် ၁၉၈၅ ခုနှစ်မှာ ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့တယ်။

တိုင်းမှူးဖြစ်ပြီး မကြာပါဘူး၊ ၁၉၈၈ ခုနှစ် မဆလ တပါတီ အာဏာရှင်အုပ်ချုပ်ရေး ပြိုပျက်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာတော့ ၁၉ ဦးပါ စစ်ကောင်စီမှာ နေရာရလာခဲ့တယ်။ စစ်သွေးစစ်မာန်အပြည့်နဲ့ အဖျက်သမားဆို ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့၊ ငါတို့ကသာ တိုင်းပြည်ချစ်တာ၊ ကယ်တင်ခဲ့တာဆိုပြီး လက်နက်အားကိုး ခပ်ကြမ်းကြမ်း လုပ်တတ်တဲ့ စစ်ဝါဒီတွေ ထုံးစံအတိုင်း   ဗိုလ်မှူးချုပ် မောင်အေး တယောက် အရှေ့ပိုင်း ရှမ်းပြည်နယ်တခွင်မှာ စစ်ဘုရင်ဖြစ်လာတော့တာပေါ့။ အရင်ကတော့ အထက်ဆရာ့ဆရာ ဗိုလ်ချုပ်ဟောင်းကြီးတွေကြောင့် ငြိမ်နေခဲ့ရတဲ့ ဗိုလ်မှူးချုပ် မောင်အေး တယောက် မရဲတရဲနဲ့ ကျွဲပြဲ စီးနေ ရတဲ့ဘ၀ကနေ င့ါခြေငါ့လက် လုပ်ရဲကိုင်ရဲ ဖြစ်လာခဲ့တယ်။

၁၉၉၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်အဆင့်ကို တိုးမြှင့်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင် လက်ထဲကနေ ဗိုလ်သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲယူလိုက်ချိန်မှာတော့ စစ်ဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် စိန်အောင်၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စစ်သားကြမ်းကြီးတွေကို ဖြတ်တက်ပြီး  ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိခဲ့တယ်။

စစ်တက္ကသိုလ် ပထမဆုံးအသုတ် ကျောင်းဆင်းဆိုပြီး သွေးနားထင်ရောက်နေတဲ့ ဗိုလ်ချုပ် မောင်အေးတယောက် ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရခဲ့ပြီး အာဏာအသေအချာ ဆုပ်ကိုင်နိုင်ချိန်မှာတော့ “ငါတို့သာ စစ်တက္ကသိုလ်ကျောင်းဆင်း” ဆိုတဲ့ ဘိန်းစားချင်း အတူတူ တမူးပိုရှုချင်တဲ့ စိတ်ဓာတ်တွေကို တပ်ထဲကို ရိုက်သွင်းလာပါတော့တယ်။

“DSA မဟုတ်တဲ့ကောင်တွေ ရာထူးတိုးမပေးနဲ့၊ သင်တန်းမတက်စေနဲ့၊ အမှုဖြစ်လာရင် ငယ်တဲ့အမှုကို ကြီးစေ၊ ကြီးတဲ့အမှုကို ပိုကြီးအောင် ငါ့ဆီကိုတင်ပြ” ဆိုတဲ့ သူ့ရဲ့ သွေးခွဲစကားကြောင့် တပ်ထဲက အရာရှိတွေအကြား သွေးကွဲပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း လည်ပင်းလှီးကြ၊ DSA ကျောင်းဆင်းတွေက အလုပ်သင်တွေကို ပြဿနာရှာ၊ သတိပေးဆုံးမလောက်နဲ့ ပြီးရမယ့်ကိစ္စလည်း အထက်လူကြီးဆီ တင်ပြ၊ လည်ပင်း ကြိုးကွင်းစွပ်ဖို့ ကြိုးစား စတဲ့ ဇာတ်တူသားစား ဟင်္သာကိုးသောင်းပျက်မယ့် ဇာတ်တွေ တပ်ထဲမှာ ဒုနဲဒေးပေါ်ပေါက်လာပါတယ်။
တကယ်တော့ တပ်ဆိုတာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး၊ အခြားအခြားသော အရာရှိတွေနဲ့ပါ ဖွဲ့စည်းထားတာပါ၊ ဘယ်စစ်သင်တန်းကျောင်း၊ ဘယ်စစ်တက္ကသိုလ်ကပဲဆင်းဆင်း အရာရှိခြင်း အတူတူ၊ ထမ်းဆောင်ရတဲ့ ၀တ္တရားချင်းလည်း အတူတူ၊ နှာခေါင်းနှစ်ပေါက်နဲ့ အသက်ရှုတာခြင်း အတူတူ၊ တိုက်ပွဲမှာ အသက်ပေးရတာခြင်းလဲ အတူတူပါပဲ။

ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ DSA ပေါ်လစီ ကောင်းမှုကြောင့် ရာထူးမတက်တော့တဲ့ အလုပ်သင်ကျောင်းဆင်း၊ OTS ကျောင်း ဆင်းတွေခမျာ ရာထူးလည်းမတက်၊ ထွက်ခွင့်လည်းမပေး၊ စိတ်ဓာတ်ညဉ်းဆဲ ခံရတာတွေကြောင့်  စိတ်ညစ်ပြီး ပြင်ပလောကမှာ ဆိုက်ကားပဲ နင်းရနင်းရဆိုပြီး အရူးလက်မှတ်ရော ဘာသော နားမလည်ဘူး၊ ဆေးလက်မှတ်မျိုးစုံနဲ့ တပ်ကထွက်ပြီး စီးပွားရေး လုပ်နေသူ၊ တက္ကစီ ဆွဲနေသူ စတဲ့ အရာရှိကြီးငယ်တွေ မနည်းပါဘူး။

အခုလည်း တပ်ထဲက နောက်ဆုံးလက်ကျန် အလုပ်သင်ဗိုလ်သင်တန်းဆင်း ဗိုလ်မှူးကြီးတွေ၊ ဗျူဟာမှူးကြီးတွေကို အဝေးသင် စာပေးစာယူနဲ့ ဘွဲ့ရတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာသေးမီရက်ပိုင်းက ဖွင့်ခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) ကို တက်ရောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ တကယ်တော့ အဝေးသင်တက္ကသိုလ် ဆိုတာလည်း နိုင်ငံတော်က တရားဝင် ဖွင့်ထားခဲ့တာပါ။

အရက်ကို နေ့ညမပြတ် အမြဲတမ်းသောက်တတ်တဲ့ ဒုချုပ် မောင်အေးဟာ ဘလူးလေဘယ်လ် တပုလင်းလောက်ဝင်မှ နေသာထိုင်သာရှိသတဲ့။ မူးလာရင်လည်း  အောက်လက်ငယ်သားတွေကို မေးခွန်းတွေ ထပ်ခါတလဲလဲမေးပြီး အရမ်းရစ်တတ်လို့ ဒုချုပ်နဲ့တော့ မတွေ့ချင်ဘူး၊ ကျားမြီးသာ ဆွဲလိုက်ချင်တယ် ဆိုတဲ့သူတွေလည်း တပ်ထဲနဲ့ လက်ရှိ စစ်အစိုးရထဲမှာ ဒုနဲဒေးပါ။

အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့မှာတောင် ဆိုင်ကယ်တွေ စီးလို့ရပေမယ့် ရန်ကုန်မြို့ကြီးမှာတော့ စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်းရဲ့ မြေးတွေက မော်တော်ဆိုင်ကယ်တွေ အုပ်စုလိုက်နဲ့ လူကြီးခရီးစဉ် ကားတန်းတွေကို နှောက်ယှက်တဲ့အတွက် ဒုချုပ် မောင်အေးက ရန်ကုန်မှာ ဆိုင်ကယ်မစီးရဆိုတဲ့ အမိန်ထုတ်ခဲ့တယ်။ တကယ်တော့ စစ်အာဏာရှင်ဟောင်းနဲ့ အသစ်ကြားက အားပြိုင်မှုမှာ ပြည်သူတွေပဲ ဒုက္ခရောက်ကြတယ်၊ သွားရေးလာရေး ခက်ခဲကြရတယ်လို့ ဆိုရမှာပေါ့။

ဒုချုပ် မောင်အေးဟာ စစ်ဝါဒီပီပီ ဘယ်လောက်တောင် ရိုင်းစိုင်းသလဲဆိုတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောသမူဟဲ လက်နက်ချ အခမ်းအနားမှာ မူးမူးနဲ့ ကရင်အလံတော်ကို စစ်ဘိနပ်နဲ့ တက်နင်းခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနားက ကချင်ရိုးရာ မနောတိုင်ကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရတယ်။

လက်ရုံးအားကိုးနဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ရက်စက် အနိုင်ကျင့်တတ်တဲ့ ဒုချုပ် မောင်အေးတယောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ရင်တော့ ရေမြွေလိုပဲ နာမည်နဲ့လိုက်အောင် အေးဆေး ငြိမ်နေတတ်တယ်လို့ အတွင်းသိတွေက ဆိုကြတယ်၊၊

ဒီအချက်ကိုသိနေတဲ့ ဗိုလ်ချုပ်မှူးကြီးကလည်း သူနာမည်ပျက်ရမယ့်ကိစ္စ၊ လူမုန်းများမယ့် ကိစ္စတွေဆို ကိုယ်တိုင်မလုပ်ဘဲ ဒုချုပ် မောင်အေးကိုပဲ ခိုင်းတယ်။ ဗိုလ်ချုပ်ခင်ညွှန်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို တီးတုန်းကလည်း ဒုချုပ် မောင်အေးပဲ လက်ရဲဇက်ရဲနဲ့  ထောက်လှမ်းရေးတဖွဲ့လုံးကို ဖမ်း၊ ထောင်ထဲထည့်၊ အရေခွံ ဆုတ်ခဲ့လို့ ထောက်လှမ်းရေးတွေလည်း ကော့နေအောင် ခံလိုက်ရသေးတယ်။

အမိုက်ခံရမယ့် ကိစ္စတွေမှာသာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို ခိုင်းတာပါ၊ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဒုချုပ် မောင်အေးကို လူစာရင်းတောင် မသွင်းပါဘူး။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုပ်ခဲ့တဲ့ စစ်တပ်ရာထူး အပြောင်းအရွှေ့မှာ တပ်ချုပ်ကြီး သန်းရွှေက ဒုချုပ်မောင်အေးကို ဒု ကာကွယ်ရေး ဦးစီးချုပ်တယောက် အနေနဲ့ ခေါ်ယူ အသိပေးခဲ့ပေမယ့် ပြောတဲ့လူစာရင်းကတမျိုး၊ ထုတ်ပြန်လိုက်တဲ့ စာရင်းက တမျိုးဖြစ်နေလို့ ဒုချုပ် မောင်အေး တယောက် မျောက်မီးခဲ ကိုင်မိသလို ရှုးရှုးရှားရှားနဲ့ အရက် ကိုးမောင်းသောက်ပြီး  ဒေါသအလိပ်လိုက် ထွက်သွားတယ်လို့ အတွင်းသိတွေကဆိုတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို အဆိပ်မရှိတဲ့ ရေမြွေလို့ သဘောထားတယ်ဆိုတာကို ပြလိုက်တာပဲ။

ရာထူးအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ မိုက်ရူးရဲ ဒုချုပ် မောင်အေး တယောက် ဉာဏ်သမား ဗိုလ်ချုပ်မှူးကြီးရဲ့ နှပ်ပစ်တာ ခံလိုက်ရပြီးတဲ့နောက်ပိုင်း သင်ခန်းစာတော့ ကောင်းကောင်း ရလိုက်ပုံရတယ်။ မကြာခင်က လုပ်ခဲ့တဲ့ အစိုးရသစ်အတွက် သမ္မတ ခန့်ထားရေးမှာတော့ ဗိုလ်ချုပ်မှူးကြီး တင်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးကို တပ်မှူး၊ တိုင်းမှူး အများစု အားကိုးနဲ့ ရဲရဲဝံ့ဝံ့ ပယ်ချခဲ့ပြီး အဆိပ်မရှိတဲ့ ရေမြွေမဟုတ်ကြောင်း အတိအလင်း ပြခဲ့တယ်လို့ နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းက သိရတယ်။

ရာဇ၀င်မှာ သဘောထားချင်း မတိုက်ဆိုင်တဲ့သူ၊ ထိပ်တိုက်ရင်ဆိုင်မယ့် သူဆိုရင် ဆရာအရင်း ဗိုလ်နေ၀င်းတို့၊ ပုခုံးထမ်းတင်ပေးခဲ့တဲ့ ဗိုလ်ခင်ညွှန့်ကိုတောင် ချမ်းသာမပေးတဲ့ ဗိုလ်ချုပ်မှူးကြီးတယောက် တပ်တော်ပါ ဗိုလ်ထု အင်အားကြောင့်သာ မချိသွားဖြဲလုပ်၊ နောက်တလှမ်းဆုတ်ပြီး ဗိုလ်မောင်အေးကို အလျှော့ပေးလိုက်ရပေမယ့် ကျေတော့ ဘယ်ကျေနပ်ပါမလဲ။ ဒါပေမယ့်လည်း ဒင်းက ဉာဏ်သမားဆိုတော့ ဘာမှ မဖြစ်သလို ဟီးဟီးဟဲဟဲပဲ နေပစ်လိုက်တာပေါ့။ ဒုချုပ် မောင်အေးလည်း သူတောင် ဘာမှမဖြစ်သေးရင် ငါလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ဂိုက်ဖမ်းပြီး ဇနီးမယား၊ သမီးနဲ့ သားမက်၊ တပည့်ကျော် အောင်ကိုဝင်းတို့ စုံတွဲကိုပါခေါ်ပြီး ခရီးတော် ထွက်ပြလိုက်ရသေးတယ်။

စစ်တပ်ဆိုတာက ထောင်လိုပဲလေ၊ တယောက်အရည်အသွေး တယောက် အကဲခတ် ဆုံးဖြတ်ရင် ဘယ်လောက်မိုက်ခဲ့သလဲ၊ လူဘယ်လောက် သတ်ခဲ့သလဲဆိုတဲ့ မိုက်ဂုဏ်နဲ့သာ တိုင်းတာကြတာမဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးက ဆင်ကြံသာ ကြံတတ်တာ တိုက်ပွဲမှာ သတ္တိပြဖူးတယ်ဆိုတဲ့ သမိုင်းမရှိတော့ တချို့တိုင်းမှူး၊ တပ်မမှူးတွေက အထင်မကြီးဘူးပေါ့။ ဒုချုပ် မောင်အေးကတော့ အရက်သာ သောက်တတ်တာ၊ ဒါပေမယ့်  မိုက်ဂုဏ်ရှိတယ်ဆိုပြီး ဒုချုပ် မောင်အေးဘက်က မားမားရပ်ကြတယ်လို့လည်း တချို့က ဆိုကြတယ်။

သူတို့ နှစ်ဦး ဘယ်တော့ စီးချင်းထိုးမလဲ၊ ဒါမှမဟုတ် ဘယ်သူက ဘယ်သူကို ကန်ချမလဲ၊ အာဏာရှင်ကြီး ဦးနေ၀င်းတုန်းကလိုပဲ ထွက်ရင် နှစ်ယောက်အတူတူ ထွက်ကြမယ်ဆိုတာမျိုးများ လုပ်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမယ့် ပုံပဲ။

စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ဒုချုပ် မောင်အေး မိသားစုက ဗိုလ်ချုပ်မှူးကြီး မိသားစုထက် လည်ပုံရတယ်။ သမီး နန္ဒာအေးကလည်း နာမည်မထွက်အောင် နေတတ်သလို တပည့်ကျော် အောင်ကိုဝင်းကလည်း လိမ္မာတော့ ဆရာ အာပတ်လွတ်တာပေါ့။ သားသမီးတွေကို စီးပွားရေးလုပ်ခိုင်းတဲ့ နိုင်ငံတော်ခိုးသား သူရ ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ထက် ဒုချုပ် မောင်အေးက ပိုလည်တယ်လို့ ဆိုရမှာပေါ့။

တိုင်းမှူးဘ၀မှာ ဘယ်သူမှ မတို့မထိရသေးတဲ့ မိုင်းရှူးဆိုတဲ့ ပတ္တမြား၊ နီလာ ထွက်ရာ ရတနာမြေကို မထင်မှတ်ဘဲ ဖင်ခုထိုင်လိုက်ရတော့ “တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်” ဆိုသလိုပဲပေါ့။ ကျောက်တွင်း တာဝန်ခံကိုလည်း လူရင်းလည်းဖြစ် စိတ်လည်းချရတဲ့ တောင်ကြီး ရှမ်းရိုးမကုန်တိုက် အ၀ယ်တော်၊ ကျောင်းဆရာလူထွက် အောင်ကိုဝင်းကို ခန့်လိုက်တယ်။ အဲဒီမှာ ဇတ်လမ်းက စပါတော့တယ်။ အောင်ကိုဝင်း (ခ) ဆရာကျောင်း လည်း ချမ်းသာလာသလို ဒုချုပ် မောင်အေးလည်း ကျွဲကူးရေပါ ချမ်းသာလာတယ်လို့ နီးစပ်သူတွေက ဆိုတယ်။

၁၉၉၂ ခုနှစ်မှာ ဗိုလ်သန်းရွှေက ဗိုလ်ချုပ်ကြီး စောမောင်ကို ဖြုတ်ချပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာချိန်မှာတော့ ဒုချုပ် မောင်အေးက ဒု ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပါတော့တယ်။ အဲဒီနောက်ပိုင်းတော့ ထွင်ထားတဲ့ ဒု ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရရှိခဲ့ပြီး အာဏာ ပိုရလာခဲ့တယ်။ Trade Council လို့ခေါ်တဲ့ ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုက်ရတော့ စီးပွားရေးသမားတွေ အပေါ်မှာလည်း ပိုအာဏာရှိလာတယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာတော့ တခြားဗိုလ်ချုပ်တွေလိုပဲ မွေးထားတဲ့ တပည့်တွေအပေါ်မှာ ပြန်ကြည့်လာတယ်။ နာမည်ကသာ မောင်အေး ဆိုပေမယ့် လူကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ လျင်ပြီးသားပါ။ စုဆောင်းပြီးသား ပိုင်ဆိုင်မှုတွေကို တိုးပွားလာအောင် တပည့်ကျော် အောင်ကိုဝင်းကို ကမ္ဘောဇဘဏ်ကို ဖွင့်စေပြီး  ငွေမည်းကို ငွေဖြူလုပ်စေခဲ့တယ်။

ခွင်ချပြီး စီးပွားရေးလုပ်တဲ့ နေရာမှာတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာလုပ်တတ်သလို တခြား ဗိုလ်ချုပ်တွေလို နာမည်ပျက် မရှိအောင်လည်း လုပ်နိုင်ခဲ့တယ်။ MAI လို့ လူသိများတဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းကို တဘက်လှည့်နဲ့ အောင်ကိုဝင်းကို ၀ယ်စေခဲ့တယ်။

ဒုချုပ် မောင်အေးနဲ့ တပည့်ကျော် အောင်ကိုဝင်းတို့ ဆရာတပည့်နှစ်ယောက် ဆက်ဆံရေးက ဘယ်လောက်အထိ ရင်းနှီးမှု ဖြစ်လာသလဲဆိုတော့ ဗိုလ်မောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးနဲ့  အောင်ကိုဝင်းရဲ့တူ၊ သားကြီး ခေါ် ဇော်ဝင်းနိုင်နဲ့ ပေးစားဖို့အထိ ကတိ က၀တ်ထားခဲ့ကြတယ်။ ဒါပေမယ့် ဇော်ဝင်းနိုင်က ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်ရဲ့သမီးကို သုတ်ပြေးပြီး အောင်ကိုဝင်း မျက်နှာကို အိုးမည်းသုတ်လိုက်တဲ့ အခါမှာတော့ ဒုချုပ် မောင်အေးနဲ့ အောင်ကိုဝင်းတို့ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်သွားကြပေမယ့် နန္ဒာအေး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး ပြည်အောင်နဲ့ ယူပြီး နောက်ပိုင်းမှာ အရင်လို အ၀င်အထွက်လုပ် ပြန်ဆက်ဆံခဲ့တာလို့ အတွင်းသိတွေက ဆိုတယ်။

ဒါ့အပြင် သမီးဖြစ်တဲ့ နန္ဒာအေးကလည်း အဖေဖြစ်တဲ့ ဒုချုပ် မောင်အေး အရှိန်နဲ့ ယူနိုက်တက် အမရာဆိုတဲ့ နာမည်နဲ့ ဘဏ်ထောင်ခွင့်တို့၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ သယ်ခွင့်တို့၊ ဟိုတယ်လုပ်ငန်းတွေကို ယောက်ျားရဲ့ အစ်ကိုဖြစ်တဲ့ IGE ကုမ္ပဏီပိုင်ရှင် ကိုနေအောင် လုပ်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။

ဒီလိုမျိုး မတောင့်မတ မကြောင့်မကြ ဖြစ်လာချိန်မှတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တယောက် နေပြည်တော် ရွှေတိဂုံ ပုံတူစေတီကြီးကို လှမ်းမြင်ရတဲ့ နေရာမှာ ဧက ၁၀၀၀ လောက် ကျယ်တဲ့ ခြံကြီးတည်ပြီး အ၀ါရည်လေးနဲ့ နှပ်ဖို့ကြံနေပါပြီ။ ခြံထဲမှာတော့ နိုင်ငံခြားက အိမ်ပုံစံထုတ်သူတွေဆီမှာ ကိုနေအောင်ကို အပ်ခိုင်းပြီးတော့ အိပ်ခန်းအပါအ၀င် အခန်း ၁၀ ခန်းလောက်ပါတဲ့ အိမ်ကြီးကို ကိုတေဇရဲ့ ထူးကုမ္ပဏီကို တာဝန်ယူ တည်ဆောက်စေခဲ့ပါတယ်။ လိုတရလို့ ဆိုနိုင်လောက်တဲ့ ငါးမွေးကန်တွေ၊ နွားခြံတွေ၊ စပါးခင်းတွေ၊ သီးနှံမျိုးစုံ စိုက်ခင်းတွေပါတဲ့ ခြံကြီးထဲမှာ ဒီဘ၀ ဘယ်တော့မှ နံပါတ် ၁ မဖြစ်ရတော့မယ့် အတူတူ ပေးတာယူ ကျွေးတာစားပြီး နာမည်နဲ့လိုက်အောင် အေးအေးလူလူနဲ့ အရိုးထုတ်တော့မှာတော့ သေချာသလောက် ဖြစ်နေပါပြီ။     ။






Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video